Monday, March 10, 2014

“သာဆန်းရဂုံဘွေ”

March 10, 2014 at 3:31pm
         မမျှော်လင့်ပဲ သာလည်းသာ ဆန်းလည်းဆန်းတဲ့ တောရိပ်တောင်ရိပ်တွေဆီကို ခတ္တခဏခိုနားဖို့ရာ ရောက်သွားခဲ့တဲ့ ခရီးကတော့ ဘားအံ ပါ။ ခရီးယာယီတွေက အကြောင်းအရာ ခေါင်းစဉ်အမျိုးမျိုး နဲ့ မရိုးရအောင် ပေါ်လာတော့လည်း ဖတ်စရာစာတစ်ပုဒ် တိုးပြန်တာပေါ့နော့။

          ဘားအံကိုသွားတာများ ဘာဆန်းသလဲ လို့ တော့ မပြောလိုက်ပါနဲ့။ ကိုယ့်အဖို့ ဘားအံကို လေးခေါက်ရောက်ခဲ့ရာမှာ တစ်ခါနဲ့တစ်ခါ မတူပဲ သာ၍သာ၍ ဆန်းဆန်းလာလို့ ဆန်းတယ် လို့ ပြောရတာပေါ့။ ပထမဦးဆုံးရောက်ခဲ့တာက ဆေးကျောင်းသားဘ၀၊ သူငယ်ချင်း မင်းသားကြီးနဲ့ ကရင်ပြည်နယ်နေ့ပွဲတော်မှာ သူသီချင်းဆိုတဲ့ဆီကို လိုက်သွားတာ။ ၀က်ဝက်ကွဲစည်ကားပြီး အုန်းအုန်းကြွက်ကြွက် အားပေးကြတာကို နတ်ကရာ ကျီးမောပြီး အပြန်ခရီးကျတော့ သာမည၊ ကျိုက်ထီးဆောင်း၊ ဘုရင့်ညီဂူ လှည့်ပတ် ဘုရားဖူးခဲ့တယ်။ ကိုယ့်ထက်သူကပို ကုသိုလ်ရပါတယ်။ အဲသည်ခရီးက စခဲ့တဲ့ သတ်သတ်လွတ်အဓိဋ္ဌာန်က အခုဆို အနှစ်နှစ်ဆယ်တောင် ပြည့်ရော့မယ်။ ခုချိန်ထိ မပျက်မယွင်း စောင့်ထိမ်းထားတုန်း။ (မို့ ထင်မထားဘူး။)

           ဒုတိယတစ်ခေါက် ရောက်သွားတာက နောက်ဆယ်နှစ်အကြာ စာရေးဆရာမ ဒေါက်တာလမင်းတို့ စန္ဒယားဘသန်းတင်တို့နဲ့ လိုက်သွားတာ။ ဒီတစ်ခါတော့ စိုးလည်း ထင်မထားဘူး။ သီချင်းဆိုဖို့ လိုက်သွားတာလေ။ ဆရာမ မိုးပန်းမွန်(ရာမည)၊ ဆရာမ ယမုံသက်လယ်၊ ဆရာ ၀င့်ဝေနောင်၊ ဆရာ ဦးသူရဇော်၊ ဆရာ မှော်ဝန်းကြည်မြတ်၊ ကာတွန်း ရွှေမင်းသား၊ စာရေးဆရာတွေ တစ်အုပ်ကြီးနဲ့ ပါသွားတာ။ အားလုံးထဲမှာ ဘာမှ မဟုတ်တာဆိုလို့ ကိုယ်တစ်ယောက်ရှိတာ။ အားမငယ်ပါဘူး။ အသံကလေးအားကိုး ရုပ်ကလေးအားကိုးနဲ့ ဆိုပခဲ့တာပေါ့။ ကိုယ့်ဘယ်သူမှမသိပဲ ထင်ရာလုပ်ရတာလောက် အရသာရှိတာ ဘာမှမရှိဘူး။ ခုချိန်မှာ အဲဒီတုန်းက ကောင်နာကလေးက ဖေ့စ်ဘုတ်ပေါ်စာရေးပြီး ဘုတ်အုပ်ကြီးတွေတောင် ထုတ်ထားနှင့်ပြီလို့ ပြောရမှာ ရှက်တာကြောင့်  ဘယ်သူ့မှ အသိပေးမထားသေးဘူးဗျ။ ဆရာမ ဒေါက်တာလမင်း တစ်ယောက်ပဲ သိတယ်။ (ဟွန့် ခါတိုင်းဆို သူ့စာထဲ ပါမှာကြောက်လို့ “ထည့်မရေးနဲ့နော်။ ထည့်မရေးနဲ့နော်။” အော်နေရတာ။ ခုတော့ ဘာတတ်နိင်သေးလဲ။ ကလဲ့စားချေလို့ရပြီ။ အဟိ) အဲဒီတုန်းကတော့ နောက်ဆယ်နှစ်လောက်ကြာရင် အခုလိုမျိုး ငုတ်တုတ်ထိုင် ဘုတ်အုပ်ကိုင် စာတွေထိုင်ရေးနေရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးပေါင်ဗျာ။

            တတိယအကြိမ် ရောက်သွားတော့လည်း မတူပြန်ဘူးဗျာ။ ပြင်သစ်သံရုံးမှာ ပြင်သစ်စာသင်နေတဲ့ ကျောင်းသားအဖြစ်နဲ့ သုဝဏ္ဏဘူမိ ရွှေမြေကြီးကို ခြေရာကောက်ကြတယ်။ နိုင်ငံခြားသားတွေလည်း ပါတယ်။ ဘုရားသမိုင်း၊ ကျောင်းသင်ရိုးသမိုင်း နဲ့ နိုင်ငံခြားသားတွေ ရေးထားတဲ့သမိုင်းတွေ မတူတာကို “ဟိုပေါ့နော်။ ဘယ်လိုပြောရမလဲ။ ချောကလက်၊ ပေါက်ထွက်သွားတာ။” နဲ့ တတ်သမျှ မှတ်သမျှ ညာဖြီး အာရွှီး နှီးနှော ဖောရှော လုပ်ခဲ့တာပေါ့။ ရှေးရှေးက သမိုင်းတွေကို ပြန်ပြန်ပြောတဲ့အခါမှာ လွတ်လပ်ရေးရပြီးမှ ဖြစ်လာတဲ့ မြန်မာပြည်မြေပုံကြီးနဲ့ လှေနံဓါးထစ်လုပ်လို့ ကိုက်ချင်မှ ကိုက်တာလို့ တွေးမိလာတယ်။ သုဝဏ္ဏဘူမိဆိုတာ ကိုယ်တွေကလည်း သထုံက တစ်ပြားမှမလျှော့။ ထိုင်းတွေကလည်း သူတို့အရပ် သူတို့မြေပါဆိုပြီး လေဆိပ်ကြီးပါ အဲ့ဒီနံမယ် မှည့်ပလိုက်တာ။ အဲ့ဒီအချိန်တုန်းကတော့ ကိုယ့်လာမေးရဲမေးကြည့်။ “ညီး လျှာမရှည်ပါနဲ့အေ။ ငါကဂိုက် နင်တို့ကဧည့်သည်။ ဟုတ်တာ မဟုတ်တာအပထား။ ငါပြောသမျှ နားထောင်။ မယုံရင် ပုံပြင်မှတ်။” လို့ ညစ်တွန်းတွန်းပြီး ပွဲသိမ်းပလိုက်မယ် လို့ တာစူထားတယ်။ ဘယ်ထင်မလဲဗျာ။ အခုလိုမျိုး တစ်ခုခုရေးမယ်ကြံရင် “မဟုတ်ကဟုတ်က အမှန်တ၀က်ရော အမှားတ၀က်ရောတွေ ကိုယ်နဲ့မဆိုင်တဲ့ ကိုယ်မပိုင်တဲ့ ကိစ္စတွေမှာ ၀င်ဝင်မငံနဲ့။”  လို့ ကတော်ရုပ်ကလေးတွေက ကလော်တုပ်မှာကြောက်တာနဲ့ ကျမ်းကိုးပြစရာတွေ ဖင်ခုထိုင်ထားရလိမ့်မယ်လို့။ ထင်ကိုမထင်ဘူး တကယ်။

              အခုစတုတ္ထမြောက်ခရီးက အဆန်းဆုံးလို့ ဆိုရမယ်။ ကိုယ့်ဆရာသမား ရှီးဖောတစ်ယောက်က သူတို့ ဇနီးမောင်နှံ မင်္ဂလာသက်တမ်း ၂၆ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ အတိတ်ဟောင်းကလေးတွေကို ပြန်လည်တူးဆွ တမ်းတတတ်သည် လုပ်တဲ့ခရီးမှာ ပလီစိချောက်ချက်ရေးတတ်လွန်းတဲ့ ကိုယ့်ကို စာရေးသူတစ်ယောက်အနေနဲ့ သိကြားစေ သက်သေညွှန်းဖို့ ဖိတ်ခေါ်တာပါ။ အမြဲတမ်းလိုလို ကိုယ်ကချည့်ပဲ “ဟယ် ဟိုဥစ္စာလေးက ဘယ်လို၊ ဟိုတုန်းကတော့ ဘယ့်နှယ်၊ ဒါက ဒီလိုရှိ။ ဟွာက ဟိုလိုရှိ” နဲ့ Story teller အလုပ်ကောင်းလာခဲ့တဲ့ မောင်စံဖားလည်း သည်ခရီးမှာတော့ နာယူမှတ်သား အတွေးပွားရတဲ့သူတစ်ယောက် ဖြစ်သွားရပြန်ပါတယ်။ ကိုင်း ဒါလည်း ထင်မထားဘူး။ တွေ့ပြီလား။

           ကရင်ပြည်နယ်နဲ့ ကိုယ်နဲ့ အကျိုးပေးချက်ကတော့ ခရီးလေးခေါက်စလုံးမှာ ဤဖေကိုယ်ကလေးအတွက် စားရိတ်ငြိမ်း ပွဲသိမ်း ကုန်းဆင်း ဒိုင်ဗင်တင်လှလုပ်ရတာဆိုတော့ ကရင်က ထန်းလျက်အိုးတွေ့တာလား ထန်းလျက်အိုးက ကရင်ကိုတွေ့တာလားတောင် မပြောတတ်တော့ပါဘူး။ စာချိုချိုကလေးတွေ စားမြုံပြန်နေတာသာ ကြည့်ပါတော့။

           ဆရာကပြောတာတော့ ကရင်ပြည်နယ်ဆိုတာ သူတို့အတွက် အင်မတန် အမှတ်ရစရာတွေနဲ့
နေရာမလပ် ပြည့်နေတဲ့အရပ် တဲ့။ ဘယ်နေရာရောက်ရောက် ဘယ်တုန်းက ဘာလုပ်ကြတာလေ ဆိုတဲ့ ပြန်အမှတ်ရစရာကလေးတွေ ရှိသတဲ့။ စိတ်ဝင်စားစရာကောင်းတာကတော့ ကရင်ပြည်နယ်ဟာ သူ့ရဲ့ အမှုထမ်းသက်ကို စခဲ့တဲ့နေရာ၊ အဲသည်နေရာမှာမှ သူအမှုထမ်းခဲ့ရတာ မင်းမှုထမ်းသက်သက် မဟုတ်ပဲ စစ်မှုထမ်းရတဲ့ စစ်ဗိုလ်စစ်သားဘ၀ ဖြစ်နေပြန်ပါရော။ သူတို့ခေတ်တုန်းက ဆေးကျောင်းဆင်း၊ အလုပ်သင်ပြီးလို့ ပီအက်စ်စီစာမေးပွဲတွေ ဖြေပြီးတဲ့အခါ “အမိနိုင်ငံတော်ကို ကာကွယ်ရန် သင့်ကို တပ်မတော်မှ အလိုရှိသည်။” လို့ ဆိုလိုက်ရင် ဘာမှ ငြင်းမနေနဲ့။ ဘိုကေညှပ်၊ အထုပ်ပြင်၊ သုံးနှစ်လောက်တော့ ရှေ့တန်းကြွရတော့သတဲ့။ ကိုယ်ကရွေးလို့ရတာ မဟုတ်ပဲ ကိုယ့်ကိုရွေးလို့ရသွားတဲ့ အလုပ်တစ်ခုအတွက် ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ကျေအောင်တော့ ထမ်းရွက်ရမှာပဲ မဟုတ်လား။ သူတို့အလုပ်ဝင်ပြီး မကြာခင် ၈၈ အရေးအခင်းဖြစ်လို့ စစ်တပ်ကို ခါးခါးသည်းသည်း မုန်းနေကြတဲ့ အချိန်မှာလည်း ကိုယ်က စစ်တပ်ဘက်ရောက်ပြီးသားမို့လို့ ဘယ့်နှယ်မှ လုပ်စရာမရှိဘူး။ တာဝန်ဆိုတာ ချစ်ခြင်းမုန်းခြင်း မရှိဘူး။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ဖို့သာ ရှိတာပါပဲ။ ဆရာအိမ်ထောင်ကျတဲ့အခါ ညီတော်မင်းနန် သပိတ်ပိုက်လိုက်ရသလို မင်္ဂလာဆောင်ပြီးတာနဲ့ ရှေ့တန်းကိုထွက်ဖို့ အမိန့်ရလို့ အခုချက်ချင်း အလျင်အမြန်ဆိုတာတွေရဲ့နောက်ကို ဒရောသောပါး ပြေးလိုက်ကြရပြန်သတဲ့။ ဘားအံရောက်တော့မှာ ကရင်မင်္ဂလာမောင်နှံတွေ သစ္စာပြုတဲ့ ဒူဝေစေတီမှာ ဖထီးတို့အမိုးတို့ မိုးကိုကန်တော့ မြေကိုကန်တော့ တိုင်တည်ကြရတယ်။

             အဲ့ဒီတုန်းကတော့ ဘားအံဆိုတာ ခုလို ခြောက်နာရီစာ ကားမောင်းရင် ရောက်လိမ့်မယ်လို့ အိပ်မက်တောင် မမက်နိုင်ဘူး။ မော်လမြိုင်ထိ ရထားစီး၊ အဲသည်ကမှ သင်္ဘောနဲ့ဆန်တက်ရသတဲ့။ လမ်းမှာ တံတားဆိုလို့ စစ်တောင်းတံတားကြီး တစ်စင်းပဲရှိပြီး အဲ့ဒါကြီးကလည်း ညဘက်ဆို ပေးမဖြတ်၊ လုံခြုံရေးကလည်း ခုခေတ် လေဆိပ်တွေလောက် တင်းကြပ်၊ ဟိုဘက်ရောက်တော့လည်း ယာဉ်တန်းနဲ့မှ ပေးဖြတ်သတဲ့။ ဒီနေ့မှာ တစ်နာရီလောက်ပဲ မောင်းရတဲ့ သထုံကနေ ဘားအံကို ဟိုတုန်းကတော့ လေးငါးရက်လောက်ကြာတာဆိုပဲ။ သိပ်တော့အထင်မသေးပါနဲ့လေ။ ရှေးတုန်းကတည်းက ခေတ်မီတာရှိပါတယ်။ ဟယ်လီကော်ပတာတွေ ရှိနေပတဲ့။ ဆေးမှူးကလေးကို ဘားအံကနေ ရှေ့တန်းအရောက်ပို့ပေးဖို့ လက်နက်တွေ လာသယ်တဲ့ ဟယ်လီကော်ပတာကြီးနဲ့ စစ်မြေပြင်ကို တမဟုတ်ချင်း အရောက်ပို့ပေးပါသတဲ့။ (Doctor’s Heli ဆိုတာ ဂျပန်မှာမှ ရှိတာ မဟုတ်ပါဘူး။ ကျုပ်တို့ဆီ ဟိုးရှေးရှေးကတည်းက ရှိပါတယ်အေ) ကြင်စဦး ဆရာကတော်ကလေးကလည်း အိမ်ကဗိုလ်ကြီး ဟယ်လီကော်ပတာပေါ်တက်သွားရင် လေဆိပ်မှာ နှုတ်ဆက်သလိုမျိုး တာ့တာပြလိုက်မဟဲ့လို့ အလှတွေပြင်ထားတာ ဟိုက စက်လည်းနှိုးလိုက်ရော ရှိသမျှအမှိုက်တွေ ဖုန်လုံးကြီးနဲ့တက်လာလို့ မာရီလင်မွန်ရိုးကလေးလို ဖုံးရင်းဖိရင်း မျက်စိမှိတ်ရင်း ဟယ်လီကြီး ဘယ်ရောက်သွားမှန်းတောင် မသိလိုက်တော့ဘူးတဲ့။ (MH 370 ကြီးလို မဟုတ်တာ ကံကောင်း)

            စစ်ဗိုလ်ဘ၀၊ ရှေ့တန်းမှာ ကြုံခဲ့ဆုံခဲ့သမျှ သုခဒုက္ခအပေါင်းတို့ကတော့ အံ့သြကုန်နိုင်ဖွယ် ကဲမယုံချင်နေတွေမို့ ရေးလို့ပြီးနိုင်စရာ အကြောင်းမရှိပါဘူး။ ဘာပြုလို့ဆိုတော့ သည်နေရာမှာ ပထ၀ီတွေရော သမိုင်းတွေပါ နွယ်လာပြန်တာကိုး။ မြန်မာပြည်မြေပုံပေါ်မှာ အရောင်နဲ့ ခြယ်ကြည့်လိုက်ရင် ကရင်ပြည်နယ်လောက် စစ်မက်ထူပြောတဲ့ နယ်မြေ မရှိခဲ့ဖူးဘူး။ စစ်ဗိုလ်စစ်သားထဲမှာ ကရင်ပြည်နယ်နဲ့ ကင်းတာ ခပ်ရှားရှား။ သူတို့ကရင်တွေဘက်မှာလည်း သည်အတိုင်း ရှိလိမ့်မယ်။ သံလွင်မြစ်ကြီးသာ စီးဆင်းတတ်တဲ့သဘောမရှိရင် သူ့ထဲကရေတွေဟာ အနီရောင်သန်းနေမှာပဲ။ ကိုယ့်ဘက်ကလည်း နည်းမှတ်လို့။ တော်တော်ကြီးကြီးပိုင်းတွေထိအောင် အဲသည်အရပ်မှာ အမျှဝေခဲ့ရတာ တရုတ်လှရွာသားတွေ အသိဆုံးနေမယ်။ ဆေးမှူးစစ်ဗိုလ်မို့လည်း အသက်နဲ့အဝေးကြီး မထင်နဲ့။ သူငယ်ချင်းအရင်းကြီးရဲ့ အကိုဆေးမှူးဟာ သထုံက လေးကေစခန်းမှာ ကျသွားတာ။ မြေကကြမ်းလို့ထင်ပါရဲ့။ ရှေ့တန်းဆိုတဲ့အရပ်မှာ ရှေ့ကျည်ဆန်ချည့်ပဲ ကြောက်ရတာ မဟုတ်ဘူး။ နောက်ကျည်ဆံကိုလည်း ကြောက်ရတယ်။ ဆရာဝန်မို့ ဆေးချည့်ပဲ ကုရတာ မဟုတ်ဘူး။ ကျည်အပြည့်နဲ့ မောင်းတင်ပြီး တစ်ယောက်တစ်ယောက် ချိန်ထားတဲ့ ရဲဘော်နှစ်ယောက်အကြားဝင်ရပ်ပြီး သေနတ်တွေ ပြန်အပ်ဖို့ တောင်းရတာလည်း အဆန်းမဟုတ်ဘူး။ ၈၈ နောက်ပိုင်းမှာ ကရင်သောင်းကျန်းသူတွေကို အစိုးရဘက်က အသည်းအမည်းတိုက်စစ်ဆင်တဲ့ မဲသဝေါတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ဆရာတို့က စစ်မြေပြင်မှာ ရှိနေတာ။ စစ်တောင်းမြစ်ကိုကျော်လိုက်ရင် ဂျိုင်းမြစ်၊ အတ္ထရံမြစ်။ သံလွင်မြစ်ကနေ ဟိုးဘက်စွန်း နယ်စပ် သောင်ရင်းမြစ်ကို ရောက်တဲ့အထိ အစုန်အဆန် အပြန်ပြန်အလှန်လှန် သွားခဲ့ရလို့ အဲသည်နယ်မြေတွေမှာ နေရာမလပ် အမှတ်ရစရာတွေ ကျန်နေတာကိုး။

            ဆရာက တခါတခါတော့လည်း မစိမ်းပဲ ရင်းနှီးနေတဲ့ ရေမြေတွေကို ကြည့်ရင်း ဟိုးအရင်အတိတ်ကလည်း သည်မြေသည်ရေတွေမှာ ကျင်လည်ဖူးခဲ့သလား အောင့်မေ့ရသတဲ့။ ဘာလို့ဆိုတော့ နှစ်ပေါင်း လေးငါးခြောက်ရာ တိုင်လာတာတောင်မှ သည်မြေသည်အရပ်ကို စစ်ချီစစ်ထွက်လာသူ မင်းခယောင်္ကျားများရဲ့ အရိပ်အရောင် ခြေရာလက်စတွေက ကျန်နေဆဲပဲလို့ဆိုတယ်။ ဘုရင့်နောင်လည်း သည်ဘက်သည်လမ်းက စစ်ထွက်ခဲ့တယ်။ အလောင်းဘုရားလည်း သည်လမ်းကဆုတ်ခဲ့ပြီး မုတ္တမခရိုင် ကင်းရွာရောက်မှ နတ်ရွာစံတယ်။ သူ့သားဆင်ဖြူရှင်က မကျေပွဲနွှဲလို့ အယုဒ္ဓယကို အကြိမ်ကြိမ်ချီတာလည်း သည်လမ်းပဲ။ သူတို့စစ်ချီတဲ့ တောင်ကြားလမ်းမှာကိုက သူတို့တည်တဲ့ ဘုရားသုံးဆူရှိလို့ ဘုရားသုံးဆူတောင်ကြားလမ်းလို့ နံမယ်တွင်တယ်။ တစ်ခုသော တောင်ပေါ်အရပ်မှာတော့ အလောင်းမင်းတရားနဲ့အတူ ပါလာသူ မိဖုရားငယ်တစ်ပါးက အသည်းအသန် နာမကျန်းဖြစ်ခိုက် စေတီလေးတစ်ဆူတည်ပြီး ဆုတောင်း အဓိဋ္ဌာန်ပြုသတဲ့။ “ဤအရပ် ဤဒေသသို့ စစ်မက်လိုလားသဖြင့် ရောက်ရှိလာတတ်သသူ မင်းယောင်္ကျားအားလုံး အသေဆိုးဖြင့် သေပါစေသား။” တဲ့။ ဟုတ်တာ မဟုတ်တာ အပထား။ သည်ဘုရားရောက်တဲ့ စစ်ဗိုလ်စစ်သားမှန်ရင် “ဖျားတပည့်တော် စစ်မက် မလိုလားပေါင်ဖျား။ တာဝန်အရ မနေသာလို့ စစ်ချီထွက်ရတာပါ။” လို့ မလှိမ့်ဘူးတစ်ပတ် လျှောက်ကြတင်ကြသတဲ့။ ဆရာလည်း ဘယ်ဘုရားရောက်ရောက် အဲသည်အချိန်မှာ တောင်းတဲ့ဆုကတော့ တစ်ဆုပဲ ရှိသတဲ့။ အသက်ကလေး ကိုယ်နှင့်မကွာ အိမ်ကိုပြန်လာနိုင်ပါစေကြောင်း ကလွဲလို့ ဘာဖြစ်ရဦးမှာလဲ။ သူလည်း စစ်မက်လိုလားစရာ အကြောင်းမရှိဘူး။ ကိုယ့်တာဝန်ကိုယ် ကျေအောင်ထမ်းတဲ့စိတ်ပဲ ရှိတာ။ အဲလိုလုပ်ခဲ့ရကောင်းလားလို့လည်း တစိုးတစိမှ နောင်တမရှိ၊ ခြောက်လှန့်ခြင်း မရှိ၊ စိုးရိမ်သောက ဗျာပါဒ မရှိပါတဲ့။ သုံးနှစ်ပြည့်တဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ သက်တမ်းအတွက် ကိုယ့်ဘာသာ ကျေနပ်ပါသတဲ့။

            ဆရာဝန့်ဘက်က ရှေ့နေလိုက်တဲ့အကောင် အခုတော့ ဘက်ပြောင်းသွားပြီ။ သာကူးလုပ်နေပြီ။ စစ်ဗိုလ်တွေဘက်က ရှေ့နေလိုက်နေပြန်ပဟ လို့ အားပေးနိုင်ကြပါပြီနော်။ သည်လို ပေါ်လစီတွေ အရေးကောင်းပုံနဲ့ဆို ဘာဆုညာဆုတွေရ၊ တတိယ၀န်ကြီးတွေဘာတွေတောင် ပြိတ်သတ်က ချီးမြှင့်ကုန်ကြပြီ။ ဆရာက သူ့အတွေ့အကြုံ သူ့အတွေးအမြင် သူပြောတာပါ။ သည်လိုအတွေးအမြင် ခံစားချက်မျိုးဟာ စစ်တပ်ထဲမှာ ရှိတဲ့ စစ်ဗိုလ်စစ်သားတော်တော်များများကို ကိုယ်စားပြုကောင်း ပြုပါလိမ့်မယ်။ သူပြောရတဲ့ ရည်ရွယ်ချက်တစ်ခုကို ကိုယ်က အမိအရ ဖမ်းလိုက်နိုင်တာက တခါတခါ တစ်ဘက်စွန်းရောက်တဲ့ သူ့တပည့်ကို ဒင်္ဂါးပြားရဲ့ တစ်ခြားတစ်မျက်နှာမှာ ဘာတွေရှိသလဲ လို့ လှန်ပြလိုက်တဲ့သဘောပါပဲ။ ဟုတ်ပါတယ်။ ကိုယ်ကလည်း အစွန်းရောက်တဲ့အခါ ရောက်တာပဲ။ စစ်တပ်မှအပ အခြားသန်းခြောက်ဆယ်သော မြန်မာနိုင်ငံသားများနည်းတူ စစ်အစိုးရဆိုရင် ကောင်းတယ်လို့ကို မမြင်ဘူး။ ကုန်ကုန်ပြောရစို့ရဲ့။ သူတို့အစိမ်းရောင်အသင်းကြီးက ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ဥက္ကဋ္ဌတင်ပါတယ်ဆိုရင် ခများတို့စာရင်းထဲမတော့ ကျုပ်ကို ဘာသာမဲ့လို့ပဲ တို့ထားစမ်းပါ လို့ကို အရွဲ့တိုက်ချင်တာ။ (ဗိုလ်ချုပ်ပုံတင်တာလောက်နဲ့တော့ လာမခနဲ့နဲ့)

            ဒါနဲ့ပဲ ကိုယ့်ဆရာကိုယ် အရွဲ့တိုက်ပြီး ကိုယ်တွေ့ဖူးတဲ့ စစ်တပ်မကောင်းကြောင်းလေးတွေ
ပြန်စားမြုံပြန်စဉ်းစားမိပါတယ်။ စစ်တပ်ဟာ သူ့ဘာသူ ရှေ့တန်းမှာ စစ်တိုက်နေတာတော့ ကောင်းချင်ကောင်းမှာပေါ့နော်။ အုပ်ချုပ်ရေးပိုင်း ၀င်ဝင်ပါနေတာတော့ ကောင်းသလား ကျောင်းအမရယ်။ ကိုယ်တို့ကျန်းမာရေးမှာ ၀န်ကြီးလုပ်သွားတဲ့ စစ်သားဟောင်းကြီးလက်ထက်ကဆို ဆရာဝန်ဆေးစာတွေလိုက်ကျက်ရုံနဲ့အားမရလို့ ဘွဲ့လွန်ကျောင်းသားတွေနဲ့ အငြင်းအခုန်လုပ်၊ အတင်းအနိုင်ယူပြီးတဲ့နောက် သူ့ခြေထောက်အောက်က လေးဘက်ထောက်ဝင်ခိုင်းပါသတဲ့။ (မယုံရင် သက်သေရှိတယ်နော်။) ဘ၀တစ်သက်တာ ၀မ်းစာနဲ့အသက်မွေးကြသူ ပညာရှင်များအပေါ်ကနေ မိုးကျရွှေကိုယ်တွေအဖြစ်နဲ့ ဘုံကြိုးပြတ်ကျလာပြီးရင် pH အထွက်တိုး သြ၀ါဒတွေချွေတာလည်း ရှိတာပဲ။ အညာသားရဟန်းလောင်းကြီးလိုဝတ်ပြီး “တောင်ဥက္ကလာမြို့နယ်က ကာရာအိုကေ အနှိပ်ခန်း၊ ပခြုပ်ဆိုင်များအတွက် မရှိမဖြစ်ဘ” လို့ ဗီနိုင်းကြီးနဲ့ ကွကိုယ်လော်ဘီလုပ်ရတာရော တော်ရော့လား။

             နယ်စပ်မှာလုပ်ခဲ့တုန်းက ဆေးရုံအုပ် မရှိတဲ့အခါ ခရိုင်တာဝန်ခံဆရာဝန်အနေနဲ့ အုပ်ချုပ်ရေးပိုင်းက ခယကအစည်းအဝေးတွေ တက်ခဲ့ဖူးပါတယ်။ အရပ်ဘက် ဋ္ဌာနဆိုင်ရာ အကြီးအကဲများဆိုတဲ့ နံမယ်ကြီးက ဟိတ်ဟန်ကြီးသလောက် အထဲမှာတော့ နှစ်ပြားမတန်အောင် အပြောခံရပါတယ်ဗျာ။ “မင့်ဆေးရုံရှေ့ မျက်နှာစာမှာ လက်တွန်းလှည်းနဲ့လာရောင်းနေတဲ့ ဖရဲသီးသည်တွေ၊ တံမျက်စည်းသည်တွေ၊ ပျံကျဈေးသည်တွေကို ဘယ်သူခွင့်ပြုထားတာလဲ။ ဘယ်သူ့အမိန့်နဲ့ ခွင့်ပြုတာလဲ။” တဲ့။ ဆေးရုံရှေ့ မျက်နှာစာက ဈေးရှိတယ်။ လူစည်တယ်လေဗျာ။ သူ့ဘာသူ ဗမာဆင်းရဲသားတွေ ဈေးလာရောင်းတာ ဆေးရုံထဲလည်း မဟုတ်။ ဘယ်သူကခွင့်တောင်းလို့ ဘယ်သူကခွင့်ပြုရမှာတုန်း။ “သွသူပါ။ သွသူပါ။”  လို့ ရှင်းပြတော့ “မနက်ဖြန် မမြင်ချင်ဘူး။ အဲ့ဒါတွေ အပြီးရှင်းပေးပါ။” တဲ့။ ဟုတ်ကဲ့။ ရှင်းဆိုလည်း ရှင်းရတာပလေ။ မင်းတို့စကား မိုးကြိုးသွားတဲ့။ ဗမာဆိုင်လေးတွေ ပျောက်သွားတယ်။ မကြာပါဘူး။ ရှင်းလင်းသွားတဲ့ ပလက်ဖောင်းပေါ်မှာ အခိုင်အခံ့ အုတ်အင်္ဂတေနဲ့ ဆိုင်ခန်းကလေးတွေ လာဆောက်ပြီး တရုတ်ဆိုင်တွေ ပေါ်လာပါလေရော။ သည်တစ်ခါကျတော့ ကိုယ့်လည်း မေးသံမကြားပဲ ဘယ်သူ့ဆီက ယွမ်ဘယ်နှစ်သိန်းနဲ့ ၀ယ်လိုက်ရပါတယ် ဆိုတဲ့ ၀ယ်သူတွေဆီက စကားပဲ ကြားလိုက်ရတယ်။ အကွက်တွေ အကွက်တွေ။ နေပြည်တော်တ၀ိုက်ကမြေကွက်တွေအထိကို အဲသည်သိုင်းကွက်က အစွမ်းထက်နေသေးတယ်။ အန်တီရွှေ့ရင် သည့်ထက်တောင် ပိုလှသေး။ ဆေးရုံကဆေးဆိုင်ကလေး ဈေးကြီးလွန်းတယ်လို့ လူနာတွေက အော်နေတယ်။ မာမားနဲ့ရှောင်ဝါးကိုလွှဲလိုက်တဲ့။ ဟုတ် ဟုတ်။ လွှဲတာပေါ့။ လွှဲသာ လွှဲတယ်။ “ဘာလို့အရင်တရုတ်မကြီးပဲ ဆက်ရောင်းနေပါလိမ့်ညော်။” ဆိုတော့ “တူလို့ဆီက ငေါ ပြန်ဝယ်တယ်လေ။” တဲ့။ ထမီစိမ်းပြာကြီးတောင် ၀တ်ပြထားသေး။ ကောင်းတဲ့သူတွေ ရှိတယ်ဆိုတာ မယုံမရှိပါဘူး။ ယုံပါတယ်။ ဒါပေမယ့် ဆိုးတဲ့သူတွေ ရှိနေတယ်ဆိုတာလည်း ယုံပေးပါနော်။

             ဒါကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲနေစမြဲပဲ လို့ ဆိုရမှာပေါ့နော်။ သမီးကို လိုက်ပြဖြစ်တဲ့ သရီးဒီကာတွန်းကားလေးတစ်ကားကို သတိရတယ်။ အရုပ်ကလေးတွေကို ဇာတ်ကောင်လုပ်ထားရာမှာ ရဲသားအရုပ်ကလေးကတော့ စရိုက်နှစ်မျိုးရှိတယ်။ Good Cop နဲ့ Bad Cop တဲ့။ စိတ်ကောင်းဝင်နေရင် အင်မတန် ကူညီတတ်တဲ့ ရဲသားလေး။ စိတ်ရိုင်းတွေ ၀င်လာရင်တော့ မတရားတာ အကုန်လုပ်တဲ့ ရဲဆိုးကလေးပေါ့။ အာဏာရှင်ကြီးရဲ့ စေစားချက်နဲ့ သူ့နေရာကို လုယူမယ့်သူကို ရဲသားလေးက နှိမ်နှင်းရတဲ့အခါ Good Cop စိတ်ကလေး ၀င်လာရင် သနားတာတွေ ညှာတာတာတွေနဲ့ ရက်ရက်စက်စက် မလုပ်တတ်လို့ အလုပ်မဖြစ်ဘူး။ ဒါနဲ့ အာဏာရှင်ကြီးက အရုပ်ကလေးရဲ့ မျက်နှာနှစ်ဘက်ထဲက Good Cop မျက်နှာ ပြုံးချိုချိုကလေးကို ဖျက်ပစ်လိုက်ပြီး သူ့ကို Bad Cop အဖြစ်နဲ့သာ သူလိုချင်သလို ခိုင်းစေတယ်။ နောက်ဆုံးမှာတော့ အာဏာရှင်ကြီးရဲ့ ကောက်ကျစ်မှုတွေကိုလည်းသိ၊ ပြိုကွဲပျက်စီးမှုများစွာနဲ့ သူ့မြို့ပျက်ကြီးကိုလည်း မခံစားနိုင်တဲ့ ရဲသားအရုပ်ကလေးက Bad Cop မျက်နှာကို ကော်နဲ့ ကပ်ပလိုက်ပြီး သူ့မျက်နှာက အပြုံးကလေးကို ဆော့ပင်နဲ့ ပြန်ရေးပြီး Good Cop အဖြစ်နဲ့ ပြည်သူတွေဘက် ပြန်ပါလာတယ်။ ဒီဇာတ်လမ်းကလေးကို Good Soldier နဲ့ Bad Soldier အဖြစ်နဲ့ တစ်ခေါက်ပြန်ဖတ်ကြည့်ရင်ကော ဘယ်လိုနေမလဲ။

           ကိုယ်ငယ်ငယ်တုန်းက တပ်မတော်သားတွေရဲ့ ပုံရိပ်ဟာ အင်မတန်မှကို ချစ်စရာကောင်းပါတယ်။ ကျော်ဆွေ နဲ့ ခင်ယုမေ တို့ရဲ့ “ပုလဲမျက်ရည်” ကိုကြည့်ပြီး မျက်ရည်မကျတဲ့ မြန်မာဆိုတာ မရှိဘူး။ ရုပ်ရှင်မို့ အပြကောင်းလို့ အနုပညာမြောက်တာ မဟုတ်ဘူး။ ဒေါ်တင်တင်မြရဲ့ “ပေဖူးလွှာ” ဆိုတဲ့ သီချင်းလေး လာရင်လည်း လူတွေ ကြိုက်လိုက်ကြတာ။ “မြင်စေချင်စမ်းလှသည်။ တောင်တန်းပြာ စစ်စခန်းမှ ကျောပိုးအိပ်ကို လွယ်ကာ…။” ဆိုတာလည်း လူတကာ နှစ်ခြိုက်ခံစားနိုင်ကြတယ်။ ပြောရကြေးဆိုရင် ကိုယ်တွေငယ်ငယ်တုန်းက ပြည်သူတွေက စစ်သားဆိုရင် ချစ်တယ်။ ညှာတယ်။ အထင်ကြီးတယ်။ အားကိုးတယ်။ သားယောင်္ကျားလေးတွေ ဆော့ကစားတဲ့အခါလည်း စစ်တိုက်တမ်းသာ ကစားကြတယ်။ သားသားကြီးရင် ဘာလုပ်မယ်ဆိုတာလည်း စစ်ဗိုလ်ကြီးလုပ်မယ်ချည့်ပဲ ဖြေကြတယ်။ အဲ့ဒါ ကိုယ်တို့တစ်သက် ကြာခဲ့ပြီ။ ရင်းနှီးတဲ့ ငယ်သူငယ်ချင်းတစ်ယောက်ဆို အတန်တန်တားတဲ့ကြားထဲက ခံယူချက်အပြည့်နဲ့ စစ်ထဲဝင်သွားခဲ့တယ်။ သည်ကနေ့ သူကိုယ်တိုင်ပဲ စိတ်လိုလက်ရ စစ်ထဲက ပြန်ထွက်လာခဲ့ပြီ။ ဆရာ့ရဲ့သုံးနှစ်စာ ပုံပြင်တောင် သည်လောက်ရှည်ရင် သူလည်း အနှစ်နှစ်ဆယ်စာ ပုံပြင်တွေ ဘယ်လောက်တောင် များလိုက်မလဲ။ သူရော Good Soldier နဲ့ Bad Soldier ဘယ်သူတွေကို အတွေ့ရများခဲ့သလဲ။ အခု ခင်ဗျားတို့ ကျွန်တော်တို့ မျက်စိရှေ့မှာရော ဘယ်သူတွေကို တွေ့နေရသလဲ။ ဆရာ့လိုပဲ ကျရာနေရာမှာ ပေးအပ်တဲ့တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နေကြတယ်ဆိုတဲ့ စစ်ဗိုလ်စစ်သားတွေလည်းပဲ အချိန်ကလေးများရင် ကိုယ်ထမ်းဆောင်နေတဲ့တာဝန်ဟာ Good Soldier လား Bad Soldier လား၊ ဗိုလ်လေးဘ၀ကနေ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေ ဖြစ်လာခဲ့ရင်ကော Good မှာလား Bad မှာလား။ တပ်မတော်သားတွေအပေါ်မှာ ပြည်သူတွေမြင်ရတဲ့ ပုံရိပ်ကလေးတွေ Good လာအောင်ရော။ ဘယ်လိုလုပ်ကြမတုန်း။ စဉ်းစားရင်း တွေးရင်း မေးခွန်းလေးတွေ ပေါ်လာသပေါ့နော်။ အင်း…။ နောက်တစ်ခါ ဘားအံသွားရင် ဘားအံက ဘာဖြစ်ပြီး ကိုယ်ကဘာဖြစ်နေမှာပါလိမ့်လို့ သိချင်စမ်းလှသကွယ်။


No comments: