Friday, December 20, 2013

စစ်ကိုင်းတိုင်း ရွာအချို့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရန် ၉၉ ရာနှုန်း ဆန္ဒရှိဟု မေတ္တာကမ်ပိန်းဆို


*******************************************
အောင်ကိုဦး|ဒီဇင်ဘာလ ၂၀ ရက်၊ သောကြာနေ့၊ ၂၀၁၃ ခုနှစ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များနှင့် ကျေးရွာများကို ၂၀၀၈ အခြေခံဥပဒေနှင့် ပတ်သက်၍ မေ တ္တာကမ်ပိန်းမှ ဦးဆောင် စစ်တမ်းကောက်ယူရာ ၉၉ ရာခိုင်နှုန်းမှာ ပြင်ဆင်ရန် ဆန္ဒရှိသည်ဟု စစ်တမ်း ဦးဆောင်ကောက်ယူသူ မေတ္တာကမ်ပိန်း အထက်မြန်မာပြည်တာဝန်ခံ ဦးညီညီကျော်က မဇ္ဈိမကို ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျေးလက်နေပြည်သူများ သိရှိနိုင်စေရန် လိုက်လံဟောပြော စစ်တမ်းများ ကောက်ယူရာမှ ရလဒ်ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဒီဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲနိုင်မှ ပြည်သူလိုချင်တဲ့ ဒီမိုကရေစီဆိုတာ ဖြစ်လာမှာပါ။ ဖြစ်လာဖို့အတွက် သိဖို့လိုတယ်။ လုပ်ဖို့လိုပါတယ် ဒါကြောင့် အခုလိုလိုက်ပြီး ဟောပြောဆွေးနွေး အသိပေးနေတာပါ”ဟု ဦးညီညီကျော်က ပြောသည်။

ရွာတချို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်ကို မသိရှိကြဘဲ ဖြစ်နေသည်ဟုလည်း ဦးညီညီ ကျော်က ပြောသည်။ ထိုနားမလည်မှုကို ရှင်းပြဆွေးနွေးမှုများလုပ်၍ စစ်တမ်းများကောက်ယူရာ စစ်ကိုင်းတိုင်းအတွင်းရှိ ခင်ဦးမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ဇီးကုန်းမြို့နယ်များ ရှိ ကျေးရွာ ၂၀၀ ကျော်ကို တစ်ရွာချင်းလိုက်လံ၍ ဆွေးနွေးမှုများလုပ်ကာ စစ်တမ်းများ ကောက်ယူခဲ့ခြင်း ဖြစ်သည်။

ထိုစစ်တမ်းများ ကောက်ယူမှုကို ၂၀၁၄ မတ်လအထိ လုပ်ဆောင်သွားမည်ဖြစ်ပြီး ရရှိသည့် စစ်တမ်းများ အား နိုင်ငံတော်သမ္မတနှင့် လွှတ်တော်အသီးအသီးသို့ တင်သွားမည်ဟု ဦးညီညီကျော်က ဆိုသည်။

ဆက်လက်၍ စစ်တမ်းများအား သပိတ်ကျင်းမြို့နယ် တွင်းငယ်၊ တကောင်၊ စဥ့်ကူး နွယ်ရုံ၊ လက်ပံလှ စသည်တို့တွင်လည်း ဆက်လက်၍ စစ်တမ်းများ ကောက်ယူသွားမည်ဖြစ်သည်။

Mizzima - News in Burmese

No comments: