Sunday, December 22, 2013

ထောက်လှမ်းရေးဟောင်းတွေနဲ့ ကိုသံချောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်သလား

အလားတူ တောထဲမှာ တောတွင်းဥပဒေသနဲ့ တော်လှန်ရေးရဲဘော်တွေ ကို မတရားစွတ်စွဲ သတ်ဖြတ်ခဲ့သူဟာ ကိုသံချောင်းတစ်ယောက်ထဲ မဟုတ်ပါဘူး။ ABSDF မြောက်ပိုင်း ခေါင်းဆောင် တစ်ချို့ပဲ မဟုတ်ပါဘူး။ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေထဲမှာလည်း အများကြီး ရှိပါတယ်။ တစ်ချို့ဆို ဒီနေ့ကာလ မီဒီယာတွေအပေါ်မှာ ခေါင်းဆောင်တွေအဖြစ် ပြုံးပြုံးရွှင်ရွှင် တွေ့မြင်နေရပါတယ်။ “ ထောက်လှမ်းရေးဟောင်းတွေနဲ့ ကိုသံချောင်းကို လွတ်ငြိမ်းခွင့် ပေးသင့်သလား ” စည်သူအောင်မြင့် ရန်ကုန်တိုင်းမ် သတင်းစာ၊ ၂၃-၁၂-၁၃။ စာ- ၁၈။ ၂၀၁၃ နှစ်ကုန်ဖို့ နီးလာပါပြီ။ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး စိတ်ဝင်စားသူတွေနဲ့ ပြည်သူတစ်ချို့ စောင့်ကြည့်နေတာကတော့ သမ္မတ ဦးသိန်းစိန်ပြောထားတဲ့ နှစ်ကုန်ရင် အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှ ကျန်မနေစေရဘူးဆိုတဲ့ ကတိ တည်မတည် ကိစ္စပါ။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးရေး ကိစ္စနဲ့ ပါတ်သက်ပြီး အခုနောက်ဆုံး ရှိနေသေးတဲ့ ပြသနာတွေကတော့ ပုဒ်မ (၁၈) အပါအ၀င် နိုင်ငံရေးနဲ့ ဆိုင်တဲ့ ပုဒ်မ တွေနဲ့ တရားရင်ဆိုင်နေရသူတွေ ပြသနာ၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဦးဆောင်ခဲ့တဲ့ ထောက်လှမ်းရေး တပ်ဖွဲ့က ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်းတွေကို လွှတ်ပေးသင့်မသင့်၊ တိုက်ပွဲအတွင်း ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ကနေ ဖမ်းဆီးရမိ ထောင်ဒါဏ် ကျခံနေရတဲ့ အရင် ABSDF မြောက်ပိုင်း လူသတ်မှု မှာ တာဝန်ရှိတယ်လို့ စွတ်စွဲခံထားရတဲ့ ကိုသံချောင်း ကို လွတ်ငြိမ်းခွင့်ပေးသင့် မပေးသင့် ပြသနာတွေပဲ ဖြစ်ပါတယ်။ ပုဒ်မ (၁၈) အပါအ၀င် နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဆက်နွှယ်တဲ့ ပုဒ်မတွေနဲ့ ရုံးတင် စစ်ဆေးခံနေရတဲ့ ကိစ္စတွေနဲ့ ပါတ်သက်ပြီး သမ္မတ အနေနဲ့ အမိန့်ဒီဂရီ တစ်စုံတစ်ခု ထုတ်ပြီး ဖြေရှင်းပေးဖို့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး အဖွဲ့က သမ္မတ ဆီ တင်ပြထားပြီလို့ သိရပါတယ်။ ဒီကနေ့မှာတော့ ထောက်လှမ်းရေးဟောင်းတွေနဲ့ ကိုသံချောင်းကို လွတ်ငြိမ်းခွင့် ပေးသင့် မပေးသင့် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ တကယ်တော့ တိုင်းပြည်တစ်ပြည်မှာ ကောင်းမွန်တဲ့ ဘက်ကို အပြောင်းအလဲ လုပ်တဲ့အခါတိုင်း မှားယွင်း အပြစ်ပေးခဲ့တာတွေကို လွတ်ငြိမ်းခွင့်ပေးတာမျိုး လုပ်တဲ့ အလေ့အထ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အတိတ်ကာလ ကတည်းက ဥပမာ တွေရှိခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ မတိုင်ခင် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အစိုးရဆိုရင် နိုင်ငံရေးအကျဉ်းသား ရှိတယ် ဆိုပြီးတော့တောင် အသိအမှတ် ပြုခဲ့တာ မဟုတ်ပါဘူး။ အားလုံးကို ဥပဒေ ချိုးဖေါက်သူတွေ ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့တာပါ။ (ပြီးခဲ့တဲ့ လတုန်းက အင်တာဗျူးစာအုပ်တွေ ပေါင်းပြီး ထုတ်တဲ့ ပွဲမှာတောင် အရင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကတောင် နိုင်ငံရေး အကျဉ်းသားတွေကို ဒီလို ဥပဒေ ချိုးဖေါက်သူတွေပဲလို့ ပြောဆိုနေဆဲ ရှိပါသေးတယ်။) သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး ဖြေလျော့မှုတွေ လုပ်လို့ ၂ နှစ်ကျော်မှ နိုင်ငံရေး အကျဉ်းသား ဆိုတာ အသိအမှတ်ပြုလာတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကို အပြောင်းအလဲ လုပ်ရာမှာ နိုင်ငံရေး လုပ်လို့ အရေးယူ ထောင်ချခံရတာဖြစ်စေ၊ အာဏာပိုင်တွေအကြား အာဏာလွန်ဆွဲပွဲတွေကြောင့် ပုဒ်မ အမျိုးမျိုးတပ်ပြီး အရေးယူခံရသူတွေ ဖြစ်ပါစေ အားလုံးဟာ မတရား အပစ်ပေး အရေးယူခံရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် လွတ်ငြိမ်းခွင့်ပေးမယ် ဆိုရင် မတရားသဖြင့် အပစ်ပေး အရေးယူခံရသူတွေအားလုံးကို လွတ်ငြိမ်းခွင့်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ကို နိုင်ငံရေး အကျဉ်းသား စာရင်းထဲ ထည့်သည်ဖြစ်စေ၊ မထည့်သည် ဖြစ်စေ လွတ်ငြိမ်းခွင့်ပေးဖို့ လိုပါတယ်။ ဒီအတွက် တစ်ချို့ကတော့ လက်မခံ ငြင်းပယ်ကြမှာ ဖြစ်ပါတယ်။ လက်ရှိ ပြသနာမှာဆိုရင် ထောက်လှမ်းရေး ဟောင်းတွေဆိုတာဟာ အရင်သူတို့ တာဝန်ထမ်းဆောင်စဉ်က နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေကို ဖိနှိပ်ရက်စက်ခဲ့သူတွေဖြစ်တယ်၊ ရာဇ၀တ်မှု ကျူးလွန်ခဲ့သူတွေ ဖြစ်တယ် လို့ ပြောကြမှာ ဖြစ်သလို ABSDF မြောက်ပိုင်း ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ကိုသံချောင်း ဟာလည်း ပါဂျောင် ကျောင်းသားတပ်ဖွဲ့ဝင်တွေကို အစုလိုက် အပြုံလိုက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ရာမှာ ပါဝင်ခဲ့သူဖြစ်တယ်၊ ဒါကြောင့် သူ့ကို လွတ်ငြိမ်းခွင့် မပေးသင့်ဘူးလို့ ပြောကြမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးတကြီး ကြည့်ရမှာက အဲဒီ ထောက်လှမ်းရေးဟောင်းတွေနဲ့ ကိုသံချောင်း တို့ဟာ သူတို့ တကယ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှု ဒါမှမဟုတ် ပြစ်မှုတွေအရ အရေးယူခံနေရတာ ဟုတ် မဟုတ် ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီ ပြစ်မှုတွေ အရ မဟုတ်ပဲ အခြားပုဒ်မတွေ တပ်ပြီး မတရား ပြစ်ဒါဏ်ချထားခြင်း ခံရတာ ဆိုရင် လွှတ်ပေးဖို့ပဲ ရှိပါတယ်။ နောက်တစ်ချက် အရေးကြီးတာက အရင် စစ်အစိုးရ လက်ထက်က ဒါမှမဟုတ် အာဏာရှင် ဦးနေ၀င်းလက်တုန်းကတည်းက နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေအပေါ် ဖိနှိပ်ရက်စက်ခဲ့တာ၊ တစ်ချို့ ရာဇ၀တ်မှုမြောက်တဲ့ ပြစ်မှု ကျူးလွန်ခဲ့သူတွေဟာ ဒီ ထောင်ထဲက လက်ကျန် ထောက်လှမ်းရေး တစ်စု လောက်ပဲလားဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒီပဲရင်းလို အထင်ကရ လုပ်ကြံမှုကြီး ကျူးလွန်ခဲ့သူတွေ ဒီကနေ့အထိ အေးအေးချမ်းချမ်း နေနေရပါသေးတယ်။ ရာဇ၀တ်မှုမြောက်တဲ့ ပြစ်မှု အများအပြား ကျူးလွန်ခဲ့တယ်လို့ အများက သတ်မှတ်ထားတဲ့ ထောက်လှမ်းရေတပ်ဖွဲ့ရဲ့ ထိပ်ခေါင် အကြီးအကဲ ဦးခင်ညွန့်ဆိုလည်း ဘာမှ အရေးယူမခံရပဲ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ် ချမ်းချမ်းသာသာကြီး ရှိနေပါသေးတယ်။ ဒီလို အခြေအနေအောက်မှာ ထောင်ထဲက ထောက်လှမ်းရေး လက်တစ်ဆုတ်စာဟာ ကိုင်းဖျားကိုင်းနား သာသာလောက်ပဲ ဖြစ်ပါတယ်။ နောက်သူတို့အားလုံးဟာ နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ် နှိပ်စက်ခဲ့လို့ အရေးယူခံနေရတာမျိုးလည်း မဟုတ်ပါဘူး။ အလားတူ တောထဲမှာ တောတွင်းဥပဒေသနဲ့ တော်လှန်ရေးရဲဘော်တွေ ကို မတရားစွတ်စွဲ သတ်ဖြတ်ခဲ့သူဟာ ကိုသံချောင်းတစ်ယောက်ထဲ မဟုတ်ပါဘူး။ ABSDF မြောက်ပိုင်း ခေါင်းဆောင် တစ်ချို့ပဲ မဟုတ်ပါဘူး။ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေထဲမှာလည်း အများကြီး ရှိပါတယ်။ တစ်ချို့ဆို ဒီနေ့ကာလ မီဒီယာတွေအပေါ်မှာ ခေါင်းဆောင်တွေအဖြစ် ပြုံးပြုံးရွှင်ရွှင် တွေ့မြင်နေရပါတယ်။ ဒီလို လူတွေကို ဘာမှ အရေးမယူနိုင်သေးပဲနဲ့ အကြောင်းမညီညွတ်လို့ ထောင်ထဲရောက်နေတဲ့ ကိုသံချောင်းတစ်ယောက်ကိုပဲ လွတ်ငြိမ်းခွင့် မပေးဘူးဆိုတာဟာ သိပ် မသင့်တော်ပါဘူး။ နောက် အရေးကြီးတဲ့ တစ်ချက်က သူဟာ အဲဒီ သူကျူးလွန်တယ်လို့ စွတ်စွဲထားတဲ့ ပြစ်မှုအတွက် အရေးယူခံနေရတာ မဟုတ်ဘူး ဆိုတာပါပဲ။ ပြောရရင် အစိုးရတစ်ရပ်၊ အဖွဲ့အစည်း တစ်ရပ်အနေနဲ့ လုပ်ကိုင်ဆောင်ရွက်ရတဲ့ ကိစ္စမျိုးတွေကြောင့် အရေးယူခြင်း မခံစေရ ဆိုတာမျိုး ဥပဒေပြဌာန်းပြီး လုပ်လို့ရပါတယ်။ ဒါပေမယ့် အဲဒီ အထဲမှာ ရာဇ၀တ် ပြစ်မှုဆန်တာမျိုးကတော့ ပါဝင်မှာ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေ အုပ်စိုးခဲ့တဲ့ ခေတ်ကာလ တစ်လျောက်၊ တောတွင်းလက်နက်ကိုင် သက်တန်း ကာလတစ်လျောက် ကျူးလွန်ခဲ့ကြတဲ့ ရာဇ၀တ်မှုတွေနဲ့ ပါတ်သက်ရင် တစ်နေ့နေ့ တစ်ချိန်ချိန် အဖြစ်မှန်တွေပေါ်ပေါက်အောင် ဖော်ထုတ်ကြရဦးမှာပဲဖြစ်ပါတယ်။ လက်စားခြေရေး မဟုတ်တဲ့ တရားဥပဒေ အတိုင်း ဖြစ်အောင် ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ ခွင့်လွှတ်နိုင်ပေမယ့် ဖုံးကွယ် မေ့ပျောက်ထားဖို့ မဟုတ်ဘူး ဆိုတာ အဲလို ကိစ္စမျိုးတွေအတွက် ဖြစ်ပါတယ်။ ဒါကြောင့် ထောက်လှမ်းရေးဟောင်းတွေကိုရော ABSDF မြောက်ပိုင်း တာဝန်ခံလို့ စွတ်စွဲခံရတဲ့ ကိုသံချောင်းကိုပါ လွတ်ငြိမ်းခွင့် ပေးသင့်ကြောင်း၊ အရင် စစ်အာဏာရှင် ခေတ်အဆက်ဆက်နဲ့ တောတွင်းက ရာဇ၀တ်မှု ကျူးလွန်ခဲ့သူတွေ ကိစ္စ နောင်အခါ သီးခြား ဖြေရှင်းရမယ်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ စည်သူအောင်မြင့်

No comments: