Monday, December 23, 2013

တောင်ပိုင်းဆူဒန် အခြေအနေ ဆိုးရွားလာနေ bbc.co.uk အမေရိကန်က လိုအပ်ရင် အရေးယူမှု လုပ်မယ်လို့ သမ္မတ အိုဘားမား ဆိုပြီ

တောင်ပိုင်း ဆူဒန်နိုင်ငံမှာ လူမျိုးရေး အကြမ်းဖက်မှုတွေ ဆိုးရွားလာနေတာကြောင့် သိန်းနဲ့ချီတဲ့ လူတွေဟာ သူတို့ အသက်အန္တရာယ် အတွက် စိုးရိမ်နေကြတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုဆိုင်ရာ အဖွဲ့ အရာရှိ Toby Lanzer က ဘီဘီစီကို ပြောပါတယ်။
သမ္မတ ဆယ်လ်ဗာကီးရားကို သစ္စာခံတဲ့ စစ်သားတွေနဲ့ သူ့လက်ထောက် ဒုသမ္မတဟောင်း ရီးရက်မာချာကို ထောက်ခံတဲ့ တပ်ဖွဲ့ဝင်တွေကြား တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

နေရာတော်တော်များက လမ်းတွေပေါ်မှာ လူတွေကို တရားစီရင်မှု မရှိဘဲ သတ်ဖြတ်ပစ်တာတွေကြောင့် ဘိုအာမြို့က ကုလသမဂ္ဂအဖွဲ့ ရုံးဝင်းထဲကို ထွက်ပြေးခိုလှုံနေကြတာတွေကို မြင်နေရတယ်လို့ မစ္စတာ လန်ဇာက ပြောပါတယ်။

တဖက်နဲ့ တဖက် အပြန်အလှန် ကလဲ့စားချေမှုတွေ အလွန်အကျူး ဖြစ်နေတာကြောင့် လူတွေဟာ ကြောက်ရွံ့ထိတ်လန့်နေကြတယ်လို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ လွတ်လပ်ရေး ရပြီးစ ၂နှစ်သာ ရှိသေးတဲ့ တောင်ပိုင်းဆူဒန်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပေါင်းပြီး နိုင်ငံရေး သဘောကွဲမှုတွေကို အတူတကွ စုပေါင်းဆွေးနွေး ဖြေရှင်းရမယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမားကလည်း တောင်ပိုင်းဆူဒန်မှာ အမေရိကန်သံရုံးနဲ့ အမေရိကန် နိုင်ငံသားတွေကို ကာကွယ်ဖို့ လိုအပ်ရင် အရေးယူမှုတွေ လုပ်ကောင်းလုပ်မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက ဘိုအာမြို့ကနေ အမေရိကန် နိုင်ငံသားတွေကို ကယ်ထုတ်ရာမှာ အမေရိကန် စစ်လေယာဉ် ပစ်ခတ်ခံရပြီး တပ်ဖွဲ့ဝင် လေးယောက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အခုတော့ အမေရိကန် နိုင်ငံသားတွေကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီးပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

No comments: