Friday, December 20, 2013

ပညာတတ်လူတန်းစားဆိုတာ

ပညာတတ်လူတန်းစားဆိုတာ စောင့်ကြည့်တတ်တယ်၊ ဝေဖန်တတ်တယ်။ အကျိုးရှိမယ်ထင်မှ လုပ်တတ်တယ်။ ယုံကြည်မှုအရင်မလာဘဲ ဆင်ခြင်မှုအရင်လာတယ်။ ဒါကြောင့် Brain before belief လို့ ဆိုလို့ရတယ်။ အကျိုးဆက်အားဖြင့် သူတို့ဟာ သူတို့ကို ဦးဆောင်သူတွေကို စိန်ခေါ်တတ်တယ်။ ဘက်ပြောင်းဖို့ဝန်မလေးတတ်ဘူး။ ဒါကြောင့် ကွန်မြူနစ်ပိုပေါ့က ဒီလူတွေကို သတ်လိုက်တယ်။ သစ္စာခံတွေ လိုအပ်တာကိုး။ သတ်လိုက်တော့ တိုင်းပြည်နွံနစ်သွားကော။
လစ်ဘရယ်ဒီမိုကရေစီကို သွားမယ်လို့ဆို၇င် အဓိက အားထားရတာက အဲ့ဒီ ပညာတတ်လူတန်းစားတွေပါတဲ့။ Middle Class အင်အားကို တည်ဆောက်ရတာပဲ။ Capacity Building တွေ၊ Civic Society စတာတွေအားလုံးကိုခြုံပြီး ကျားကန်ပေးမှာ အဲ့လူတွေပဲ။ ဓနရှင်ပေါက်စ လူတန်းစားပေါ့။ ဒါကြောင့် Human Capital ရဲ့နောက်ကွယ် အင်ဂျင်က Education လို့ သီအိုရီထုတ်ကြတာဖြစ်တယ်။

ဖြုတ်ထုတ်သတ် အိုင်ဒီယာခေတ်စားခဲ့တဲ့ ဖြစ်စဉ်တွေမှာ အာဏာရှင်စရိုက်က အမြဲတမ်းပါတယ်။ ကိုယ့်ကို ဝေဖန်ဆန်းစစ် ထောက်ပြ တာကို လက်မခံနိုင်ဘူး။ ပြင်းထန်တဲ့လက်ဝဲအယူမှာဆိုရင် တော်လှန်ရေးက သိပ်အေ၇းကြီးတယ်။ ကြားထဲက သွေးစည်းရေးကို ပျက်ပြားစေတာက ဒီလို ပြန်လှန်ဝေဖန်သွေးထိုးတတ်တယ်လို့ (သူတို့အမြင်ပေါ့လေ) ဆိုတဲ့လူတွေဖြစ်တယ်။

ဒီလို အာဏာရှင်စရိုက်ကို ဥရောပ အမှောင်ခေတ်မှာလဲ တွေ့ရတယ်။ ဘုရားသခင်ကိုမေးခွန်းထုတ်ရင် အသတ်ခံရတယ်။ စုန်းလို စွပ်စွဲပြီးသတ်တာတွေ အများကြီး။ဒါပေမယ့် အမှောင်ခေတ်က လွတ်တဲ့ ရီနေးဆန်းက ယနေ့ အနောက်ကမ္ဘာကို ရာစုနှစ် ခြောက်စုမက ကမ္ဘာ့ထိပ်သီးဖြစ်နေစေခဲ့ပြီ။ Intellectual Freedom ရဲ့ အရေးပါပုံ။

ပြန်လှန်မေးခွန်းထုတ်ရတယ်၊ ဆန်းစစ်ရတယ်၊ ဝေဖန်ရတယ်၊ အခြားတစ်ဖက်က ဆင်ခြင်ရတယ်။ ဒါတွေလုပ်တတ်လာလေလေ လူ့အသိဥာဏ်ပွင့်လင်းလာလေလေပဲ။ ပန်းသီးကျတာကို ကမ္ဘာ့ဆွဲအား ကြောင့်လို့တွေးမိစေတဲ့ နယူတန်ရဲ့ တွေးခေါ်ပုံဟာ မေးခွန်းထုတ်ခြင်း (Why) ကနေ လာတယ်။

ဒီလို မေးခွန်းထုတ်၊ စစ်ဆေးတတ်၊ ပြန်လှန်ထောက်ပြတတ်တဲ့ စရိုက်ကို အားပေးရမယ်။ တိုင်းပြည်ကို တည်ငြိမ်စေချင်တယ်ဆိုရင် ဒီလို အမြင်ကျယ်တဲ့လူတွေဟာ လူလတ်တန်းစားကို လွှမ်းမိုးနေနိုင်ရမယ်။ ဥပမာ မြန်မာတစ်ယောက်ရဲ့ အမြင်ကျယ်မှုဟာ လက်ရှိ အင်အားကြီးနိုငင်ံတွေ ဖြစ်တဲ့ ဂျပန်၊ အင်္ဂလိပ်၊ အမေရိကန်တို့က ဂျပန်တစ်ယောက်၊ အင်္ဂလိပ်တစ်ယောက်နဲ့ မကွာတော့ဘူးဆိုရင် တိုင်းပြည်မှာ အာဏာရှင်လဲ မစိုးမိုးနိုင်ဘူး၊ နောက် ဒီနိုင်ငံတွေအောက်ဆုတ်ယုတ်ဖို့လဲ မရှီတော့ဘူး။

ငါ့ကိုထောက်ခံပါလို့ ပြောရင် ဘာလို့ထောက်ခံရမှာလဲလို့ ပြန်မေးခွင့်ရှိရမယ်။ ပြန်မေးရဲရမယ်။ ယုံကြည်ထောက်ခံနေဆဲကာလမှာလဲ အဆင်မသင့်ဘူးထင်ရင် ပွင့်ပွင့်လင်းလင်း ပြောဆိုထုတ်ဖော်ခွင့်ရှိရမယ်။ ဒါဟာ လူသားတွေရဲ့ တွေးခေါ်ပုံကို တိုးတက်စေတယ်။ အငုံ့စိတ် အကြောက်စိတ်ကိုဖယ်ရှားပစ်တယ်။ ယုံကြည်မှုကို မြင့်မားစေတယ်။

ကိုယ်ဟာ လူတစ်ယောက်ဖြစ်တယ်ဆိုရင် ကိုယ့်မှာ လွတ်လပ်စွာ ယုံကြည်ခွင့်၊ ဝေဖန်ခွင့်၊ ဆည်းကပ်ခွင့်၇ှိတယ်။ ဘယ်သို့သော အကြောင်းအရာကမှ တားဆီးပိတ်ပင်ခွင့်မရှိဘူးဆိုတာ ယနေ့ ကမ္ဘာမှာ ခေတ်စားတဲ့ လစ်ဘရယ်ဒီမိုကရေစီတန်ဘိုးတစ်ခုပဲဖြစ်တယ်။

ဘာသာရေးအာဏာရှင်၊ ကွန်မြူနစ်အာဏာရှင်၊ စစ်အာဏာရှင်၊ ပဒေသရာဇ်အာဏာရှင် ဘယ်အာဏာရှင်စံနစ်မှာမှ ဒီလို Freedom of Expression ကို ခွင့်မပြုဘူး။
by: Moe Set
via: Angle Black Angle

No comments: