Tuesday, December 31, 2013

၈၈ကျောင်းသားခေါင်းဆောင်ဟောင်း ကိုသူရိန် ဗမာပြည်ဗီဇာရသွားပြီ..။

၈၈ကျောင်းသားခေါင်းဆောင်ဟောင်း ကိုသူရိန် ဗမာပြည်ဗီဇာရသွားပြီ..။
လွန်ခဲ့တဲ့ရက်ပိုင်းက စင်္ကာပူနိုင်ငံမြန်မာသံရုံးက မြန်မာပြည်သွားရောက်ရန် ဗီဇာငြင်းပယ်ခံရတဲ့ နော်ဝေးနိုင်ငံကူးလက်မှတ်ကိုင် ဆောင်ထားသူ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုသူရိန်ဟာ ဒီကနေ့ တနင်္လာနေ့မှာ မလေးရှားနိုင်ငံကနေ ထပ်မံလျှောက်ထားရာ၊ မလေးရှားနိုင်ငံအခြေစိုက် မြန်မာသံရုံးက ဗီဇာထုတ်ပေးလိုက်တယ်လို့ သိရပါတယ်။

လာမဲ့နှစ်သစ်ကူးနေ့(၁ရက် ဇန်န၀ါရီ ၂၀၁၄)နေ့မှာ အသက် ၈၁နှစ်အရွယ်ရှိ မိခင်အိုကြီးကို တွေ့ရတော့မယ့် ယခင် ဗသကပြန်ကြားရေးမှုးဟောင်း ကိုသူရိန်ဟာ သူရဲ့ ၂၆နှစ်တာအတွင်း ပထမဆုံးအကြိမ် မြန်မာပြည်ကို ပြန်လည်ခြေချနိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်မှာ လည်ပတ်နေထိုင်နေစဉ်ကာလအတွင်း ကိုသူရိန်ဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ရဲဘော်ရဲဘက်များနဲ့ တွေ့ဆုံပြီး လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကိုလည်း လေ့လာသွားမယ်လို့ ပြောခဲ့ပါတယ်။

" ကျနော့အနေနဲ့ နော်ဝေးနိုင်ငံသားခံယူထားခဲ့ပေမဲ့ မြန်မာနိုင်ငံသားတယောက်လိုပဲ စိတ်မှာခံယူထားပါတယ်၊ မြန်မာ့အရေးကို သေတပန်သက်ဆုံးလုပ်သွားဖို့လည်း ဆုံးဖြတ်ထားတယ်၊ နိုင်ငံရေးစိတ်က ဘယ်တော့မှကုန်ဆုံးသွားမှာမဟုတ်ဘူး၊ အခုခရီးစဉ်မှာ ၂၀၁၅ ရွေးကောက်ပွဲကျရင် ဒေါ်အောင်ဆန်းစုကြည် သမတဖြစ်ရေးသာမက အင်န်အယ်လ်ဒီပါတီမဲအောင်နိုင်ရေးအတွက်ပါ လက်လှမ်းမှီသလောက် မိတ်ဆွေရဲဘော်တွေနဲ့ ဆွေးနွေးထောက်ခံသွားမှာဖြစ်ပါတယ်" လို့ ကိုသူရိန်ကပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က စင်္ကပူသံရုံးကနေ ဗီဇာငြင်းပယ်ခံရတဲ့ကိုသူရိန် ပြည်ဝင်ခွင့်ရရှိရေးအတွက် ရန်ကုန်နဲ့ ထိုင်းနိုင်ငံမှာနေထိုင်နေတဲ့ ယခင်လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးလှုပ်ရှားသူများကလည်း သမတရုံးနဲ့ သက်ဆိုင်ရာ ပုဂိုလ်များထံချည်းကပ်ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

ယခ္ခု အသက် ၄၆နှစ်ရှိပြီဖြစ်တဲ့ ကိုသူရိန်ဟာ မြန်မာပြည်တွင်းမွေးဖွားနေထိုင်ခဲ့စဉ်ထက် ပြည်ပမှာနေထိုင်ခဲ့တဲ့နှစ်က ပိုမိုကြာမြစ်ခဲ့ပြီဖြစ်ပါတယ်။ ကိုသူရိန်ဟာ မြန်မာနိုင်ငံအတွင်း သီတင်း ၃ပတ်ကြာနေထိုင်သွားမယ်လို့လည်း သိရပါတယ်။

ကိုညို သတင်းရေးသည်။
၃၀၊၁၂ ၂၀၁၃.။

No comments: