Thursday, December 19, 2013

ယုံကြည်မှုအရင်တည်ဆောက်ရမယ်တဲ့လား

 ( အောင်စံအေး..ရေးသည်)

December 19, 2013 at 10:21am
ယုံကြည်မှုအရင်တည်ဆောက်ရမယ်တဲ့လား


၈၈ပွင့်လင်းက ကိုကိုကြီးက ဖွဲ့စည်းပုံပြင်ဘို့ထက်ယုံကြည်မှုအရင်တည်ဆောက်ရမယ်လို့ ပြောလိုက်ကြောင်းမနေ့တနေ့က ဖေ့စ်ဘုတ်တွေထဲမှာဖတ်ရတော့ပြောစရာရှိလာပါတယ်။

ပထမ တချက်က ပြီးခဲ့တဲ့ ၂ ပါတ်လောက်ကပဲ ဒေါ်စုက ကြီးလေးကြီးတွေ့ဆုံဘို့တောင်းဆိုမှုကို ဦးသိန်းစိန်တို့ ပါယ်ချလိုက်ပြီး မကြာခင် ကိုမင်းကိုနိုင်က ဒေါ်စုကိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတော့ ခုကိုကိုကြီးပြောတာနဲ့ ဘယ်လိုဆက်စပ်သလဲဆိုတာတော့သူတို့တွေပဲသိပါလိမ့်မယ်။
၈၈ပွင့်လင်းတွေထဲမှာ မင်းကိုနိုင်ပြီးရင်ကိုကိုကြီးကသြဇာအကြီးဆုံးလို့ ပြောရမှာပါ။ ပြီးတော့သူတို့တွေက မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုပြီးရင်သြဇာ အကြီးဆုံးနိုင်ငံရေးမျိုးဆက်လို့ပြောရင်လဲမှားမယ်မထင်ပါဘူး။ ဒါပေမဲ့လို့လဲဆိုရေးရှိကဆိုအပ်လှဧ။် ဆိုတဲ့စကားလို ပြောစရာရှိတာကိုတော့ ပြောရပါတော့မယ်။ ကိုကိုကြီးအပါအ၀င်၈၈ပွင့်လင်းတွေအပေါ် ကျွန်တော်အမြင်ကို ပွင့်ပွင့်လင်းလင်းပဲဆွေးနွေးပါ့မယ်။

            ကိုကိုကြီးရဲ့အပြောအဆိုတွေဟာစဉ်းစားစရာဖြစ်ခဲ့တာ ရခိုင်အရေးအခင်းကတဲကပါ။ နိုင်ငံခြားက ကျူးကျော်လာတဲ့သူတွေကိုတပ်မတော်နဲ့လက်တွဲပြီး တိုက်ပွဲ ၀င်သင့်ရင်ဝင်ရမယ်ဆိုခဲ့သူပါ။ တိုင်းပြည်တခုမှာငြိမ်ဝပ်ပိပြားမှုပျက်ပြားပြီဆိုရင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသူဟာ အဓိက တာဝန်ရှိတယ်ဆိုတာကိုအဲဒီတုံးထဲ့မပြောခဲ့ပါဘူး။ တနည်းပြောရရင်တော့ စစ်တပ်ကို မျက်စပစ်ခဲ့တာပါ။
နောက်တခါက ဒေါ်စုပိုလန်မှာ ရောက်နေတုံး ၈၈ပွင့်လင်းတွေဦးသိန်းစိန်နဲ့ တွေ့ခဲ့ကြတာပါ။ ပုံမှန်ဆိုရင်တော့ သမ္မတနဲ့ တွေ့ ဆုံတယ်ဆိုတာကောင်းသောလက္ခဏာလို့ပြောနိုင်မှာပါ။ ဒါပေမဲ့ ဒေါ်စုကဦးသိန်းစိန်အစိုးရကို ထိထိမိမိထောက်ပြနေတဲ့အချိန်ကျမှ တွေ့ခွင့်ရခဲ့ကြတာပါ။ နိုင်ငံရေးမှာတိုက်ဆိုင်မှုဆိုတာမရှိပါဘူး အစိုးရကဒေါ်စုကို ချိန်ခွင်လျှာညှိဘို့ ထုတ်ရှိုးခဲ့တာပါ။ ဒီတော့အပြန်အလှန်အနေနဲ့ ဂျင်မီကသမ္မတကြီးက မဆိုးပါဘူး ဆိုပြီး မီဒီယာမှာ ထုတ်ပြောလိုက်တော့ ဒေါ်စုပြောတာတွေဝေ ၀ါးသွားအောင်အလုပ်ခံခဲ့ရပါတယ်။

             လက်ပန်းတောင်းအရေးကို ပြန်စဉ်းစားကြည့်ရအောင်ပါ။လက်ပန်းတောင်းအရေးကို ကိုဂျင်မီနဲ့ ကို ဇော်ဇော်မင်းတို့ ၀င်ထိန်းဘို့ ကျိုးစားခဲ့ပါတယ်ဒါပေမဲ့ မသာချလွှတ်တာခံခဲ့ရပါတယ်။ သူတို့ကို လက်ပန်းတောင်းပြည်သူတွေက ဦးပိုင်လူ၈၈နဲ့ဦးနှမ်းဖြူး၈၈ လို့ ကဗျည်းထိုးခဲ့တာပါ။ လက်ပန်းတောင်းမှာ ဒေါ်စုလဲခံခဲ့ရတာပါပဲ။သူမှားခဲ့တာတခုပဲရှိပါတယ် သူမပိုင်တဲ့ မီးလောင်ဗုံးကို မီးခိုးဗုံးပြောပေးခဲ့ရတာပါ။တကယ်တော့ ဒေါ်စုဟာ သိလျက်နဲ့ ငြိမ်းချမ်းရေးညီညွတ်ရေးအတွက် စတေးလိုက်ရတာပါ။ ဒါကဒုတိယပါ။ 


ပထမကတော့ ၉၀ ရလဒ်ကို ပစ်ပြီး လွှတ်တော်ထဲဝင်ခဲ့ရတာပါ။ အဲတော့ဗျာ ဒေါ်စုအနေနဲ့ ရွေးချယ်စရာသိပ်မရှိလို့အမျိုးသားပြန်လယ်ရင်ကြားစေ့ရေး ဒါမှမဟုတ် ခင်ဗျားတို့ပြောနေတဲ့ ယုံကြည်မှုတည်ဆောက်ပြခဲ့တာဟိုဘက်ကမ်းတောင်ရောက်နေပါပြီ။ သူဒီလိုလုပ်သွားခဲ့လို့ ကျွန်တော်တို့ ဘယ်လောက်အသဲကွဲရတယ်ဆိုတာစာဖွဲ့ပြမနေတော့ပါဘူး။ သူကခေါင်းဆောင်ဖြစ်လို့ ပြီးတော့လဲ လူထုက ယုံကြည်နေလို့ကျွန်တော်တို့လဲ ယုံယုံကြည်ကြည်ပဲ ကြည့်နေခဲ့ပါတယ်။ ကိုယ်တွေလဲတတ်စွမ်းသရွေ့ တော့အပြင်ကနေ ၀န်းရံခဲ့ပါတယ်။ တခုပဲပြောစရာရှိပါတယ် ဒေါ်စုကို တကယ်ဝန်းရံနေတာ ၈၈ပွင့်လင်းတွေထဲမှာမင်းကိုနိုင်တယောက်ပဲ အထင်အရှားမြင်တွေ့ရပါတယ်။


            ဒေါ်စုနဲ့ဦးသိန်းစိန်တွေ့ဆုံမှုက မြန်မာ့နိုင်ငံရေးတခုလုံးကို ပြောင်းသွားစေခဲ့တာ အထွေအထူးပြောစရာမလိုပါဘူး။ဒေါ်စုက ဦးသိန်းစိန်ရိုးသားကြောင်းပြုပြင်ပြောင်းလဲရေးစိတ်ရှိကြောင်း ပြည်သူတွေကိုရောနိုင်ငံတကာကိုရော ပြောဆိုပေးခဲ့လို့ နှစ်ပေါင်း၅၀ လောက်လူရာမ၀င်ခဲ့တဲ့သူတွေလူရာသွင်းခံရတာ၊ ပိတ်ဆို့မှုတွေဖွင့်ပေးခဲ့တာ ဒေါ်လာ သန်းပေါင်းများစွာ ထောက်ပံ့ပေးခဲ့တာတွေဟာငြင်းမရပါဘူး။ ပြီးတော့လွှတ်တော်ထဲမှာလဲ ဦးရွှေမန်းနဲ့ အတူတွဲပြီးတတ်စွမ်းသရွှေ့ အကောင်းဆုံးဖြစ်အောင်ကျိုးစားခဲ့ပေမဲ့ ဘာသာရေးပဋိပက္ခတွေဖန်တီးပြီး ဒေါ်စုရဲ့ တရားဥပဒေစိုးမိုးရေး ဥက္ကဌရာထူးကိုပျက်ရယ်ပြုခဲ့ကြတာမဟုတ်လား။ ပြီးတော့ဒေါ်စုကို အသိမှတ်ပြုစကားတခွန်းလေးတောင်ဦးသိန်းစိန်ဆီကပြောခဲ့တာခင်ဗျားတို့ကြားခဲ့ပါရဲ့လား။ သမ္မတကြီး သိန်းစိန်ကတောင်ငါတို့ ခေါ်တွေ့ရတာပဲဆိုတဲ့အမြင်လောက်နဲ့ လုပ်နေကြတာဆိုရင်တော့ တမျိုးပေါ့ဗျာ။


            အဲဒီလိုတရားလက်လွတ်ဖြစ်ချင်တိုင်းဖြစ်နေတော့ခင်ဗျားအသံမကြားရပါလား ကိုကိုကြီး။ 
မင်းကိုနိုင်က ရဲတွေ ရှိရဲ့နဲ့ လက်ပိုက်ကြည့်နေတယ်လို့ရဲရဲဝံ့ဝံ့ပြောခဲ့တယ်။ ဒေါ်စုက တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေမှာ လုံးဝတာဝန်ရှိတယ်လို့ပြောင်ဝေဘန်ခဲ့တယ်။
            ခုနောက်ပိုင်းမှာထဲထဲဝင်ဝင်အတွင်းအပြင်အခြေနေ အလုံးစုံကို ရိပ်စားမိလာတဲ့ဒေါ်စုက ရွေးကောက်ပွဲ ၀င်စဉ်တုံးကပေးခဲ့တဲ့ ကတိအတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဘို့ ဖိဖိစီးစီး ပြောဆိုဆောင်ရွက်လာခဲ့ပါတယ်။ဒီလိုအချိန်မှာ ကိုမင်းကိုနိုင်တယောက်ပဲ ထောက်ခံကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။ဘာဖြစ်လို့ ၈၈ပွင့်လင်းအနေနဲ့မထုတ်နိုင်ခဲ့တာပါလဲ။


            ဖွဲစည်းပုံပြင်မယ်ဒါမှမဟုတ် အသစ်ရေးမယ်လို့ ခင်ဗျားတို့ပဲ ငွေရတုမှာ ပွဲကြီး ၀ဲချီးခံပြီး ကမ္ဘာသိကြေညာခဲ့တာပဲ။ဒီတုံးက ဒေါ်စုကတောင် ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့မှုဝါဒနဲ့ ကွဲပြားမှုမရှိပါဘူးလို့ပြောခဲ့သေးတာအမှတ်ရမိပါတယ်။ အခုကိုယ်ပြောခဲ့တာမေ့ပြီး ယုံကြည်မှုတည်ဆောက်ရေးက အဓိကဆိုတော့ခင်ဗျား ဟာကလဲ ဒီဘက်စင်မှာ တမျိုးပြော ဟိုဘက်စင်မှာ တမျိုးပြော။ တကဲ့နိုင်ငံရေးသမားဆိုဒီလိုမပြောသင့်ဘူးဗျ။ တကယ်ကပြင်မယ် ဒါမှမဟုတ်အသစ်ရေးမယ်လို့ ခင်ဗျားတို့ ဆုံးဖြတ်ချက်ချခဲ့တုံးကတဲကဖားတပိုင်းငါးတပိုင်း ပေါ်လစီပါလားလို့ ထင်ခဲ့မိသေးတယ်။ ခုတော့ဗျာ ဖန်တရာတေအောင်ကျွန်တော်တို့မြန်မာ့နိုင်ငံရေးမှာ ပြောတဲ့ စကားလို ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ဇတ်လမ်းကမပြီးသေးပဲကိုး။ တည့်တည့်ပြောရရင်တော့ ခင်ဗျားစကားတွေက စစ်တပ်မျက်နှာချိုသွေးပြီးကျုပ်မပါဘူးနော်လို့ပြောနေတယ်လို့ပဲ မြင်မိပါတယ်။ အဲဒါဆိုလဲ ရှင်းရှင်းလင်းလင်းလုပ်သင့်တာပေါ့ဗျာ။


            ပြောစရာတွေတော့အများကြီးပေါ့ဗျာသက်ရှိသမိုင်းတွေကိုး။ လူထုတိုက်ပွဲတွေနဲ့ ကင်းကွာနေတာ အဖွဲ့အစည်းဖွဲ့ပြီး အဖွဲ့လှုပ်ရှားမှုအားကောင်းမလာပဲ ပုဂ္ဂိလ်ရေးတွေပဲ အားကောင်းလာတာ စသဖြင့်ပေါ့။ချုပ်ကြည့်ရင်တော့ ခင်ဗျားတို့၈၈ပွင့်လင်းတွေကြားမှာ ပုံမှန်ဆွေးနွေးတိုင်ပင်မှုမရှိဘူး။ လူတိုင်းက အထူးသဖြင့်စင်ပေါ်တက်ခွင့်ရနေသူတွေက ကိုယ်ဆီအခွင့်ရေးကိုမျှော်ပြီးပြောဆိုလုပ်ကိုင်နေကြတယ်။သတ္တိရှိရှိလဲကိုယ့်လမ်းကြောင်းကို မရွေးရဲဘူး။ ညီညွတ်မှု အစည်းပြေနေတယ်။ ဒါကတော့ ကိုမင်းကိုနိုင်လဲတာဝန်မကင်းဘူး။ကျွန်တော်တို့လူထုက ခင်ဗျားတို့ကို သူတို့ဘက်တော်သားလို့ မြင်နေကြဆဲပါ။ သူတို့ရဲ့ခေါင်းဆောင်တွေလို့ယုံကြည်မျှော်လင့်ထားကြတာပါ။ 


                                    ဒေါ်အောင်ဆန်းစုကြည်ကိုတောင်ယုံကြည်ပါတယ်ဆိုတဲ့စကားတခွန်းမပြောသူတွေရဲ့ ယုံကြည်မှုကိုရဘို့ ခင်ဗျားတို့ ဘယ်လိုနည်းလမ်းတွေနဲ့ဖော်ထုတ်ဆောင်ရွက်မယ်ဆိုတာတော့ စောင့်ကြည့်ရပါအုံးမယ် ။ သေချာတာတော့ပြောလိုက်ပါ့မယ်ခင်ဗျားတို့ ဒေါ်စုထက်ပိုပြီး လူထုအပေါ်သြဇာလွှမ်းမိုးနိုင်မှာ မဟုတ်သလို စစ်အုပ်စုကလဲဒေါ်စုလောက်အရေးမထားဘူးဆိုတာပါပဲ။ လူထုမပါပဲ ခေါင်းဆောင်ခြင်းတိတ်တိတ်တွေ့ပြီး အဆင်ပြေမယ်လို့ယုံကြည်နေတယ်ဆိုရင် ဒါမှမဟုတ် ငါတို့လဲ ဒေါ်စုလိုခေါင်းဆောင်ပဲလို့ မှတ်ထင်ထားကြရင်တော့ဒီစကားဒီမှာပဲရပ်လိုက်ကြယုံပါပဲ။ ကိုယ့်အခြေနေမှန်ကို မှန်မှန်ကန်ကန် မြင်တတ်ကြသူတွေဆိုရင်တော့ဒေါ်စုကို ၀န်းရံဘို့ဟာ ပဓာနကျတဲ့ တာဝန်ဆိုတာမြင်နိုင်ကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။


            တခုထပ်ပြီးပြောပါအုံးမယ်ဖွဲ့စည်းပုံပြင်ဘို့ပြောနေတာ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတာမဟုတ်ပါဘူးလွဲမှားတဲ့ အယူအဆကို ဖြိုချဘို့ တနည်းပြောရရင်တော့ နှစ်ပေါင်းများစွာ ပုတ်ဆွေးနေတဲ့အနာကြီးကို ခွဲစိတ်ကုသဘို့ ကျိုးပမ်းခြင်းပါပဲ။ အဲဒါခင်ဗျားတို့ ကိုယ်တိုင်မျှော်လင့်ခဲ့ကြတာပဲမဟုတ်ပါလား။

အောင်စံအေး….

No comments: