Friday, December 27, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ - ဒဿမပိုင်း


December 26, 2013 at 9:32pm
ယခင်လမှအဆက်

ဒီအေဘီ စင်ပြိုင်အစိုးရဖွဲ့ရန် အကြံ
ဒီအေဘီ အစည်းအဝေးပြီးနောက် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဒီအေဘီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား သဘာပတိ တည်းခိုရာစခန်းတွင် ကျင်းပရာ ကျွန်တော် အပါအဝင် ဒီအေဘီ ဥက္ကဋ္ဌကြီးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ဒီမိုကရေစီရရှိရန်အတွက် စင်ပြိုင်အစိုးရတစ်ရပ် ဖွဲ့စည်းတည်ထောင်ခြင်းသည်သာ တစ်ခုတည်းသောနည်းလမ်းအဖြစ် သဘောတူခဲ့ကြပါသည်။
ထို့အတူ ယခင်က အဆက်အသွယ် မလုပ်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီအား ကြေးနန်းဖြင့် ပထမအဆင့်အနေဖြင့် ဆက်သွယ်၍သော်လည်းကောင်း လိုအပ်ပါက လူလွှတ်၍သော်လည်းကောင်း ဆက်သွယ်ရန် သဘောတူခဲ့ကြပါသည်။
ထို့အပြင် ABSDF ကျောင်းသားစခန်းများရှိ ကျောင်းသားရဲဘော်များ၏ လိုအပ်ချက်ကို ကူညီဆောင်ရွက်ပေးရန် ကျွန်တော်နှင့် ကိုသန်းဝင်း အပါအဝင် KNU မှ ဗိုလ်ချုပ်ရွှေဆိုင်း၊ ဗိုလ်မှူးကြီး စိုးစိုး၊ ဦးတင်မောင်ဝင်းတို့နှင့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။  အောက်ဖော်ပြပါ ထိပ်တန်းလျှို့ဝှက်မှတ်တမ်းတွင် ကြည့်ရှုနိုင်ပါသည်။





ထိပ်တန်းလျှို့ဝှက်

၂၉-၁၁-၈၈

ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား သဘာပတီတည်းခိုစခန်းတွင် ကျင်းပရာ အောက်ပါပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။ အချို့ (စီအီးစီ) ပုဂ္ဂိုလ်များမှာ ၎င်းတို့ပါဝင်သော သီးခြားကော်မတီများ၌ ဆွေးနွေးမှုများ ပြုလုပ်ရန် တာဝန်ပေးထားသဖြင့် မတက်ရောက်နိုင်ပါ။

တက်ရောက်သူများမှာ-
(၁) ဗိုလ်ချုပ်ကြီး - မြ (သဘာပတိ)
(၂) ဥက္ကဋ္ဌကြီး - ဘရမ်ဆိုင်း
(၃) ဥက္ကဋ္ဌကြီး - နိုင်ရွှေကျင်
(၄) ဥက္ကဋ္ဌကြီး - ဗိုလ်ချုပ်ကြီးသွင်
(၅) အထွေထွေအတွင်းရေးမှူး - ကိုတင်မောင်ဝင်း
(၆) ဗိုလ်မှူးကြီးမောင်မောင် - စစ်ရေးကော်မတီအတွင်းရေးမှူး
(၇) ဗိုလ်မှူးကြီးဇော်ဆိုင်း - စစ်ရေးကော်မတီတွဲဘက်အတွင်းရေးမှူး
(၈) ဗိုလ်ချုပ်တာမလာ တို့ ဖြစ်ကြပါသည်။

(၁) အစည်းအဝေးအားခေါ်ဆိုရကြောင်းနှင့် ဆွေးနွေးမည့်အကြောင်းအရာများကို အတွင်ရေးမှူး တင်မောင်ဝင်းက ဆွေးနွေးတင်ပြပါသည်။
(၂) ကေအိုင်အို အဖွဲ့မှတင်ပြသောလက်တွေ့လုပ်ဆောင်ရမည့် ပြင်ဆင်သတ်မှတ်အတည်ပြုပေးရန် “မ-ဒ-မ-ခ” ၏ လုပ်ငန်းစီမံကိန်း၊ စီမံကိန်းစာတမ်းကို တင်ပြဆွေးနွေးကြပါတယ်။
(၃) ၎င်းစာတမ်းအား မူကြမ်းအဖြစ် လက်ခံကြပြီး ဆက်လက်ဆွေးနွေးကြပါသည်။
(၄) ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ အောက်ပါအတိုင်း ဆုံးဖြတ်ကြပါသည်။
(က) စောမောင်စစ်အုပ်စု၏ ပြုလုပ်ပေးသည့် ရွေးကောက်ပွဲအား (မ-ဒ-မ-ခ) အနေနှင့် လုံးဝအယုံအကြည် မရှိသည့်အပြင်၊ ပြည်သူလူထုဆန္ဒနှင့်လည်း လုံးဝဆန့်ကျင်သည့်အတွက် ဆန့်ကျင်သွားမည်ဟု ဆုံးဖြတ်သည်။
(ခ) အများပြည်သူအနေနှင့် လက်ခံနိုင်သော ကြားဖြတ်အစိုးရအနေနှင့် ပြုလုပ်ကျင်းပမှသာလျှင် တရားမျှတပြီး၊ ပြည်သူတရပ်လုံး လိုလားသည့် ဒီမိုကရေစီစနစ်အား လက်ခံကျင့်သုံးနိုင်သောအစိုးရ ဖြစ်ထွန်းပေါ်ပေါက်လာနိုင်သည်ဟု ယုံကြည်သည်။ ထို့ကြောင့် စစ်မှန်သော အများပြည်သူ ထောက်ခံနိုင်သည့် ကြားဖြတ်အစိုးရအခု ပေါ်ပေါက်ရေးအတွက် ထောက်ခံသည်။ ထိုနည်းတူစွာ (မ-ဒ-
မ-ခ) အနေနှင့် ကြိုးစား/ကူညီအားထုတ်သွားမည်ဟု ဆုံးဖြတ်သည်။
(ဂ) မ-ဒ-မ-ခသည် ပြည်တွင်း၌ရှိသော ဒီမိုကရေးစီအင်အားစုအားလုံးအနေနှင့် စောမောင်စစ်အုပ်စုအား ဖယ်ရှား ရန်တိုက်ခိုက်နေပြီး ဒီမိုကရေစီအခွင့်အရေးများ ရရှိရေးအတွက် တိုက်ပွဲဝင်နေသရွေ့ ကာလပတ်လုံး အစဉ်တစိုက် ထောက်ခံသွားမည်ဖြစ်သည်။ ထို့အပြင် - ပြည်တွင်း၌ရှိသော အဓိကကျသော အတိုက်အခံအင်အားစုများသည်၊ စစ်အုပ်စုအား ဖယ်ရှားပစ်ရေးအတွက်၊ ပြည်သူတရပ်လုံး လိုလားတောင့်တသောကြားဖြတ်အစိုးရဖွဲ့စည်းရေးတွင် နှောင့်နှေးနေရုံတွင်မက လက်တွေ့အားဖြင့် အကောင်အထည်မဖော်နိုင်သည်ကို တွေ့ရသဖြင့် (မ-ဒ-မ-ခ) အနေနှင့် ပြည်သူများ၏ကိုယ်စား စိတ်မချမ်းသာမှုဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ရန်သူစောမောင်စစ်အုပ်စု၏ နေ့စဉ်ရက်ဆက်သတ်ဖြတ်နေသော အပြုအမူများကို (မ-ဒ-မ-ခ) အနေနှင့် နေမြင့်လေး၊ အရူးရင့်လေဆိုသည့် အခြေအနေမျိုးကို ကြာမြင့်စွာ လက်ပိုက်ကြည့်နေ၍ မဖြစ်ဟု ယူဆဆုံးဖြတ်သည်။


ထိပ်တန်းလျှို့ဝှက်
-၂ -

ပြည်သူ့လှုပ်ရှားမှု အချိန်မြင့်မားနေချိန်ဝယ် ပြည်တွင်းရှိ အဓိကကျသော ဒီမိုကရေစီအင်အားစုများသည် ၎င်းတို့အချင်းချင်း ညီညွတ်ရေးကို အကောင်အထည် မဖော်နိုင်ပါက (မ-ဒ-မ-ခ) အနေဖြင့် ဒီမိုကရေစီတို့ လိုလားသော၊ ပြည်သူလူထု တစ်ရပ်လုံးနှင့် ပူးပေါင်းကာ၊ တိုင်းပြည်အကျိုးစီးပွားကို ရှေ့မှု၍ - “စင်ပြိုင်အစိုးရတရပ်ဖွဲ့စည်းတည်ထောင်ရန်” တခုတည်းသောနည်းလမ်းသာ ရှိပေတော့သည်ဟု ယုံကြည်သည်။

(၅) ဆက်လက်၍ ဗဟိုကော်မတီအစည်းအဝေးကျင်းပရာတွင် (မ-ဒ-မ-ခ) ၏ လုပ်ငန်းစီမံကိန်းစာတမ်း ဆွေးနွေးသည်။ ဗကပအား ဆက်သွယ်ရန် ပထမအဆင့်အနေဖြင့် - (က/န) ဖြင့်လည်းကောင်း၊ လိုအပ်ပါက လူလွှတ်၍လည်းကောင်း သဘောတူကြသည်။

(၆) တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်ရေးနယ်မြေအတွင်းသို့ ရောက်ရှိလာသော၊ ကျောင်းသူ/ ကျောင်းသားများ၏ လုပ်ငန်းဆောင်တာများအား ဆောင်ရွက်ပေးရန်အတွက် အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်သည်-

(၁) ဗိုလ်ချုပ် - ရွှေဆိုင်း
(၂) ဗိုလ်မှူးကြီး - စိုးစိုး
(၃) ဦးတင်မောင်ဝင်း၊ အတွင်းရေးမှူး (မ-ဒ-မ-ခ)
(၄) ဆရာဦးမြင့်လှိုင် - ကျောင်းဆရာများအဖွဲ့
(၅) ကိုဇော်ထွန်း - ဗကသ
(၆) ကျောင်းသားကိုယ်စားလှယ်  (၁) ကိုထွန်းအောင်ကျော် (အေဘီအက်စ်ဒီအက်ဖ်)
(၇) ကျောင်းသားကိုယ်စားလှယ်  (၂) ကိုသန်းဝင်း (အေဘီအက်စ်ဒီအက်ဖ်)
(၈) ဗိုလ်မှူးကြီးမောင်မောင်၊ စစ်ရေးကော်မတီ (မ-ဒ-မ-ခ)
(၉) ခိုင်မျိုးဝင်း
(၁၀) နိုင်အောင်တင် (မွန်ပြည်သစ်)

မှတ်ချက်။ ဒီအေဘီ ထိပ်တန်းလျှို့ဝှက်ချက်မှတ်တမ်းကို အများဖတ်ရှုနိုင်ရန် စာလုံးပေါင်းသတ်ပုံမှအစ မူလစာသားအတိုင်း ရိုက်ထားသည်။


ဒီအေဘီကွန်မန်ဒိုသင်တန်းဆင်းပွဲ၌အမှတ်တရ
ABSDF စစ်ဝတ်စုံနှင့် ကျွန်တော်၊ ကာနယ်အလ်ဘလူးနှင့် ဆန်နီမရင်ဒါ (၁၉၈၉ ခုနှစ်၊ မတ်လအတွင်း)


ဒီအေဘီ ကွန်မန်ဒီအထူးသင်တန်းဆင်းပွဲ၌ အမှတ်တရ
ဝဲမှယာ။ အလံအလည်တည့်တည့် လေးဦးမြောက်က ကျွန်တော်၊ ကျွန်တော့်ညာဖက်ဘေးက လွယ်အိပ်နှင့်သူက ညီညီလွင် [ယမဓေါ ဦးအောင်စိန်၏သားမက်] (၃၀၃) ကရင်နီနယ်မြေ ABSDF၊ ကပ်ရက်မှသူမှာ အဘ (၃၀၃) ဟု အတိုကောက်ခေါ်သည်။
ရှေ့တွင်ထိုင်နေသော ဘယ်ဘက်မှ နှစ်ဦးမြောက် ပေါင်ပေါ်လက်ထောက်ထားသူမှာ ဌေးတင့် (နယ်သာလန်) ဖြစ်သည်။ ကျန်သူများမှ လုံခြုံရေးအရ အမည်မသိ။
[မှတ်ချက်။ အမည်သိရှိသူများ အကြောင်းကြားပေးပါက ဖြည့်စွက်ပေးပါမည်။]



ဒီအေဘီ ကွန်မန်ဒီအထူးသင်တန်းဆင်းပွဲ၌ အမှတ်တရ
မှတ်ချက်။ ထူးချွန်သင်တန်းသားများနှင့် တွဲရိုက်ထားခြင်းဖြစ်သည်။ အားလုံးက တပ်ရင်းတစ်ခုဆီမှ ၅ ယောက်လာသည့်အတွက် အမည်ရင်းများ ပြောခွင့်မရှိ။ သင်တန်းပြီးသည့်အခါ ပြည်တွင်းသို့ ယူဂျီ ဝင်ကြရမည်ဖြစ်သည့်အတွက် လုံခြုံရေးအရ ကိုယ်ရေးကိုယ်တာများ မေးခွင့်မရှိ။ နံနက် ၆ နာရီက စ၍ ပီတီပြေးပြီး တန်းစီကာ ယူနီဖေါင်းဝတ်၊ စစ်သင်တန်းတက်ပြီး နောက်ဆုံး အချိန်ကျလျှင် ကြိုးတက်ကြရသည်။ ကြိုးတက်ပြီးလျှင် တစ်ယောက်တစ်လှည့် လည်ပင်းကိုညှစ်၍ သတိမေ့ သွားသည်အထိ အသံတိတ်လူသတ်သည့်လေ့ကျင့်ခန်းကို ထပ်ကာတလဲလဲ လေ့ကျင့်ရသည်။ ယင်းသင်တန်းတွင် သတိမမေ့ဖူးသူ တစ်ယောက်မျှမရှိ။ လက်နက်ကိုင် တိုက်ပွဲအတွက် သေရဲသည်၊ သတ်ရဲသည်ဆိုသည့် စိတ်ဓါတ်ဝင်သွားအောင် လေ့ကျင့်ပေးခြင်း ဖြစ်သည်။


မာနယ်ပလောဌာနချုပ်တွင် အမှတ်တရ
ဝဲမှယာ။ ထွန်းအောင်ကျော်၊ ဥက္ကဋ္ဌကြီး ဘရန်ဆိုင်း၊ ဦးတင်မောင်ဝင်း
  
မာနယ်ပလောဌာနချုပ်တွင် အမှတ်တရ
ဝဲမှယာ။ ထွန်းအောင်ကျော်၊ ဥက္ကဋ္ဌကြီး ဘရန်ဆိုင်း

ခရက်ဒေးစခန်းရှိအတွေ့အကြုံနှစ်ခု 
ခရက်ဒေးစခန်းတွင်ရှိ ကျောင်းသားများ စစ်သင်တန်းတက်နေသည်ကို သွားရောက်လေ့လာသောအခါ စိမ်ခေါ်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ကေအင်ယူသင်တန်းဆရာက ကျွန်တော့်အား သေနတ်ပစ်ပြိုင်ရန် စိန်ခေါ်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်စဉ်က တက္ကသိုလ်အရံတပ်ရင်းသို့ ဝင်ရောက်ပြီး စစ်သင်တန်းတက်ရန် စိတ်ဝင်စားခဲ့သော်လည်း ဘူမိဗေဒဘာသာ အဓိကယူထားသဖြင့် နွေကျောင်းပိတ်ရက်တွင် ဘူမိဗေဒကျောင်းသားများ ကွင်းဆင်းရခြင်းကြောင့် ဝင်ခွင့် မရခဲ့ပါ။ ထိုကြောင့် ရိုင်ဖယ်၊ ဂျီသရီး၊ အမ် ၁၆၊ အေကေ ၄၇ တို့ကို ပစ်ခတ်ခဲ့ဖူးသည့် အတွေ့အကြုံ ကျွန်တော့်တွင် မရှိပါ။

သို့သော်လည်း သာယာဝတီသို့ သွားလည်တိုင်း ကျွန်တော့်ဘကြီး၏ လေသေနပ်ကို ကောင်းကောင်း ပစ်ခတ်ခဲ့ဖူးပါသည်၊ ငယ်သူငယ်ချင်း ရဲမြင့်သိန်းနှင့်လည်း တံတားဖြူနောက်ဖက် ရေကန်တွင်းရှိ တလားပီးယားငါးများကို လေသေနတ်ဖြင့် ပစ်ခတ်ဖမ်းဖူးပါသည်။ ထိုအတွေ့အကြုံလေးနှင့် ကျွန်တော်က စိန်ခေါ်မှုကို လက်ခံလိုက်သည်။ကရင်ဆရာက နို့ဆီဗူးထောင်ပြီး ပေ ၁၅၀ ခန့် အကွာမှ ပစ်ရန်လုပ်ကြသည်။ သုံးချက်ပစ်ရန် သဘောတူကြသည်။ သူက ပထမဆုံး ပစ်သည်။ သူ့ပထမဆုံးပစ်ချက်က လွဲချော်သွားသည်။ နောက်တချက် ထပ်ပစ်တော့ ထိသွားသည်။ သုံးချက်မြောက်လည်း ကပ်လွဲသွားသဖြင့် သူက သုံးချက်တွင် တစ်ချက်မှန်သည်။ ကျွန်တော့်အလှည့်ရောက်လာသည်၊ ကျွန်တော်က အမ် ၁၆ ရိုင်ဖယ်နှင့်ပစ်ရန် ရွေးလိုက်သည်။ ပြစ်မှတ်နို့ဆီခွက်ကို သေချာချိန်၍ ပစ်လိုက်သည်။ ဖေါင်းကနဲ ယမ်းပေါက်ကွဲ ထွက်သွားသံနှင့် အတူ နို့ဆီခွက်က လေထဲတွင် လွင့်ထွက်သွားသည်။ ကျောင်းသားလေးတစ်ယောက်က “ငါတို့ဥက္ကဋ္ဌပစ်တာ ထိတယ်ကွ” ဟုအော်ပြေးပြီး နို့ဆီခွက်ကို ကောက်ပြီး ယူလာခဲ့သည်။ ကြည့်လိုက်တော့ နို့ဆီခွက်တွင် ဘေးတိုက် အပေါက်နှစ်ပေါက် ဖြစ်နေသည်။ ကရင်သင်တန်းဆရာက ကြည့်ပြီး “ခင်ဗျား ဘယ်လိုလုပ် ပစ်လိုက်သလဲ”ဟု တအံ့တသြနှင့်မေးသည်။ ကျွန်တော်ကပြုံးပြီး ပခုံးတွန့်ပြလိုက်သည်။ ထူးထူးဆန်းဆန်း တစ်ချက်တည်းနှင့် နှစ်ပေါက်၊ ပေါက်သွားသဖြင့် ကျွန်တော်လည်း အံ့သြသွားမိသည်။

နောက်တစ်ခုမှာ ကျွန်တော်ရေချိုးသွားစဉ် အသားဖြူဖြု တရုတ်ကပြားရုပ်ပေါက်သောသူတစ်ယောက်က ကျွန်တော့်ကို သူ့ကိုယ်သူ သေ့ဘောဘိုး၊ မိုးကဲစခန်းမှ တပ်ရင်းမှူး တင်မောင်ဆန်းဖြစ်ကြောင်း လာရောက် မိတ်ဆက်ခြင်း ဖြစ်သည်။ သူက “ကိုထွန်းအောင်ကျော် ကျွန်တော်နဲ့ အောင်နိုင်ဟာ ငယ်သူငယ်ချင်းတွေပါ၊ ဒါပေမယ့် ခင်ဗျားမှန်ရင် ခင်ဗျားဘက်က ကျွန်တော်ရပ်ဖို့ ဝန်မလေးဘူး၊ ခင်ဗျားမိဘတွေကိုလည်း ကျွန်တော့်မိဘတွေက သိတယ်ပြောပါတယ်။ ကျွန်တော် အောင်နိုင့်နေရာ တွဲဖက်အထွေထွေအတွင်းရေးမှူး နေရာကိုရရင် ခင်ဗျားဘယ်လို သဘောထားမလဲ၊ ခင်ဗျား သဘောတူလား” ဟု ထူးထူးဆန်းဆန်း မေးလာခဲ့သဖြင့် အံ့သြသွားမိခဲ့သည်။ ကျွန်တော်က “ခင်ဗျားကို အတွင်းရေးမှူးခန့်ဖို့လည်း ကျွန်တော့်မှာ အာဏာမရှိဘူး၊ ဒီလိုနေရာမျိုးက ညီလာခံကနေရွေးချယ်မှရတာ၊ ဒါကြောင့် ညီလာခံကနေ ခင်ဗျားကို အတွင်းရေမှုးပဲခန့်ခန့်၊ ဥက္ကဋ္ဌပဲခန့်ခန့် ကျွန်တော့်မှာ ဘာမှငြင်းစရာမရှိဘူး” လို့ ပြန်ပြောခဲ့သည်။ သူက “ညီလာခံက ရွေးတာ ကျွန်တော်ကြည့်လုပ်ပါ့မယ် ပြဿနာမရှိပါဘူး။ ခင်ဗျားသဘောထားကိုသာ သိချင်တာပါ” လို့ ထပ်ပြောတဲ့အတွက် “အားလုံး သဘောတူရွေးတဲ့သူမှန်သမျှကို ကျွန်တော်က ဘာမှကန့်ကွက်စရာမရှိ ကြောင်း” ပြောပြီးနောက် သူက “ဒီလိုဆိုရင် ကျွန်တော်ကျေနပ်တယ်” ဟု ပြောပြီး ပြန်ထွက်သွားခဲ့သည်။ တစ်ချိန်တွင် ကိုအောင်နိုင်၏ငယ်သူငယ်ချင်း တင်မောင်ဆန်းသည် ကျွန်တော့်အား ရန်သူအဖြစ်သတ်မှတ်၍ ပြဿနာအမျိုးမျိုးရှာပြီး တိုက်ခိုက်လာလိမ့်မည်ဟု ထိုစဉ်က မရိပ်စားမိခဲ့ချေ။ နောင်တွင် တင်မောင်ဆန်းသည် DSA မေမြို့စစ်တက္ကသိုလ်နောက်ဆုံးနှစ်တွင် ကျောင်းထုတ်ခံရသူဖြစ်ပြီး ကျောင်းသားများက သူ့အားစစ်ရေး အတွေ့အကြုံရှိသူအဖြစ် အားကိုးကာ တပ်ရင်းမှူးအဖြစ် တင်ထားသူဖြစ်ကြောင်းသိရသည်။

ရကသမှထုတ်ပြန်သည့်စာ 
ခရက်ဒေးစခန်းတွင်ဒီအေဘီဖွဲ့ပြီးနောက် ကိုသန်းဝင်းနှင့် သူ၏ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ရဲဘော်များ စုဝေးတိုင်ပင်ကြပြီး ပြည်တွင်းရှိ ရကသရဲဘော်များကို ကိုသန်းဝင်းတစ်ယောက် အေဘီအက်ဒီအက်စ် အဖွဲ့ကြီးတွင် အထွေထွေအတွင်းရေးမှူးအဖြစ် အရွေးခံရကြောင်းနှင့် ဒီအေဘီ အဖွဲ့ကြီးတွင်လည်း တွဲဘက်(၂) အဖြစ် အရွေးခံရကြောင်းကို ပြည်တွင်းမှ စောင့်မျှော်နေသော ရဲဘော်များ အားတက်စေရန် စာရေးသားထုတ်ပြန်ခဲ့ပြီး ကျွန်တော့်အား ပြသခဲ့သည်။ ထိုလုပ်ရပ်သည် ကောင်းမွန်သော လုပ်ရပ်ဖြစ်သဖြင့် ကျွန်တော်က ကန့်ကွက်ခဲ့ခြင်း မပြုခဲ့ပေ။ သို့ရာတွင် ကိုဝင်းမိုးနှင့် ကိုအောင်နိုင်တို့မှ ထိုလုပ်ရပ်ကို အကြီးအကျယ် ဒေါသထွက်ပြီး ဤစာကို ကိုသန်းဝင်းက ဘာကြောင့်ဖြန့်ရသနည်းဟု ကျွန်တော့်ရှေ့တွင် လာရောက်မေးမြန်းခဲ့ကြပြီး ကိုသန်းဝင်းကလည်း သူ့ရဲဘော်များက ထုတ်ဝေလိုသဖြင့် ခွင့်ပြုလိုက်ကြောင်း ပြန်လည်ချေပခဲ့ပြီး တစ်ဖက်လုပ်သမျှကို တစ်ဖက်မှ ဘယ်လိုမှ အကောင်းမထင်ဘဲ ဖြစ်နေကြလေသည်။



R.U.S.U
Revolutiona Area
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
တော်လှန်ရေးနယ်မြေ
နေ့စွဲ။ ၁၆-၁၂-၈၈
ကျွန်ုပ်တို့ တော်လှန်ရေးနယ်မြေရောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေဖြင့် ပြည်တွင်းရှိ (ရ၊ က၊ သ) ညီ နောင်များသို့ အကြောင်းကြားအပ်ပါသည်။
ကျွန်ုပ်တို့ ထိုင်း၊ မြန်မာနယ်စက်တစ်လျှောက်ရှိ တော်လှန်ရေးနယ်မြေတွင် ကျွန်ုပ်တို့ (ရ၊ က၊ သ) အဖွဲ့ဝင်များနှင့် ကျောင်းသူ၊ ကျောင်းသား ရဟန်းရှင်လူပြည်သူများတို့သည် စစ်စခန်းများတည်ဆောက်၊ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်လျက်ရှိသည်။
စစ်စခန်းများမှနေ၍ ကိုယ်စားလှယ်များဖြင့် (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) (All Burma Students’ Democratic Front) ကို (၇/၁၁/၈၈) နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ (မှတ်ချက်။ ၎င်းရက်စွဲသည် မှားနေပြီး အမှန်မှာ (၅/၁၁/၈၈) ရက်နေ့ဖြစ်သည်။ ကိုသန်းဝင်း၏ရဲဘော်များက ရေးချင်ဇောဖြင့် ကမန်းကတန်းရေးရာ၌ မှားသွားပုံရသည်။) ၎င်း (ABSDF) တွင် ကျွန်ုပ်တို့ ရ၊ က၊ သ မှ (ကိုသန်းဝင်း) မှာ အတွင်းရေးမှူးတာဝန်ကို ယူခဲ့သည်။
၎င်း (ABSDF) အဖွဲ့ကြီးအနေဖြင့် မည်သည့်ပါတီ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၏ သြဇာခံ လက်အောက်ခံမဟုတ်ဘဲ ဘုံရန်သူ မ၊ ဆ၊ လ စစ်အစိုးရ ပြုတ်ကျရေးအတွက် သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အတူလက်တွဲကာ နိုင်ငံခြားအကူအညီ ရရှိရေး၊ စစ်ရေးတည်ဆောက်မှုများခိုင်မာရေး၊ တော်လှန်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းတို့ကို အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတော်လှန်ရေး အင်အားစုများသည် (ကျောင်းသားတော်လှန်ရေးတွင် ပြောင်မြောက်စွာပါဝင်လာခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့်) တိုင်းရင်းသား အင်အားစု (၂၃) ဖွဲ့သည် သွေးစည်းညီညွတ်လက်တွဲကာ (၁၆/၁၁/၈၈) ရက်နေ့တွင် ပြည်လုံးဆိုင်ရာ အစိုးရဆန့်ကျင်ရေးညီလာခံကြီးကို ကျင်းပကာ (မြန်မာနိုင်ငံဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်) (Democratic Alliance of Burma) ကို ဖွဲ့စည်းလိုက်ကြသည်။

၎င်းမဟာမိတ်အဖွဲ့ချုပ်ကြီးတွင် ကျွန်ုပ်တို့ (ABSDF) အဖွဲ့သည်လည်း ပါဝင်ခဲ့ကြသည်။ ၎င်း (DBA) အဖွဲ့ချုပ်ကြီးတွင် ရ၊ က၊ သ မှ ကိုသန်းဝင်းသည် တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ်၎င်း၊ စည်းရုံးရေးတွင် ကိုဇော်ရဲထွဋ်နှင့် ရ၊ က၊ သ အဖွဲ့ဝင်များသည်၎င်း တာဝန်ယူခဲ့ကြသည်။
ကျွန်ုပ်တို့ (ABSDF) အနေဖြင့် (D.A.B) သို့ ဝင်ရောက်ခဲ့ခြင်းမှာ၊ စစ်မှန်သောဒီမိုကရေစီရရှိရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိအေး၊ တိုင်းရင်းသားထုတစ်ရပ်လုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီဝါဒကို အခြေခံ၍ တည်ဆောက်ထားသော ကမ္ဘာ့အဆင့်မှီတိုးတက်သည့်စက်မှုနိုင်ငံဖြစ်ရေးကို ဦးတည်ရာတွင် တိုင်းရင်းသားညီနောင်များနှင့် လက်တွဲကာ တော်လှန်ရေးကို သွေးစည်းညီညွတ်စွာဖြင့် မဟာမိတ်ပြု တိုက်ပွဲဝင်သွားမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် မကြာသောကာလတွင် တိုင်းရင်းသားပြည်သူတရပ်လုံးနင့် နိုင်ငံအညွှန့်အဖူးများအား အာဏာရှင်အုပ်စိုးသူ လူနည်းစုအကျိုးအတွက် လူမှုအခွင့်အရေးဖောက်ဖျက်၍ ရက်စက်စွာ ကြမ်းကြုပ်သော နိုင်ငံရှိ မ၊ ဆ၊ လ အောက်ခံ လက်နက်ကိုင် အဖွဲ့အစည်းများအား၎င်း လက်ပါးစေ ဗျူရိုကရက်၊ လူတစု အကျိုးစီးပွားအတွက် အမည်အမျိုးမျိုးဖြင့် လှည့်စား၍ ထပ်မံဖွဲ့စည်းထားသော အဖွဲ့အစည်းများအား၎င်း စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းမှ သွေဖီသည့် မည်သည့်တပါတီ အာဏာရှင်စံနစ်မျိုးကိုမဆို၊ ကျွန်ုပ်တို့သည် အခြေအမြစ်မှစ၍ သုတ်သင်ခြေမှုန်းသွားမည်ဖြစ်ကြောင်း၊ အောင်မြင်သော တော်လှန်ရေးကြီးကို ဆင်နွှဲမည်ဖြစ်ပါကြောင်း ပြည်တွင်းရှိ တော်လှန်ရေး ရဲဘော်အပေါင်းအား သိစေအပ်ပါသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
တော်လှန်ရေးနယ်မြေ
မှတ်ချက်။ အထက်ဖော်ပြပါ ကြေညာချက်ကို အများဖတ်ရှုနိုင်ရန် မူရင်းစာသားအတိုင်း ရိုက်ပေးထားသည်။

နောက်အပတ် ဆက်လက်ဖော်ပြပါမည်။

No comments: