Friday, December 20, 2013

တိုင်းပြည်အတွက် အခွန်ဘဏ္ဍာများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များအား ပေးခဲ့

တိုင်းပြည်အတွက် အခွန်ဘဏ္ဍာများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များအား ပေးခဲ့ကြောင်း KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင် ပြောကြား 20 December 2013 by EMG တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များကို ပေးခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရရှိခဲ့သော ငြိမ်းချမ်းရေး ကားပါမစ်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ဒီဇင်ဘာ ၁၉ ရက်က Myanmar Peace Center ၏ နေရာထိုင်ခင်း စီစဉ်ပေးမှုဖြင့် Business Alliance ဟိုတယ်၌ ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ''အဲဒီကားပါမစ်က ကျွန်တော်ပဲ ယူလာတာ။ ကျွန်တော်တို့ ဟိုးမနှစ်ကတုန်းက ပြည်ထောင်စုနေ့ ဧည့်ခံပွဲ ၁၃ ရက်နေ့ကျတော့ သမ္မတကြီးက ဧည့်ခံတယ်။ သမ္မတကြီးက သူ့လယ်တောအိမ်မှာ ဧည့်ခံပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို စာအိတ် တစ်အိတ်စီ ပေးတယ်။ ကျွန်တော်ကလည်း ဘာမှန်းမသိဘူး။ ဖောက်လည်း မကြည့်မိဘူး။ ကိုယ်နဲ့မဆိုင်တော့ ကျွန်တော်က ယူလာပြီး ကျွန်တော်တို့ ဥက္ကဋ္ဌကို ပေးလိုက်တာ။ နောက်တော့မှ အဲဒါက ကားပါမစ် ဖြစ်နေတယ်'' ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။ ထိုသို့ ပေးအပ်ခဲ့သည့် ပါမစ်အရေအတွက်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဦးဆောင် လုပ်ကိုင်နေသည့် သမ္မတရုံး ၀န်ကြီးဌာန-၄ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် MPC မှ တာဝန်ရှိသူများက တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပဒိုမန်းငြိမ်းမောင်ကမူ ၎င်းတို့အဖွဲ့ ရရှိခဲ့သော အရေအတွက်အပြင် အခြားအဖွဲ့များ ရရှိသည့် အရေအတွက်စာရင်း အတိအကျကို စာရွက်ကိုင်လျက် ထုတ်ဖော် ပြောကြားခဲ့သည်။ အစိုးရ အနေဖြင့် လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့သို့ ကားပါမစ်များ ပေးအပ်ထားပြီး စုစုပေါင်း အနေဖြင့် အခွန်လုံးဝ ကင်းလွတ်သည့် အစီးရေ ၂၉၀ နှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင်ရသည့် အစီးရေမှာ ၅၈၀ အထိ ရှိကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။ ၎င်းတို့အဖွဲ့ အနေဖြင့်မူ လုံးဝ အခွန်ကင်းလွတ်ခွင့် အစီး ၄၀ ရပြီး ရာခိုင်နှုန်း ၆၀ အခွန်ဆောင် အစီး ၈၀ ရကြောင်း၊ လုံးဝအခွန်ကင်းလွတ် အစီး ၄၀ ကို ခရိုင် တစ်ခုစီနှင့် တပ်မဟာ တစ်ခုစီကို ကားနှစ်စီးနှုန်းဖြင့် ဝေပေးပြီး ကျန်သည့် ကားများကို ဗဟိုကယူကြောင်း၊ ကျန်သည့် အခွန်ဆောင်ရသည့် ကားများမှာမူ ရောင်းထုတ်လိုက်သည့် သဘောရှိကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။ လက်ရှိအချိန်အထိ ကားပါမစ် လက်ခံထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ရှိပြီး ထိုအဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ '၀' သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်ကြောင်း သိရသည်။ နောက်ထပ် အစိုးရက ကားပါမစ် ချပေးရန် ရည်မှန်းထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(KIO)သို့ အခွန်လုံးဝကင်းလွတ် အစီး ၄၀ နှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင်အစီး ၈၀၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် လားဟူ ဒီမိုကရက်တစ်သမဂ္ဂ (LDU)သို့ လုံးဝအခွန်ကင်းလွတ် ၁၅ စီးစီနှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင် အစီး ၃၀ စီဖြစ်ပြီး အဆိုပါ အဖွဲ့များမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတက်မှု မရှိသေးသည့်အတွက် ရယူခြင်း မရှိသေးကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။ The Daily Eleven မှ ရရှိခဲ့သော အချက်အလက်များအရ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန) တွင် ငြိမ်းချမ်းရေး ကားပါမစ်များအတွက် အစီး ရေ ၃၀၀၀ ချန်ထားကြောင်း သိရသည်။ သို့ရာတွင် ထိုအစီးရေ ၃၀၀၀ အနက် မည်မျှကို ပါမစ်ထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် မည်သည့်ကား အမျိုးအစားများ တင်သွင်းနေသည် ဆိုခြင်းကို အစိုးရ တာဝန်ရှိသူ မည်သူတစ်ဦး တစ်ယောက်ကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ အခြားတစ်ဖက်တွင်မူ သမ္မတကိုယ်တိုင် ထုတ်ပေးထားသော ငြိမ်းချမ်းရေး ကားပါမစ်များကို ပြန်ဝယ်ပြီး Rolls-Royce၊ Bentley အစရှိသော မြို့ပေါ်သုံး အဆင့်မြင့် ဇိမ်ခံကားများ၊ တန်ဖိုးမြင့် ပြိုင်ကားများကို တင်သွင်းနေသဖြင့် ကားပါမစ်ရရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ထိုက်သင့်သည့်တန်ဖိုး မရရှိဘဲ ဖြစ်နေသည့်အပြင် နိုင်ငံတော် အနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာ နစ်နာပြီး ကြားပွဲစား အဆင့်ဆင့်နှင့် ပါမစ်ဝယ်ယူ တင်သွင်းသူ အချို့သာ ကောင်းစားသွားခြင်းများ ရှိနေကြောင်း သိရသည်။ ထို့အပြင် ငြိမ်းချမ်းရေး ကားပါမစ် အစီအစဉ်အရ တင်သွင်းလာသည့် လက်ရှိအစီးရေ ၁၀၀၀ အတွက်ပင် အနည်းဆုံး အခွန်ငွေမှာ ကျပ်ဘီလျံ ၂၀၀ အထိ နစ်နာလျက် ရှိနေကြောင်း သိရသည်။ အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင် တန်ကြေးရှိသော Rolls- Royce ကဲ့သို့ ကားတစ်စီးအား အခွန်ပေးဆောင်၍ တင်သွင်းမည် ဆိုပါက အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အထိ ကျသင့်မည်ဖြစ်ပြီး အခွန်ဆောင်ပြီး ကားတစ်စီး တန်ဖိုးသည် ကျပ်သိန်းပေါင်း ၁၃၀၀၀ ၀န်းကျင်အထိပင် ကျသင့်မည် ဖြစ်ကြောင်း၊ အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ပါမစ် ဆိုပါက ၀ယ်ယူတင်သွင်းသူသည် အခွန်ငွေ ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အား လုံးဝပေးဆောင်ရန် မလိုသည့်အတွက် ပြည်သူ့ဘဏ္ဍာများစွာ နစ်နာနေခြင်း ဖြစ်သည်။ ပါမစ်တန်ဖိုးမှာ တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အမှန်တကယ် ရရှိသည့် တန်ဖိုးမှာ ပါမစ်တစ်စောင်အတွက် အနည်းဆုံး ကျပ်သိန်း ၅၀၀ မှ အများဆုံး ကျပ်သိန်း ၁၅၀၀ သာ ရရှိမည်ဖြစ်သည်။ ငြိမ်းချမ်းရေး ပါမစ်များဖြင့် လက်ရှိ တင်သွင်းထားသည့် အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင်အထိ တန်ကြေးရှိသော Rolls- Royce အမျိုးအစား ကားများမှာ ယခုအခါ မြန်မာနိုင်ငံအတွင်း အစီးရေ ၃၀ ၀န်းကျင် အထိပင် ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်ဒေါ်လာ သုံးသိန်းအထိ တန်ကြေးရှိသော Bentley အမျိုးအစား ကားများသည် အစီး ၂၀ နီးပါးအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ အဓိကအားဖြင့် ငြိမ်းချမ်းရေး ကားပါမစ်များဖြင့် တင်သွင်းနေသော ဇိမ်ခံကားများကို မြ၀တီနယ်စပ်နှင့် တာချီလိတ်တို့မှ တင်သွင်းလျက် ရှိကြောင်းနှင့် ကညနသို့ ဆက်သွယ်မေးမြန်းချက်အရ ငြိမ်းချမ်းရေးပါမစ်ဖြင့် တင်သွင်းသည့် ကားများထဲတွင် Rolls-Royce, Bentley, Lamborghini, Lexus, BMW ကဲ့သို့ကားများ အများဆုံး နံပါတ် ထုတ်ယူကြောင်း သိရသည်။ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကားပါမစ်များ ထုတ်ပေးနေသည့် အစီအစဉ်ကို မကြိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သော RFA သတင်းဌာနနှင့် အင်တာဗျူး အစီအစဉ်တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ''အစ်မကတော့ မကြိုက်ဘူး။ ဘယ်လို အဓိပ္ပါယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလဲ အစ်မနားမလည်ဘူး။ ကားပါမစ်က ကားပါမစ်သက်သက် ကိစ္စပေါ့နော်။ သူ့ဘာသူ သူ့လမ်းနဲ့သူ သွားရမှာ။ အပစ်အခတ် ရပ်စဲရေးတွေကတစ်ဆင့် တိုင်းရင်းသားတွေကို ကူညီချင်တယ်ဆိုရင် တခြားဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ အများကြီး ကူညီလို့ ရတာပဲ။ ဒီကားပါမစ်ကိစ္စက အများကြီး ရှုပ်ရှုပ်ထွေးထွေးလည်း ရှိတတ်တယ်လေ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

No comments: