Tuesday, December 31, 2013

အာဏာရပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်သင့်သည့် အချက်များတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ချက်ပြင်ဆင်မှု မပါဝင်



http://www.news-eleven.com/
Monday, 30 December 2013 23:09


သုံးရက်ကြာကျင်းပသည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြင်ဆင်သင့်သည့် အချက်(၇၃)ချက် ရှိကြောင်း၊ ယင်းတို့အနက်(၂၁)ချက်အား ပယ်ဖျက်သင့်ကြောင်း အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတဖြစ်ခွင့် အရည်အချင်းသတ်မှတ်ချက်တွင် ပါဝင်သည့် တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး(သို့မဟုတ်) ခင်ပွန်းသည် နိုင်ငံခြားသားမဖြစ်ရဟူသည့်အချက်အား လျှော့ချရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား သမ္မတက တိုက်ရိုက်ခန့်အပ်ခြင်းအစား ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခန့်အပ်ရန် အချက်များအား ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ချက်ပြင်ဆင်မှု အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ရေးတွင် ပါဝင်လာခြင်းမရှိပေ။

"ဒီဆွေးနွေးပွဲကတော့ ဒီမိုကရေစီ တော်တော်ဆန်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ အစိုးရအဖွဲ့ဝန်ကြီးခန့်အပ်တာနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ ၀န်ကြီးချုပ်အချို့က မကြိုက်ကြဘူး။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားတွေက ရွေးချယ်ခန့်အပ်မှ ဒီမိုကရေစီနဲ့ ကိုက်ညီမှာပါ။ ဒါကြောင့် ပြင်ဆင်ဖို့ဆွေးနွေးရခြင်း ဖြစ်ပါတယ်။ အားလုံးစိတ်ဝင်စားတဲ့ ၅၉ (စ)လုံးမှာလည်း လျှော့ချဖို့ သဘောတူဆုံးဖြတ်တယ်။ အရင်က သားသမီးရဲ့ဇနီး၊ ခင်ပွန်းနိုင်ငံခြားသားဖြစ်ရင် သမ္မတဖြစ်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတယ်။ ဒါကိုလျှော့ချဖို့ ဆုံးဖြတ်လိုက်တယ်။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း သားနှစ်ယောက်ကို မြန်မာနိုင်ငံသား ခံယူခိုင်းလိုက်ရင် သမ္မတဖြစ်ခွင့်ရှိသွားပြီပေါ့"ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်လိုပါက ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရမည်ဟူသည့်အချက်အစား ၇၅ ရာခိုင်နှုန်း၊ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများသည် အစိုးရအဖွဲ့တာဝန်သာမက ပါတီတွင်လည်း တာဝန်ထမ်းဆောင်နိုင်သည်ဟု ပြင်ဆင်ရန်၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယသမ္မတဖြစ်ရန်အတွက် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ထားသည့် ပြည်သူ့ကိုယ်စားလှယ်ထဲမှသာ ရွေးချယ်ခန့်အပ်နိုင်ရန် အချက်များအား ပြင်ဆင်ထားကြောင်း သိရသည်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန်ကျင်းပသည့် ဗဟိုကော်မတီအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအား ရွေးကောက်ခံပြည်သူ တစ်ရာခိုင်နှုန်း ထောက်ခံပါက ဖြုတ်ချနိုင်သည့်အချက်အစား ၂၀ ရာခိုင်နှုန်းထောက်ခံမှုဖြင့်ဟု ပြင်ဆင်ထားကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအားရွှေ၊ သတ္တုများအား လုပ်ပိုင်ခွင့်ပြုရန်၊ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးများသည် နိုင်ငံ့ဝန်ထမ်းဖြစ်ရမည်ဟူသည့် အချက်အစား ပြည်သူကရွေးချယ်သူကိုသာ ခန့်အပ်ရမည်ဟူသည့်အချက်များအား ပြင်ဆင်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အာဏာရပြည်ခိုင်ဖြိုးပါတီ၏ ဆွေးနွေးပွဲတွင် ဦးစားပေးပြင်ဆင်ရန်နှင့် ဒုတိယဦးစားပေး ပြင်ဆင်ရန်များကို ခွဲခြားသတ်မှတ်ထားကြောင်း၊ ၅၉ (စ)သည် ဒုတိယဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း၊ ၀န်ကြီးများအား လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်ရမည့်အချက်များသည် ဦးစားပေးပြင်ဆင်ရန် သတ်မှတ်သည့်အချက်များတွင် ပါဝင်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် ဆွေးနွေးဆုံးဖြတ်သည့်အချက်များအား ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာ ၃၁ ရက် (ယနေ့) ပေးပို့မည်ဖြစ်သည်။


အာဏာရပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပသော နေပြည်တော်ရှိ ပါတီဌာနချုပ်အား တွေ့ရစဉ်

No comments: