Wednesday, December 25, 2013

ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းမှလွဲ၍ ကျန်မြို့နယ်များတွင် အထပ်မြင့်အဆောက်အအုံ တည်ဆောက်မှုအား ကန့်သတ်သကဲ့သို့ ဖြစ်နေသည့်အတွက် ပြန်လည်သုံးသပ်ပေးရန်



ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းမှလွဲ၍ ကျန်မြို့နယ်များတွင် အထပ်မြင့်အဆောက်အအုံ တည်ဆောက်မှုအား ကန့်သတ်သကဲ့သို့ ဖြစ်နေသည့်အတွက် ပြန်လည်သုံးသပ်ပေးရန် အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ တင်ပြမည် ရန်ကုန်မြို့၏ မြို့နယ်အလိုက် အဆိုပြု မြို့မြေအသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ သတ်မှတ်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စီစဉ်လျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ မြို့နယ်အလိုက် အဆိုပြု မြို့မြေအသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ သတ်မှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲကိုလည်း ဒီဇင်ဘာ ပထမပတ်အတွင်းက ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း၊ လတ်တလော သတ်မှတ်ထားသည့် ဇုန်များနှင့် ပတ်သက်ပြီး အကြံပြုလိုပါက တစ်လအတွင်း ပြန်လည်တင်ပြနိုင်ကြောင်းလည်း သိရသည်။ သို့ဖြစ်ရာ ရန်ကုန်မြို့တွင် အဆောက်အအုံ တည်ဆောက်မှုဇုန် သတ်မှတ်ထားမှုအရ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရန် ကန့်သတ်သကဲ့သို့ ဖြစ်နေသည့်အတွက် ပြန်လည်သုံးသပ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ ယင်းကဲ့သို့ အဆောက်အအုံ တည်ဆောက်မှုဇုန် သတ်မှတ်ရာ၌ အဆောက်အအုံ၏ အထပ်အမြင့်ကို ကန့်သတ်ထားသကဲ့သို့ ဖြစ်နေခြင်းနှင့် ပတ်သက်ပြီး “အထပ်မြင့်တွေ မဆောက်ရဘူးလို့ ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ သဘောက အဲဒီလိုဖြစ်နေတယ်။ ဘယ်လိုအခက်အခဲကြောင့်လည်း မသိဘူး။ အထပ်မြင့်တွေကို သိပ်မဆောက်စေချင်လို့ တားလိုက်တဲ့ သဘောမျိုးလား။ သူတို့ သတ်မှတ်တဲ့ FAR နဲ့ BCR အရ ပြည်လမ်းနဲ့ ကမ္ဘာအေးလမ်းမှာတောင်မှ ပေ ၁၀၀ မြေကွက်ရှိတဲ့သူဆိုရင် အထပ် ၂၀ ဆောက်လို့ မရတော့ဘူး။ အထပ် ၂၀ ဆောက်မယ်ဆိုရင် အနည်းဆုံး ဘယ်လောက်မြင့်မလဲ။ ပေ ၂၆၀ လောက် မြင့်မယ်။ ၂၆၀ ရဲ့ သုံးပုံတစ်ပုံ ပေ ၇၀၊ ၈၀ လောက်ဖြစ်မယ်။ ပေ ၁၀၀ ရှိတဲ့ မြေကွက်က ပေ ၇၀၊ ၈၀ လောက် နောက်ဆုတ်ပေးရမယ်ဆိုတော့ ပေသုံးဆယ်ပဲကျန်ရင် ဘယ်လိုဆောက်တော့မလဲ။ ဒါတွေက တွက်ချက်မှုမှာ လိုနေတာလား။ ဒါတွေကို အသေးစိတ် ဆွေးနွေးရမှာ ဖြစ်တယ်။ ပြုပြင်စရာတွေ အသေးစိတ် ဆွေးနွေးစရာတွေက အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ ဆောက်လုပ်ရေးသမားတွေ အိမ်ရှင်တွေက မဖြစ်သင့်ဘူး ပြောနေကြတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးရန်ဝင်းက ပြောကြားသည်။ Floor Area Ration(FAR) ဆိုသည်မှာ အဆောက်အအုံ တစ်ခုလုံး၏ စုစုပေါင်း ကြမ်းခင်းဧရိယာနှင့် ယင်းအဆောက်အအုံ တည်ရှိရာ မြေကွက်အချိုးကို FAR ဟု သတ်မှတ်ကြောင်း၊ Building Coverage Ratio(BCR) ဆိုသည်မှာ အဆောက်အအုံ တစ်လုံးကို အပေါ်စီးမှကြည့်လျှင် မြင်ရသော အပြင်ဆုံး အနားသတ်မျဉ်းဖြင့် ကန့်သတ်ထားသော ဧရိယာကိုခေါ်ကြောင်း သိရသည်။ ယင်းကဲ့သို့ သတ်မှတ်ထားမှုအရ မြို့မြေအသုံးချမှုဇုန် ၁၁ ဇုန် ခွဲခြားသတ်မှတ်ထားကြောင်း၊ အဆိုပါဇုန် ၁၁ ခုမှာ ဆိတ်ငြိမ်ရပ်ကွက် (သို့မဟုတ်) လူနေသိပ်သည်းမှုနည်းသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု အသင့်အတင့်ရှိသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှုများသည့် လူနေရပ်ကွက်ဇုန်၊ မြို့မြေအသုံးချမှု မျိုးစုံရောနှော ပါဝင်နိုင်သည့်ဇုန်၊ ကုန်သွယ်မှုနှင့် စီး ပွားရေးဇုန်၊ စက်မှုနှင့် ကုန်လှောင်ရုံများဇုန်၊ ဆိပ်ကမ်းနှင့် ဆိပ်ကမ်းဆက်စပ် ၀န်ဆောင်မှုများဇုန်၊ စိမ်းလန်းမြေနှင့် ရေပြင်များဇုန်၊ အစိုးရ၊ အဖွဲ့အစည်းနှင့် အခြေခံ အဆောက်အအုံများဇုန်၊ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းမှုဇုန်နှင့် ကမ်းနား အထူးဖွံ့ဖြိုးရေးဇုန်တို့ဖြစ်ကြောင်း သိရသည်။ “အဆောက်အအုံ တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်နေပါပြီ။ ပြီးရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုတင်မယ်။ နောက်ပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကိုတင်မယ်။ Zone Law ဆွဲတဲ့ ပညာရှင် အဖွဲ့ကိုလည်း အကြံပြုစာ ပို့မယ်။ သူတို့ကလည်း အခုဒီဟာနဲ့ ပတ်သက်ပြီး တစ်လအတွင်း အကြံဥာဏ် ပေးနိုင်ပါတယ်လို့ ပြောထားတာ ရှိပါတယ်။ ဒီအတွက် ကျွန်တော်တို့ အမြန်ဆုံး တင်ပြသွားမှာပါ” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးရန်ဝင်းက ပြောကြားသည်။ (ရန်ကုန်မြို့တွင်းရှိ အထပ်မြင့် အဆောက်အအုံများ) EMG

No comments: