Sunday, March 16, 2014

အရိုးအိတ်များနှင့်အလွမ်းပုံပြင်

မခင်ဦးရေးတဲ့  ( အရိုးအိတ်များနှင့်အလွမ်းပုံပြင်)
ထိုနေရာ။ ထိုနေရာကလေးသို့ ကျွန်မမကြာခဏရောက်တတ်သည်။ ထိုနေရာ။ ထိုနေရာသည် ရန်ကုန်မြို့၏ ရေခဲတိုက်နှင့်မျက်နှာချင်းဆိုင်။ နှစ်ထပ်အဆောင်အဦး။ ထိုအဆောက် အဦးသည် ရန်ကုန်ဆေးရုံကြီးကိုစတင်တည်ဆောင်သည့် ၁၉၀၀ပြည့်အစနှစ်များကပင်ဆောက်ခဲ့သည့် အဆောက်အဦးတခုဖြစ်ကောင်းဖြစ်ခဲ့မည်။
အောက်ထပ်၏ အုတ်များကနီနီ။ အပေါ်ထပ်ခေါင်းမိုးမှာ ဟောင်းနွမ်း ဆွေးမြေ့စပြုခဲ့ပြီ။ အောက်ထပ်မှာ လူသေအလောင်းတို့ကိုရင်ခွဲသည့်ရင်ခွဲခန်းများရှိသည်။ အပေါ်ထပ်မှာတော့ မှုခင်းဌာန၏ ရုံးခန်း။ လူသေတို့ကိုခွဲစိတ်သောရင်ခွဲခန်းများအကြားမှာ အပေါ်ထပ်သို့တက်သောလှေခါးရှိသည်။
လှေခါးက ခပ်မြင့်မြင့်။ လှေခါးထိပ်မှာတော့ အတန်ငယ်ကျယ်ဝန်းသော ကျမ်းပြင်။ ၀ဲဘက်မှာ မှုခင်းဆရာဝန်ကြီး၏ ရုံးခန်း။ ယာဘက်မှာ တယောက်သောဝန်ထမ်းအမျိုးသမီး၏ရုံးခန်းငယ်ရှိသည်။ ထိုအမျိုးသမီးကား ကျွန်မ၏ချစ်ခင်ရသောမိတ်ဆွေ။ ကျမထက် အသက်တဆယ့်ငါးနှစ်ခန့် ကြီးသည်။ ထိုကြောင့် ကျွန်မက မမဟုသာခေါ်သည်။ တကယ်လည်း အမတယောက်လို ပါပင်။ မမက ကိုယ်လုံး ကိုယ်ထည်လှသည်။ မျက်နှာချိုရွင်သည်။
အမြဲတန်းပြုံးရယ်ရွင်ပြရှိသော သူမ။ စိတ်ရင်းစိတ်ထားဖြူပြီး မိတ်ဆွေအချင်းချင်းအကြားအနစ်နာခံသောသူမ။ သူမ၏ အလုပ်တာဝန်မှာ မှုခင်းဘက်ဆိုင်ရာဓါတ်ခွဲကျွမ်း ကျင်သူ။ ရေခဲတိုက်နှင့်ရင်ခွဲရုံ။ လူသေတို့ကို ထားရှိရာနေရာ။ ရေခဲတိုက်ဆိုသည်က ဆေးရုံမှသေဆုံးသွားကြသော လူသေအလောင်းတို့၏ ကျန်ရန်သောရုပ်ခန္ဓာကိုယ်ကို ယာယီအားဖြင့်ထားရှိရာနေရာ။ ရင်ခွဲရုံဆိုသည်က သေဆုံးသူတို့အား အဘယ်ကြောင့်သေရသည်ဆိုသည့်အကြောင်းခြင်းရာကို ဆရာဝန်များက စုံးစမ်းစစ်ဆေး ရင်ကိုခွဲစိတ်၍ စစ်ဆေးသည့်နေရာ။
ထိုနေရာများကို ကျွန်မငယ်ရွယ်စဉ် ဇာတိ။ဇရာ၊ မရဏအကြောင်း သိပ်မသိတတ်စဉ်က အလွန်မုန်းတီးသည်။ မမုန်းဘူးဆိုသည့်တိုင်တိုင် ဟင့်အင်း။ သွားပါဆိုလျှင် မသွားချင်။ မသွားချင်မိသေး။ ကိုယ်က ငယ်သေးသည်။ အသက်ကလေးမှာ အစိတ်ကျော်ကျော်။ အသက်သုံးဆယ်ဘက်ပင် မပြည့်သေး။ လှဆဲပဆဲ။ အေးလေ။ ကိုယ့်ကိုကိုယ် ထင်မိသည်ဘဲထား။ နှုတ်ခမ်းနီ၊ ပါးနီအဖွေးသားဖြင့် သေခြင်းတရား ဆိုသည်ကို စောင်းငဲ့၍မှ မကြည့်ချင်သေးသူ။ သို့သော် ထိုနေရာ။ ရင်ခွဲရု့အပေါ်ထပ်သို့ မကြခဏရောက်ဖြစ်ခဲ့သည်။ ××××××× ( ဟဲ့ --တို့များရုံးကို လာလည်လေ။ မုန့်ကျွေးမယ်။ ) ( မမကလဲ မမတို့ရုံးက ရေခဲတိုက်အနားမှာမဟုတ်လား။ မလာချင်ပါဘူး။ ကြောက်တယ်။) ( အမယ်လေးဟယ်။ လူဆိုတာ သေမျိုးပါ။ လာခဲ့။ ဒါမှသေခြင်းတရားနဲ့ ယဉ်ပါးမယ်။ )
ကျွန်မကချစ်ခင်၍ ကျွန်မကိုချစ်ခင်သော မမဓါတ်ခွဲကျွမ်းကျင်သူကြောင့်ပင် ကျွန်မမမရှိရာ ရင်ခွဲရုံအပေါ်ထပ်မှ သူမ၏ ရုံးခန်းလေးရှိရာသို့ မကြာခဏရောက်ဖြစ်ခဲ့သည်။ တကယ်တော့လည်း ကျွန်မကိုယ်ကျွန်မ ကြောက်ရွံ့ တတ်သောစိတ်ကို မနှစ်သက်။ ထိုကြောင့်လည်း မမဆီကိုသွားဖြစ်အောင်သွားမည်။ ကြောက်သည်ဟုပြောမိ သည်က မမကိုပင်တမင်သက်သက် နွဲ့ခြင်း။
သူက ကိုယ့်ကို ညီမလေးလိုချစ်ခင်သည်မို့ ပို၍ နွဲ့ချင်သည်။ မလာချင်သလိုလို လာချင်သလိုသို လုပ်ပြမှ သူကမုန့်ကောင်းကောင်းလည်းကျွေးမည်မဟုတ်လား။ သည်လိုနှင့် တခေါက်မက။ နှစ်ခေါက်မက ။ အကြိမ်ကြိမ် ရောက်ဖြစ်သော ရင်ခွဲရုံဆိုသောထိုနေရာ၏ အပေါ်ထပ်ရှိရုံးခန်းငယ်ကလေး။ ( ဒီနေ့ ငါ့ညီမလာလည်မယ်ဆိုလို့ မင်းတို့အကိုက ခေါက်ဆွဲကျော်လာပို့တယ်။ ၀က်နံကင်တွေတောင်ပါ သေးတယ်။)
မင်းတို့အကိုဆိုသည်မှာ မမ၏ခင်ပွန်း။ မမ၏ခင်ပွန်းကလည်း မမလိုပင်သဘာကောင်းသော အရာရှိကြီးတဦး။ ကျွန်မအတွက် အလွန်ဆိုးနွဲလို့ကောင်းသူများ။ အိမ်ကိုသွားသွား၊ ရုံးတွေမှာသွားလည်လည် အကောင်းစား အစားအစာတွေကို ရှာကြံကျွေးမွေးတတ်သူတွေ။ သည်လိုနှင့် နေ့လည်နေ့ခင်းထမင်းစားချိန်တိုင်း မမ၏ရုံးခန်းကလေးမှာ မမနှင့်အတူနေ့လည်စာသုံး ဆောင်ဖြစ်သည့်နေ့တွေ အတော်များခဲ့သည်။
×××××××××××××× မမ၏တကိုယ်တည်းရှိသောရုံးခန်းမှာ ရုံးခန်းစားပွဲကို အလယ်မှာထား။ နံရံနှင့်ကပ်လျက်ထိုင်ခုံမှာ ကျွန်မက အမြဲနေရာယူသည်။ ဟိုဘက်က ကုလားထိုင်မှာ မမထိုင်သည်။ ကျွန်မ၏လင်္ကျာဘက်မှာ နံရံကိုကပ်ထားသော ဂုံနီအိတ်ကြီးနှစ်လုံးရှိသည်။ အိတ်ကြီးတွေက တင်းပြည့်လျက်။ အိတ်ထဲမှာ ဘာပစ္စည်းတွေရှိသလဲဆိုသည်ကို မမေးမိဘဲ နေ့ရက်များစွာအတော်ကြာခဲ့သည်။
နေ့တနေ့မှတော့ စိတ်ကူးရသည်နှင့် - ( မမ ၊ ဒီအိတ်ထဲက ဘာတွေလဲ။) မမက ရုတ်တရက် မဖြေခဲ့။ ( မမ။ ဘာတွေလဲ ဟင်။ ) ကျွန်မက အိတ်ကြီးကိုလက်ဖြင့်စမ်းရင်းမေးမိပြန်သည်။ ( အင်း။ ကောင်မလေး ။ ငါဖြေရင် ငိုဦးမယ်။ မမေးနဲ့၊ ) မမပြောမှ ကျွန်မက ပိုသိချင်ပြန်သည်။ ( ပြော-ပြော။ မငိုဘူး။) ( အဲဒါ အရိုးတွေ။ မနှစ်က မတ်လမှာ ဆန္ဒပြတဲ့လူပေါင်းလေးဆယ်ကျော် အလုံပိတ်ကားနဲ့ဖမ်းသွားလို့ အသက်ရှုမရဘဲသေသွားခဲ့တယ်မဟုတ်လား။ သူတို့ရဲ. အရိုးတွေလေ။) မမအသံက တိုးညှင်းလွန်းလှသည်။ ပြောရင်းဆိုရင်း တိမ်ဝင်သွားသောအသံနှင့်အတူ မမငိုလေပြီ။ ကျွန်မကရော။ ငိုပြီလေ။ ငိုရပြီလေ။ ထိုနေ့က ကျွန်မတို့ထမင်းမစားဖြစ်တော့။ အလွန်ကောင်းသော ဟင်းလျာများကို မေ့လျာ့ခဲ့ကြပြီ။ ပြီးတော့ သူ့မျက်ရည် ကိုယ်သုတ်။ ကိုယ့်မျက်ရည်ကို သူသုတ်ပေး။ နှစ်ယောက်သား မွန်းကျပ်လွန်းသဖြင့် လေဟာပြင် ဘက်မှ အုတ်ခုံလေးပေါ်သွားထိုင်ကြသည်။ ထိုအချိန်မှာ ၁၉၈၉ခုနှစ်။ ×××××××××××××× ၁၉၈၈ခုနှစ်၏ မတ်လထဲမှာ ဂျူလိုင်လ ၁၈ ရက်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအမည်ခံစစ်အစိုးရ၏ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဦးမင်းဂေါင်အား နှုတ်ထွက်ခွင့် ပြုလိုက်သည်။ မတ်လအတွင်း အင်းစိန်ထောင် အပြင်ဘက်၌ ဖမ်းဆီး ခံရသူဆန္ဒပြသူ ၄၁ ဦး ထောင်ကားအလုံပိတ်ပေါ်၌ အသက်ရှုကြပ်ကာသေဆုံးခဲ့မှုတွင် သူတာဝန် ရှိကြောင်း ဝန်ခံသည်။ အာဏာပိုင် များက မတ်လအတွင်း လူနှစ်ဦးထက် ပို၍ သေဆုံး ခဲ့ကြောင်း ဝန်ခံသည်မှာပထမဆုံး အကြိမ် ဖြစ်သည်။
၁၉၈၈ခုနှစ်၏ မတ်လကာလအချိန်များကတော့ လူ(၄၁)ဦးသေဆုံးခြင်းကိစ္စကို ဖုံးကွယ်ထားခဲ့သည်။ ဂျူလိုင်လ (၁၈)ရက်နေ့မှာတော့ ၀န်ခံခဲ့သည်။ ကျွန်မကတော့ အစိုးရ၏ မရိုးသားမှုကိုလည်း မနှစ်သက်။ တာဝန်မခံတတ်သော အလေ့အထကိုကား ပို၍ပင် စိတ်ကုန်ခမ်းသည်။ အစိုးရတခုသည် လူထုကို မလိမ်သင့် ။ မညာသင့်။ ရိုးသားခြင်းသည် လူတိုင်းနှင့် သက်ဆိုင်သလို အစိုးရဆိုသော ခေါင်းဆောင်သူများကားပို၍ ဖြူစင်ဖြောင့်မတ်သင့်သည်ဟုသာ ထင်မြင်သူ။ ×××××××××××× ထိုအတိတ်။ မည်သို့မှ မမေ့သေးပါခဲ့။ ကျွန်မနှင့် မမတို့ နောက်ထပ်လည်း ထိုရုံးခန်းငယ်ထဲမှာ မကြာခဏ တွေ့ဆုံကာ ထမင်းအတူစားသောက်ခဲ့စမြဲ။ အခုတော့ မမတယောက်လည်း ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားခဲ့ပါပြီ။ သူမသေဆုံးစဉ်က ကျွန်မသည် အဝေးတနေရာကိုရောက်ရှိနေခဲ့သဖြင့် သူမ၏ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့။ ကျွန်မ တကယ်ပင်နာကျဉ်စွာခံစားခဲ့ရပါသည်။
ကျွန်မတို့ ထိုအရိုးအိတ်ကြီးနှစ်လုံးကို တခါကရဲဘော်ရဲဘက်များ ဟုသာထင်မြင်ယူဆခဲ့ကြသည်။ ကျွန်မတို့၏ ကျဆုံးသွားခဲ့ပြီဖြစ်သော ရဲဘော်ရဲဘက်များ။ သူတို့ဆန္ဒဖြစ်သာ ဒီကမိုကရေစီနှင့် လူ့အခွင့် အရေးတွေရရှိအောင် မမှိတ်မသုတ်သော စိတ်ဓါတ်ခွန်အားများဖြင့် ကျွန်မတို့ကြိုးစားကြရပါဦးမည်။ နောက်မဆုတ်တမ်းလေ။
မမဦး။
ပေးပို့ ထားပါတယ်။
( ၁၆-၃-၁၄)

ပြန်လည်မျှဝေပေးပါတယ်
U Tun Wai

No comments: