Monday, December 23, 2013

မျက်နှာသွင်ပြင်ဖတ်၍ တိုင်းရင်းသားလူမျိုး ခွဲခြားနိုင်မည့် ကွန်ပျူတာစနစ်လေ့လာ



ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် လူမျက်နှာသွင်ပြင်ကို ဖတ်ရှုရုံမျှဖြင့် တိုင်းရင်းသားလူမျိုး ခွဲခြားနိုင်သည့် စနစ်ကို သုတေသနပြု လေ့လာလျက် ရှိကြောင်း ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှ စာတမ်းရှင် ဒေါ်လှိုင်ထိပ်ခေါင်တင်က ပြောကြားသည်။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ ရန်ကုန် ကွန်ပျုတာ တက္ကသိုလ်နှင့် Association of Japan Myanmar Mutual Cooperation တို့ ပူးပေါင်း၍ ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ကျင်းပသည့် First International Conference on Energy, Environment and Human Engineering စာတမ်းဖတ်ပွဲအတွင်း ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုး မျိုးနွယ်စု များစွာရှိရာ အဓိက မျိုးနွယ်စု အနေနှင့် ရှစ်မျိုးရှိသဖြင့် ယင်းမျိုးနွယ်စုအပေါ် မူတည်ပြီး လူမျက်နှာကို ဖတ်ရှုကာ တိုင်းရင်းသားလူမျိုး ခွဲခြားနိုင်မည့်စနစ် (Automatic Race Identification From Face Images In Myanmar) ကို ရေးသား ပြုစုနေခြင်း ဖြစ်ကြောင်း ယင်းစနစ်ကို ဝယ်ယူ အသုံးပြုလိုသည့် ကုမ္ပဏီများ အနေနှင့်မူ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့၏ သဘောတူညီချက် ရရှိရန် လိုအပ်မည် ဖြစ်ကြောင်း ဒေါ်လှိုင်ထိပ်ခေါင်တင်က ဆက်လက်ပြောဆိုသည်။
“ဒီလူမျိုးနွယ်စု ခွဲခြားတဲ့စနစ်က ၉၀ ရာခိုင်နှုန်းကျော် မှန်ကန်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ စာတမ်းပြုစုရန်အတွက် လူမျက်နှာ သွင်ပြင်များကို ၂၀၀၉ ခုနှစ်က စတင်လေ့လာခဲ့ခြင်း ဖြစ်ပြီး တိုင်းရင်းသား မစစ်သူများနှင့် အခြားမျိုးနွယ်စု များကိုလည်း ဆက်လက် လေ့လာလျက် ရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်ထံမှ သိရသည်။

No comments: