Tuesday, December 31, 2013

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်း တည်ဆောက်ရာတွင် ပျက်စီးမည့် ယာမြေများ အတွက် သတ်မှတ်နှုန်းအတိုင်း လျော်ကြေးမရ



မကွေးတိုင်း ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာ အနီးတွင် တရုတ်မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အရန်ပိုက်လိုင်း တည်ဆောက်ခြင်း လုပ်ငန်းများ စတင်ခဲ့သော်လည်း တည်ဆောက်မှုကြောင့် ပျက်စီးမည့် ယာမြေများအတွက် သတ်မှတ်နှုန်းထားများအတိုင်း လျော်ကြေးမရ၍ ဒေသခံတောင်သူ ၁၀၀ ကျော်က ကန့်ကွက်ထားကြောင်း သိရသည်။ ယင်းလုပ်ငန်းများကို ၂၀၁၂ ခုနှစ် ဧပြီလပိုင်းမှ စတင်ခဲ့သော်လည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင်မှ နစ်နာကြေးပေးရန် တိုင်ပင်ခဲ့ကြောင်း ထိုသို့တိုင်ပင်သည့် အချိန်က အမြဲသိမ်းဆည်းခြင်းအတွက် ငါးနှစ်စာ လျော်ကြေးပေးရမည့်အစား ယာယီသိမ်းဆည်းခြင်းအတွက် တစ်နှစ်စာသာ လျော်ကြေးပေးခဲ့သောကြောင့် ယာမြေပိုင်ရှင် တောင်သူ ၁၅၀ ကျော်အနက် ၅၁ ဦးသာ လျော်ကြေးငွေ လက်ခံခဲ့ပြီး ၁၀၀ ကျော်မှာ လျော်ကြေးငွေ လက်မခံဘဲ လုပ်ငန်းခွင် ရပ်ဆိုင်းပေးရန် ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြောင်း သိရသည်။ “ပထမပိုက်လိုင်းတွေ လာဆောက်တုန်းကလည်း ဦးလေးရဲ့ ယာမြေတွေ လျော်ကြေးမရဘဲ ပျက်စီးခံခဲ့ရတယ်။ အခု အရန်ပိုက်လိုင်း ဆောက်တော့လည်း ရေရှည်ပျက်စီးမှာကို တစ်နှစ်စာပဲ လျော်မယ်ဆိုလို့ ၀ိုင်းပြီးကန့်ကွက်ခဲ့တာ” ဟု ခုံစုကျေးရွာမှ တောင်သူဦးသန်းဋ္ဌေးက ဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ခုံစုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “တောင်သူတွေက ၀ိုင်းကန့်ကွက်လို့ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လာပြီး နှစ်ရက်အတွင်း အဆင်ပြေအောင် ညှိနှိုင်းပေးမယ်လို့ ပြောသွားတယ်။ ပိုက်လိုင်းတည်ဆောက်မှု တွေကိုတော့ ရပ်ထားတယ်” ဟု ဒီဇင်ဘာ ၂၉ ရက် နံနက်က ပြောကြားခဲ့သည်။ ယင်းကျေးရွာများအတွက် ကိုင်းမြေ တစ်ဧကလျှင် မြေအမျိုးအစားအလိုက် ကျပ် ၁၃ သိန်းနှုန်းနှင့် ကျပ် ၂၅ သိန်းနှုန်း စံသတ်မှတ်ထားပြီး စားတော်ပဲ တစ်ဧကလျှင် ၁၅ တင်း ထွက်နှုန်းစံထား၍ တစ်တင်းလျှင် ၂၈၀၀၀ ကျပ်နှုန်းနှင့် ငရုတ်တစ်ဧကလျှင် ၆၀၅ ပိဿာ ထွက်နှုန်း စံသတ်မှတ်ပြီး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်နှုန်း လျော်ကြေးပေးရန် သတ်မှတ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရုံးက ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၄ ရက် ရက်စွဲဖြင့် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည့်စာအရ သိရသည်။ (မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ခုံစုံကျေးရွာအနီးတွင် အရန်ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု ရပ်နားထားသည်ကို တွေ့ရစဉ်)

No comments: