Monday, December 23, 2013

မြန်မာ့တပ်မတော်(ရေ) သမိုင်း ........ အပိုင်း(၃)



တပ်မတော်(ရေ)၏ ကနဦးဖွဲ့စည်း စုဖွဲ့မှု

ဗမာ့ရေတပ်မတော်၏ ကနဦးပင်မရေတပ်စခန်းမှာ သံလျှက်စွန်းရှိ ရတနာပုံ ရေတပ်စခန်းဖြစ်သည်။ ရတနာပုံ ရေတပ်စခန်းကို ၁၉၄၈ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် စစ်တွေ ရေတပ်စခန်း၊ ပုသိမ် ရေတပ်စခန်း ၊မော်လမြိုင် ရေတပ်စခန်း၊ မန္တလေး ရေတပ်စခန်းတို့ကို ဆက်လက်ဖွင့်လှစ်ခဲ့သည်။ မန္တလေးရေတပ်စခန်းကို ၁၉၅၆ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။၁၉၅၆ ခုနှစ်သို့ ရောက်ရှိသောအခါ ဗမာ့ရေတပ်မတော်တွင် အင်အားအတော်အတန် ပြည့်စုံလာပြီး အရာရှိများနှင့် အခြားအဆင့်များမှာလည်း ပင်လယ်ပြင်အတွေ့အကြုံနှင့် ရေကြောင်းစစ်ဆင်ရေးပညာများ၌ အထိုက်အလျောက် အရည်အချင်းတိုးတက်လာပြီဖြစ်ရာ ရေတပ်ဖွဲ့စည်းပုံကို ပြောင်းလဲပြီး ဧရာဝတီ ရေတပ်တိုင်းဌာနချုပ်၊ ရခိုင် ရေတပ်တိုင်းဌာနချုပ် နှင့် တနင်္သာရီ ရေတပ်တိုင်းဌာနချုပ်တို့ကို ဖွဲ့စည်းခဲ့သည်။

၁၉၅၅ ခုနှစ်တွင် တပ်မတော်(ရေ) ဖွဲ့စည်းပုံအင်အားကို အရာရှိ (၂၃၀)ဦး၊ စစ်သည် (၅၈၄)ဦး ခွင့်ပြုခဲ့သည်။ အထောက်အကူပြုတပ်များအဖြစ် ရေတပ် လေ့ကျင့်ရေးကျောင်း၊ ရေတပ် တိုင်းတာရေးတပ်၊ ရေငုပ်နှင့်ဆယ်ယူရေးတပ်ဖွဲ့၊ အမှတ်(၁) တပ်ထိန်းတပ်ခွဲ(ရေ)၊ ရေတပ်ဆေးရုံ၊ ဆင်မလိုက် သင်္ဘောကျင်းတပ်ဖွဲ့တို့ကို ဆက်လက်ဖွဲ့စည်း တာဝန်ပေးဆောင်ရွက်ခဲ့သည်။ ပင်လယ်ပြင်ကို စိုးမိုးထားနိုင်ရေးအတွက် ရေတပ်စခန်းများကို ကိုကိုးကျွန်း၊ ဇာဒက်ကြီးကျွန်း၊ မလိကျွန်းတို့၌ ဖွင့်လှစ်ခဲ့ပါသည်။

ရေတပ်တပ်ရင်းများ

တပ်မတော်(ရေ)ရှိ အရာရှိနှင့်စစ်သည်များအား ခြေလျင်တပ်ဆိုင်ရာဘာသာများကို လေ့ကျင့်သင်ကြားစေပြီး ရေတပ်တပ်ရင်းများတွင် အလှည့်ကျစေလွှတ် တာဝန်ထမ်းဆောင်စေခြင်းဖြင့် နိုင်ငံတွင်အရေးကြုံက မိမိတို့၏ရေတပ်ဆိုင်ရာ မူလတာဝန်များကိုသာမက နိုင်ငံတော်မှပေးအပ်သော အခြားတာဝန်များကိုပါ ထမ်းဆောင်နိုင်ကြစေရန် အမှတ်(၁)ရေတပ်တပ်ရင်းအား ဖွဲ့စည်းခဲ့သည်။ မြိတ်မြို့တွင် တပ်ရင်းဌာနချုပ်ဖွဲ့စည်းပြီး မြိတ်ခရိုင်အတွင်း နယ်မြေလုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ခဲ့သည်။ အမှတ်(၂)ရေတပ်တပ်ရင်းအား ရန်ကုန်မြို့၊ သံလျက်စွန်း၌ စတင်ဖွဲ့စည်းခဲ့ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအတွင်း ခုတ်မောင်းသွားလာလျက်ရှိသော ပြည်သူပိုင် ပို့ဆောင်ရေးရေယာဉ်များ၏ လုံခြုံရေးကို တာဝန်ယူခဲ့သည်။ ရေတပ်တပ်ရင်းများအား ၁၉၆၈ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။

မြစ်တွင်း စစ်ဆင်ရေးများနှင့်စစ်ရေယာဉ်များ

တပ်မတော်(ရေ)သည် မြစ်ဝကျွန်းပေါ်စစ်ဆင်ရေးများကို ဆင်နွှဲခဲ့ရာ ရွှေလင်းယုန်နှင့် မိုးဟိန်းစစ်ဆင်ရေး၊ ထော်ပိုင်စစ်ဆင်ရေးများသည် အထူးပင်ထင်ရှားခဲ့သည်။ရွှေလင်းယုန် အဆင့်(၄)နှင့် မိုးဟိန်းအဆင့်(၂) စစ်ဆင်ရေးသည် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှကွပ်ကဲပြီး ခြေလျင်တပ်ရင်း (၉)ရင်း၊ တပ်မတော်(ရေ)စစ်ရေယာဉ်များနှင့် ဧရာဝတီတိုင်း ပြည်သူ့ရဲတပ်ဖွဲ့ဝင်များဖြင့် ၁၉၆၉ ခုနှစ် ဇွန်လ(၇)ရက်နေ့မှ သြဂုတ်လ(၁၄)ရက်နေ့အထိ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် သိလ္လာတစ်ဝိုက်တွင် ပြုလုပ်ခဲ့သည်။ တပ်မတော်(ရေ)မှ ကွပ်ကဲ၍ စစ်ရေယာဉ်-န၀ရက်၊ စစ်ရေယာဉ်-အင်းမ၊ မြစ်တွင်းတိုက်ရေယာဉ်(၃၀၂)၊ မြစ်တွင်း တိုက်ရေယာဉ်(၃၀၆)၊ မြစ်ရေယာဉ်-စိန္တာ၊ စဗန်း၊ ဆင်မင်းတို့ ပါဝင်ပြီး အချက်အခြာကျသောနေရာများတွင် ပိတ်ဆို့၍ ထိရောက်သောပစ်ကူများ ပေးခဲ့သည်။ ထိုစစ်ဆင်ရေးများတွင် သောင်းကျန်းသူအများအပြားကို ချေမှုန်းနိုင်ခဲ့သည်။

တပ်မတော်(ရေ)သည် ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးကာလတွင် လိုအပ်ချက်များအရ သောင်းကျန်းမှုနှိမ်နင်းရေးအတွက် ဦးစားပေးကာ ရေယာဉ်များ အလျင်အမြန်တိုးချဲ့ ဖြည့်တင်းခဲ့ပါသည်။ ထို့ကြောင့် ပင်လယ်နှင့်ကမ်းရိုးတန်းသွား စစ်ရေယာဉ်အင်အားထက် မြစ်တွင်းတိုက်ရေယာဉ် အင်အားအရေအတွက်က ပိုမိုများပြားခဲ့ပါသည်။

စစ်ရေယာဉ်များနှင့် ပြည်တွင်းတည်ဆောက်နိုင်မှု

၁၉၅၀ ပြည့်လွန်နှစ်များအတွင်း ပြည်တွင်းသောင်းကျန်မှု နှိမ်နင်းရေးလိုအပ်ချက်အရ Landing Craft Gun (၄)စီး၊ တော်ပီဒိုရေယာဉ် (၅)စီး၊ တိုင်းတာရေးရေယာဉ်(၈၀၇)၊ စစ်ရေယာဉ်-ရန်မျိုးအောင်၊ မြစ်တွင်းတိုက်ရေယာဉ် (၁၀)စီး၊ ကမ်းခြေစောင့်တိုက်ရေယာဉ် (၆)စီးတို့အား ၀ယ်ယူအားဖြည့်ခဲ့ပါသည်။ ထိုစဉ်က တော်ပီဒိုရေယာဉ်များသည် အရှေ့တောင်အာရှရေတပ်များ၌ ပထမဦးဆုံး စတင်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါသည်။

၁၉၆၀ ပြည့်နှစ်တွင် Motor Gun Boat (၁၀)စီးအတွက် စက်မကြီးများအား အမေရိကနိုင်ငံမှဝယ်ယူ၍ မြန်မာပြည်တွင် သစ်သားကိုယ်ထည်ဖြင့် တည်ဆောက်ခဲ့ပါသည်။ ပြည်တွင်း၌ မြစ်တွင်းတိုက်ရေယာဉ် န၀ရတ်နှင့်နဂါးကြေး တို့ကိုလည်း တည်ဆောက်ခဲ့ပါသည်။ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း စစ်ရေယာဉ်-ပြည်တော်အေး၊ စစ်ရေယာဉ်-ရန်တိုင်းအောင်၊ တိုင်းတာရေးရေယာဉ်-သုတေသီ၊စစ်ရေယာဉ်-ရန်ကြီးအောင်၊တော်ပီတိုမိခင်ရေယာဉ် စစ်ရေယာဉ်-ရန်လုံးအောင်၊ ပင်လယ်သွားကမ်းထိုးရေယာဉ် (၆၀၃)တို့အား တပ်မတော်(ရေ)အတွက် ၀ယ်ယူအင်အားဖြည့်တင်းခဲ့ပါသည်။

ထိုသို့ပြည်ပမှ စစ်ရေယာဉ်များဝယ်ယူ၍ အင်အားတိုးချဲ့သကဲ့သို့ ၁၉၅၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ရေတပ်သဘောင်္ကျင်းမှလည်း ပြည်တွင်းရေယာဉ်ငယ်များ တည်ဆောက်၍ အင်အားဖြည့် တည်ဆောက်နိုင်ခဲ့ပါသည်။ ထို့ပြင် ဆက်လက်သုံးစွဲရန် မသင့်တော်သောစစ်ရေယာဉ်များကိုလည်း တပ်တော်ဝင်စာရင်းမှ ပယ်ဖျက်ခြင်းများကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

အတွင်းပိုင်းရေပြင်များတွင် တိုက်ကင်းလှည့်တာဝန်ထမ်းဆောင်နိုင်ရန် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း တိုက်ရေယာဉ် (၆)စီး၊ ကမ်းခြေစောင့်တိုက်ရေယာဉ် (၃)စီး၊ စစ်ရေယာဉ်-အင်းတော်၊ အင်းယား၊ အင်းမ၊စစ်ရေယာဉ်-ပြည်တော်အေး တို့အား ၀ယ်ယူခဲ့ပါသည်။ ၁၉၈၂ နှစ်တွင် စစ်ရေယာဉ်-ရန်မျိုးအောင်အား တပ်တော်ဝင်စာရင်းမှ ပယ်ဖျက်ခဲ့သည်။တစ်ဘက်တွင်လည်း ကမ်းခြေစောင့်တိုက်ရေယာဉ် (၄)စီး ၊ တိုက်ရေယာဉ် (၄)စီးနှင့် ပင်လယ်သွားကမ်းထိုးရေယာဉ်(၆၀၅)တို့အား ပြည်တွင်း၌ တည်ဆောက်နိုင်ခဲ့ပါသည်။

ရေကြောင်းဆိုင်ရာအကျိုးစီးပွားများကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ၁၉၉၀ ခုနှစ်ကျော်ဝန်းကျင်နှင့် နောက်ပိုင်းတွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ် (၁၀)စီးနှင့် ၁၉၉၅ ခုနှစ်ဝန်းကျင်နောက်ပိုင်းတွင် ဒုံးပျံတင်စစ်ရေယာဉ် (၆)စီးအား ပြည်ပမှ ဝယ်ယူဖြည့်တင်းခဲ့ပါသည်။ထို့အတူ အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်ကို ပြည်တွင်း၌ သုတေသနပြု စမ်းသပ်ထုတ်လုပ်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီး အရေအတွက်များစွာ ဆက်လက်ထုတ်လုပ်နိုင်ခဲ့သည်။

ပြည်းတွင်းအားကို အခြေခံ၍ တပ်မတော်(ရေ)တွင်အသုံးပြုမည့် စစ်ရေယာဉ်အသစ် အမျိုးမျိုးကို ပြည်တွင်း၌သာတည်ဆောက်ရန်၊ ပင်လယ်ပြင်သွား ကုန်တင်ရေယာဉ်အမျိုးမျိုးအား ပုံစံများရေးဆွဲတည်ဆောက်ရန်နှင့် တပ်မတော်နှင့် ပြင်ပဌာနများမှရေယာဉ်များကို လွန်းတင်ပြင်ဆင်ပေးရန် ရည်ရွယ်ချက်များဖြင့် ၁၉၉၇ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ရေတပ်သဘောင်္ကျင်းဌာနချုပ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး တပ်မတော်(ရေ)၏ ရေယာဉ်တည်ဆောက်ရေးကဏ္ဍများကို ဆန်းသစ်စေနိုင်ခဲ့သည်။

မြန်မာ့ပင်လယ်ပြင်အား ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ပြင်တွင် ကြာရှည်စွာ တာဝန်ထမ်းဆောင်နိုင်သည့် ရေတပ်၏တိုက်စွမ်းအားဖြစ်သော စစ်ရေယာဉ်များမှာ အရွယ်အစားကြီးမားရန် လိုအပ်သည့်အလျောက် စစ်ရေယာဉ်ကြီးများ တည်ဆောက်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပါသည်။ မိမိတိုင်းပြည်၏ ရေမြေသဘာဝနှင့်ကိုက်ညီပြီး မိမိထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်နှင့် အသင့်လျော်ဆုံးဖြစ်မည့် စစ်ရေယာဉ်များအား ပြည်တွင်း၌သာ နိုင်ငံသားပညာရှင်များဖြင့် တည်ဆောက်နိုင်ရန် အစဉ်တစိုက်ကြိုးပမ်းခဲ့ပါသည်။ စစ်ရေယာဉ်ငယ် အမျိုးမျိုး၊ အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်များ၊ ပင်လယ်သွားကမ်းထိုးရေယာဉ်များ၊ Light Frigate များ ပြည်တွင်း၌ပင် တည်ဆောက်ထုတ်လုပ်နိုင်ခဲ့သည်။ ထိုမှတဆင့် ရရှိလာသော လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြုံများအပေါ် အခြေခံလျက် (၁ဝ၈)မီတာ ဖရီးဂိတ်စစ်ရေယာဉ်ကြီးများကို ကိုယ့်အားကိုယ်ကိုး၍ တည်ဆောက်နိုင်ခဲ့ပါသည်။

ယခင်က စစ်ရေယာဉ်များအား ပြည်ပမှဝယ်ယူခဲ့ရသော်လည်း ယခုအခါ တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်နိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာ ဖြစ်ပါသည်။ မိမိဘာသာ တည်ဆောက်နိုင်၍ ပြည်ပမှဝယ်ယူရမှုလျော့နည်းလာကာ နိုင်ငံတော်ဘဏ္ဍာနှင့် နိုင်ငံခြားငွေကုန်ကျမှု များစွာသက်သာခဲ့ပါသည်။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး

တပ်မတော်(ရေ)သည် “အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီ တပ်မတော် ဖြစ်ရေး” ဟူသော လမ်းညွှန်ချက်နှင့်အညီ ရုပ်ပိုင်းဆိုင်ရာ ခေတ်မီစစ်ရေယာဉ်များ၊ လက်နက်နှင့်လက်နက်စနစ်များ ဖြည့်ဆည်း ဆောင်ရွက်နေသကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။ အနာဂတ် တပ်မတော်(ရေ)သည် ခေတ်မီနည်းပညာများဖြင့် အမြဲတမ်းဆန်းသစ် ပြောင်းလဲနေသည့် ရေတပ်ဆိုင်ရာနည်းပညာများ၊ လက်နက်နှင့် လက်နက်စနစ်များ၊ မဟာဗျူဟာ/နည်းဗျူဟာများနှင့် ကြုံတွေ့ရမည် ဖြစ်သဖြင့် ပြောင်းလဲတိုးတက်နေသော ရေတပ်ဆိုင်ရာနည်းပညာများအား မျက်ခြည်မပြတ် သိရှိနားလည်ရန် လိုအပ်ပါသည်။ ယင်းလိုအပ်ချက်များ ဖြည့်တင်းနိုင်ရန် အရာရှိ၊ စစ်သည်များအား လုပ်ငန်းခွင်အတွင်း လေ့ကျင့်စေခြင်းသာမက ပြည်တွင်း /ပြည်ပ ဘာသာရပ်အလိုက် အထူးကျွမ်းကျင်မှုသင်တန်းများသို့လည်း စေလွှတ် တက်ရောက်စေလျက် ရှိပါသည်။

သံရေးတမန်ရေး

တပ်မတော်(ရေ)သည် Naval Diplomacy အရ နိုင်ငံတကာရေတပ်များနှင့် အပြန်အလှန် ကူးလူးဆက်သွယ် ဆက်ဆံလျက် ရင်းနှီးချစ်ကြည်မှု၊ အပြန်အလှန် ယုံကြည်မှုများ တည်ဆောက်လျက် ရှိပါသည်။ထို့ကြောင့် ပတ်ဝန်းကျင်ရေတပ်များနှင့် ရင်ပေါင်တန်းနိုင်ရုံမက အိမ်နီးချင်း မိတ်ဆွေ ရေတပ်များနှင့် ပွင့်လင်းရင်းနှီးစွာ ဆက်ဆံမှုများ စတင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ တပ်မတော်(ရေ) အကြီးအကဲများ၏ ချစ်ကြည်ရေးခရီးစဉ်များ၊ တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့များ၏ အပြန်အလှန်ခရီးစဉ်များ၊တပ်မတော်(ရေ) စစ်ရေယာဉ်များအချင်းချင်း အပြန်အလှန် အလည်အပတ်ခရီးစဉ်များသည် နှစ်နိုင်ငံရေတပ်များအကြား အပြန်အလှန် ရင်းနှီးမှု၊ နားလည်မှု၊ ချစ်ကြည်မှု ရလဒ်ကောင်းများကို ဖြစ်ထွန်းစေလျက် ရှိပါသည်။

မြန်မာ့တပ်မတော်(ရေ)သို့ အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ထိုင်း၊ ပါကစ္စတန်၊ ဂျပန်၊ ရုရှားနိုင်ငံများမှ စစ်ရေယာဉ်များ Ship Visit လာရောက်ခဲ့သလို တပ်မတော်(ရေ)မှ စစ်ရေယာဉ်များကလည်း အိန္ဒိယ၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ Ship Visit သွားရောက်ခဲ့ပါသည်။

မဟာဗျုဟာမြောက် စုဖွဲ့ပြင်ဆင်မှု

နိုင်ငံ၏ တိုးတက်မှုအပေါင်းလက္ခဏာများ ပီပြင်လာသည်နှင့်အမျှ ရေမြင့်လျင် ကြာတင့်သည့်ပမာ တပ်မတော်(ရေ)ကဏ္ဍသည်လည်း တိုးတက်ပြောင်းလဲ လာခဲ့ပါသည်။ တိုင်းပြည်၏ပံ့ပိုးမှုနှင့် တပ်မတော်(ရေ)အရာရှိ / စစ်သည်များ၏ အားသွန်ခွန်စိုက် ကြိုးပမ်းစွမ်းဆောင်မှုများကြောင့် မြန်မာ့တပ်မတော်(ရေ)သည် ပတ်ဝန်းကျင်နှင့်ဒေသတွင်းတွင် သင့်တင့်မျှတသော ရေတပ်တစ်ခုအဆင့်သို့ တစ်စတစ်စ ရောက်ရှိလာခဲ့သည်။

ပြည်တွင်းစစ်အေးကာလတွင် ကမ်းရိုးတန်းကင်းလှည့်ရေး၊ မှောင်ခို ပိတ်ပင်တားဆီးရေး၊ တရားဥပဒေစိုးမိုးရေး၊ ပင်လယ်ပြင်ညစ်ညမ်းမှု ကာကွယ်ထိန်းသိမ်းရေး၊ ရေနံ၊သတ္တု၊ငါး၊ပုစွန်နှင့် ရေသယံဇာတများ ကာကွယ်စောင့်ရှောက်ရေး၊ မူးယစ်ဆေးဝါးသယ်ဆောင်မှု တားဆီးနှိမ်နင်းရေး၊ ရေကြောင်းသွားလာမှု အထောက်အကူပြုလုပ်ငန်းများနှင့် အဏ္ဏဝါသိပ္ပံဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရေး စသည့်တာဝန်များကို ထိရောက်အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် တပ်မတော်(ရေ)သည် လူသားချင်းစာနာထောက်ထား ကူညီရေးလုပ်ငန်းများ၊ ပင်လယ်ပြင် ရှာဖွေရေးနှင့်ကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း တတ်စွမ်းသမျှ ထိရောက်စွာ ကူညီဆောင်ရွက်လျက် ရှိပါသည်။

မြန်မာ့ပင်လယ်ပြင်တွင် ရေနံတွင်းများ၊ ရေအောက်သယံဇာတများအား ကမ်းခြေမှ ရေမိုင်(၂ဝဝ)ဝေးသည့် သီးသန့်စီးပွားရေးဇုန်အတွင်း ရှာဖွေစူးစမ်း ဖော်ထုတ်လျက်ရှိရာ ဖြစ်နိုင်ချေအလွန်များပြားနေခြင်း၊ ရေနက်ဆိပ်ကမ်းကြီးများ ပေါ်ပေါက်လာပြီး အနာဂတ်ရေကြောင်းစီးပွားဖြစ်ထွန်းမှု တန်ဖိုးမြင့်မားလာသဖြင့် ပင်လယ်ပြင်အား စိုးမိုးကာကွယ်စောင့်ရှောက်နိုင်ရေးမှာ တပ်မတော်(ရေ)အတွက် အရေးကြီးတာဝန်တစ်ရပ် ဖြစ်လာပါသည်။

မြန်မာ့ပင်လယ်ပြင်အား အကြားအလပ်မရှိ လက်ယှက်ထိုး ကာကွယ်နိုင်ရန် တပ်မတော်(ရေ)သည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဓည၀တီ ရေတပ်စခန်းဌာနချုပ်၊ ပမ္မ၀တီ ရေတပ်စခန်းဌာနချုပ်၊ မောရ၀တီ ရေတပ်စခန်းဌာနချုပ်၊ တနသာင်္ရီ ရေတပ်စခန်းဌာနချုပ်ဟူ၍ ဌာနချုပ် (၅)ခု တိုးချဲ့ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။တပ်မတော်(ရေ)၏ အဓိကအင်အားစုများဖြစ်သော ဗျူဟာစစ်ရေယာဉ်စုကိုလည်း မဟာဗျူဟာမြောက် အခင်းအကျင်းအဖြစ် အသွားထက်သည့် ဓားသုံးလက်ပမာ ဗျူဟာစစ်ရေယာဉ်စု (၃)ခုဖြင့် ပြင်ဆင်စုဖွဲ့ခဲ့ပါသည်။ စစ်ဆင်ရေးပိုင်းတွင် မြစ်တွင်းပိုင်းမှ ပင်လယ်ပိုင်းသို့ဦးစားပေးလျက် ကမ်းရိုးတန်းကာကွယ်ရေးမှသည် ပိုင်နက်ပင်လယ် စီးပွားရေးဇုန်အထိ ပင်လယ်ပြင်ပိုင်းကာကွယ်စောင့်ရှောက်ရေးသို့ ဦိးတည်နိုင်ခဲ့ပါသည်။

( ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် ကျရောက်မည့် (၆၆)နှစ်မြောက် တပ်မတော်(ရေ)နေ့ကို ဂုဏ်ပြုကြိုဆို ဖော်ပြပါသည်။)

Myanmar Navy

No comments: