Friday, December 20, 2013

၂၀၁၅ ရွေးကောက်ပွဲအား ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ချုပ်က သပိတ်မှောက်မည်။ ရွေးကောက်ပွဲမ၀င်ဘူး ဟူသော ဖေါ်ပြချက်များသည်အဓိပ္ပါယ်လွဲမှားစေနိုင်သော ဖေါ်ပြချက်များ ဖြစ်နေ

ယခုရက်ပိုင်းအွန်လိုင်းမီဒီယာအချို့နှင့်ပုံနှိပ်မီဒီယာအချို့တွင်ဖေါ်ပြနေကြသော ၂၀၁၅ ရွေးကောက်ပွဲအား ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ချုပ်က သပိတ်မှောက်မည်။ ရွေးကောက်ပွဲမ၀င်ဘူး ဟူသော ဖေါ်ပြချက်များသည် ၁၅၊၁၂၊၂၀၁၃ သာယာဝတီမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် ကြားချက်များကိုအဓိပ္ပါယ်လွဲမှားစေနိုင်သော ဖေါ်ပြချက်များ ဖြစ်နေသည်ကိုတွေ့ရှိရပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်များကို ပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။

သာယာဝတီမိန့်ခွန်းကောက်နှုတ်ချက်။

... “ ကျွန်မကတော့ တပ်မတော်မှာရော၊ အခြားအဖွဲ့အစည်းတွေမှာရော၊ အခြားနိုင်ငံရေးပါတီတွေမှာရော ကိုယ့်သိက္ခါကိုတန်ဘိုးထားတဲ့သူတွေ ရှိတယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။ ကိုယ့်သိက္ခါကိုယ် တကယ်တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်များဟာ ၂၀၁၅ ကြရင် ၂၀၀၈ ဖွဲ့စည်းပုံမပြင်ပဲနဲ့ ရွေးကောက်ပွဲ မ၀င်ဘူးလို့ ထင်တယ်။ ကိုယ့်ဘက်ကိုကိုယ်အလေးသာအောင်လုပ်ထားပြီးမှ ၀င်တယ်ဆိုတာ မသင့်တော်ဘူး။

ဥပမာဆိုပါစို့ ကျွန်မတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ဆန္ဒကို ထောက်ထားပြီး ၀င်မယ်ဆိုရင်ကျွန်မတို့က စွန့်စားပြီး ၀င်ရမှာ။ မမျှတတဲ့အခြေအနေမှာ စွန့်စားပြီး ၀င်ရမှာ။ ကျွန်မတို့က သိက္ခါကျစရာဘာမှမရှိဘူး။ အဆင်သင့်ယူပြီးတော့ ၀င်တဲ့လူတွေအတွက်တော့ သိက္ခါမရှိဘူးလို့ ကျွန်မ ဒီလိုပဲ ပြောချင်ပါတယ်။ “ .......

အာအက်ဖ်အေရေဒီယိုမြန်မာပိုင်း၊ ဒီမိုကရေစီခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည်အသံလွှင့်အစီအစဉ် ( ၁၉၊၁၂၊၂၀၁၃) မှ အမေးအဖြေ။

ဦးခင်မောင်စိုး။ ။ … ကိုယ့်သိက္ခါကိုယ် တကယ်တန်ဘိုးထားတဲ့ ပုဂ္ဂိုလ်တွေဟာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံကို မပြင်ပဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တစ်ချို့က လာမယ့်ရွေးကောက်ပွဲကို NLD က သပိတ်မှောက်မယ့် သဘောလို့ ယူဆနေကြပါတယ် ခင်ဗျာ။ ဒါနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းပြောဆိုပေးပါ ခင်ဗျာ။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒါကတော့ မတရားတဲ့ ရွေးကောက်ပွဲကို မ၀င်ဘူးဆိုတာက ဒီလိုဟာမှာ ယှဉ်ပြိုင်ချင်တဲ့စိတ် မရှိရဘူးလို့ ဒီလိုပြောတာပါ။ ကိုယ့်ဘက်ကနေပြီးတော့ တစ်ဖက်ကနေပြီးတော့ အသာရထားတဲ့ပွဲမှာ ယှဉ်ပြိုင်ချင်တဲ့စိတ်ရှိတာဟာ ကိုယ့်သိက္ခါကိုယ် မထောက်ထားရာ ရောက်တာပေါ့။

No comments: