Monday, December 23, 2013

တစ်နိုင်ငံလုံးရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံး၏ ၃၈ ရာခိုင်နှုန်းသာ ပြည်သူ့ဆန္ဒဖြင့် အမှန်တကယ်ရွေးချယ်ထား



ဉဏ်လှိုင်လင်း|ဒီဇင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့၊ ၂၀၁၃ ခုနှစ်

တစ်နိုင်ငံလုံးတွင် ပြည်သူ့ဆန္ဒဖြင့် အမှန်တကယ် ရွေးချယ်နိုင်ခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးရေမှာ စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းသာ ရှိသည်ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ လူထုဆက်ဆံရေးဌာန တာဝန်ခံဦးဂျင်မီက ဒီဇင်ဘာ ၂၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

လာမည့် ၂၀၁၄ ခုနှစ်၊ နှစ်ဆန်းတွင် အဆိုပါအဖွဲ့မှ ထုတ်ပြန်ရန်ရှိသည့် “မြန်မာ့စနစ်သစ် အုပ်ချုပ်ရေး အခြေပြ အစီရင်ခံစာ”ကို ကိုးကား၍ ပြောခြင်းဖြစ်သည်။ “တကယ်တန်း ပြည်သူလူထုက လက်ခံတဲ့၊ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ရွေးချယ်နိုင်ခဲ့တယ်လို့ ကျွန်တော်တို့ သတ်မှတ်နိုင်တာက ၃၈ ရာခိုင်နှုန်းပဲ ရှိတယ်”ဟု ဦးဂျင်မီက ဆိုသည်။

အဆိုပါအစီရင်ခံစာသည် တစ်နိုင်ငံလုံးရှိ ရပ်ကွက် ရှစ်ထောင်ကျော်နှင့် ကျေးရွာ ခြောက်သောင်းကျော် ကို ကွင်းဆင်း ကောက်ခံထားခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပါအတိုင်း နေရာအနှံ့ ပြန်လည်ရွေးချယ်ခဲ့ကြသော် လည်း လူထုက အမှန်တကယ် ရွေးချယ်နိုင်သည့် ဦးရေမှာ ယင်းပမာဏသာရှိနေသည်ဟု ဆိုခြင်းဖြစ် သည်။

ထို့ပြင် လူထုကရွေးချယ်သည့် အုပ်ချုပ်ရေးမှူးများအပေါ်တွင် အစိုးရ၏ ဌာနအဖွဲ့အစည်းများ ရှိနေခြင်း သည် ယင်းတို့၏ လွတ်လပ်စွာဆောင်ရွက်နိုင်မှုအပေါ် အဟန့်အတားဖြစ်စေသည်ဟု ဦးဂျင်မီကသုံးသပ် သည်။ “တကယ်တမ်း အလုပ်လုပ်လာတဲ့အခါကျတော့ တိုက်ရိုက်ခန့်ထားတဲ့ အဖွဲ့အစည်းတွေက လွှမ်း မိုးကြတယ်”ဟု ပြောသည်။

ဥပဒေ ပြဋ္ဌာန်းချက်များအရ ရပ်ကွက်၊ ကျေးရွာလူထု တိုက်ရိုက် ရွေးချယ်သည့် အုပ်ချုပ်ရေးမှူးများ၏ အထက်အဆင့်တွင် သက်ဆိုင်ရာအစိုးရအဖွဲ့တွင် ပါဝင်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန များ ရှိနေသည်ကို ဆိုလိုခြင်းဖြစ်သည်။

“လူထုက ရွေးချယ်ခံထားရတဲ့သူတွေက အုပ်ချုပ်ရေးက တိုက်ရိုက်တာဝန်ပေးထားတဲ့သူတွေရဲ့ အမိန့် တွေ ညွှန်ကြားချက်တွေအောက် ရောက်နေတယ်ဆိုတော့ ပြုပြင်ပြောင်းလဲမှု ဖြစ်တယ်လို့ ပြောလို့မရ ဘူး”ဟုလည်း ဦးဂျင်မီက ပြောသည်။

အစီရင်ခံစာ ထုတ်ပြန်နိုင်ရန် ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ပြည် သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည့် အခြေခံအုပ်ချုပ်ရေး အဖွဲ့အစည်းများဖြစ်သော ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များတွင် ပြောင်းလဲမှု လုံးဝမရှိသေးဟု အစီရင်ခံစာက သုံးသပ်ထားသည်။

No comments: