Tuesday, March 11, 2014

သမိုင်းဝင် စစ်ရေယာဉ်-မေယု

 


သမိုင်းဝင် စစ်ရေယာဉ်-မေယု
-----------------------------

နောက်ခံသမိုင်း

စစ်ရေယာဉ်-မေယု သည် ဒုတိယကမ္ဘာစစ်အတွင်း ရေကြောင်းတိုက်ပွဲများတွင် ပါဝင်ခဲ့သည့် ဗြိတိသျှ တော်ဝင်ရေတပ်မတော်မှ (RIVER CLASS) အမျိုးအစား စစ်ရေယာဉ်တစ်စီးဖြစ်ပြီး ၄င်း၏ မူလအမည်မှာ H.M.S FAL ဖြစ်ပါသည်။ ၁၉၄၁ ခုနှစ် ဇူလိုင်လတွင် အင်္ဂလန်နိုင်ငံ နယူးကာဆယ်လ် (NEW CASTLE)မြို့ ရှိ စမစ်(SMITH) သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ပါသည်။ ရေယာဉ်၏ အဓိကအတိုင်းအတာများ နှင့် တပ်ဆင်ထားသော လက်နက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- အလျား- ၃၀၁ ပေ ၇ ၃/၄ လက်မ
- ဗျက်- ၃၇ ပေ ၉ ၁/၄ လက်မ
- ရေစူး- ၁၄ ပေ ၄ လက်မ (၀န်ပြည့်)
- အလေးချိန်- ၁၆၁၄.၉၁ တန် (၀န်ပြည့်)
- လူအင်အား- အရာရှိ (၈) ဦး ၊ အခြားအဆင့် (၁၃၅) ဦး
- ၄ လက်မ အမြှောက်(၁) လက်
- ၄၀ မမ စက်အမြှောက်(၂) လက်
- ၂၀ မမ စက်မြှောက်(၄) လက်
- ရေမြုပ်ဒုံး (HEDGE HOG)
- ရေမြုပ်ဗုံး (DEPTH CHARGE)

အထက်ဖော်ပြပါ လက်နက်များသည် ဝေဟင်ပစ်မှတ် ၊ ရေပြင်ပစ်မှတ် နှင့် ကမ်းခြေပစ်မှတ်များကို ထိရောက်စွာ ပစ်ခတ်ချေမှုန်းနိုင်စွမ်းရှိပြီး ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက်ပါ အသုံးဝင်ပါသည်။ မူလတာဝန်မှာ ရေယာဉ်အုပ်စုများကို အစောင့်လိုက် တာဝန်ထမ်းဆောင်ရသော စစ်ရေယာဉ်မျိုးဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပတိုက်တွင် ဂျာမနီနိုင်ငံ လက်နက်ချပြီးနောက် အာရှတိုက်တွင်ကျန်ရှိနေသေးသည့် ဖက်ဆစ်ဂျပန်တို့ကို ဆက်လက်ချေမှုန်းတိုက်ခိုက်ရန် ဥရောပမှစေလွှတ်ခဲ့သည့် မဟာမိတ်စစ်ရေယာဉ်များတွင် စစ်ရေယာဉ်-မေယု (H.M.S FAL)သည် တစ်စီးအပါအ၀င် ဖြစ်ပါသည်။

စစ်ရေယာဉ်-မေယု ကို ၁၉၄၇ ခုနှစ် မေလ(၂၅)ရက် တနင်္ဂနွေနေ့ (၁၂၁၀) နာရီအချိန်တွင် ဗြိတိသျှ တော်ဝင်ရေတပ်မတော်မှ ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်မတော် (BURMA ROYAL NAVY VOLUNTEER RESERVE) သို့ အခမ်းအနားဖြင့် လွှဲပြောင်းပေးခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ထိုစဉ်က ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တက်ရောက်ကာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်း၊ ရေယာဉ်ကို မြန်မာနိုင်ငံကိုယ်စား လက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ လွှဲပြောင်းစဉ်က ဗြိတိသျှတော်ဝင် ရေတပ်မတော်မှ စစ်ရေယာဉ်မှူးမှာ ဗိုလ်မှူးမစ်ချယ်လ် (LIEUTENANT COMMANDER MITCHELL) ဆိုသူဖြစ်ပြီး ၊ မြန်မာနိုင်ငံမှ ပထမဦးဆုံး စစ်ရေယာဉ်မှူးမှာ ဗိုလ်မှူးခင်မောင်ဘို ဖြစ်ပါသည်။

ပါဝင်ခဲ့သော တိုက်ပွဲစဉ်များ

မြန်မာနိုင်ငံကို မဟာမိတ်တပ်များ ပြန်လည်ထိုးစစ်ဆင်ချိန်နှင့် ဖက်ဆစ်ဂျပန်တို့ကို ပြည်တွင်းမှ ဗမာ့မျိုးချစ်များက တော်လှန်ချိန်တွင် မြန်မာအမျိုးသား ရေတပ်မတော်သားများသည် ၄င်းစစ်ရေယာဉ်ဖြင့် ရခိုင်တိုက်ပွဲစဉ် မေယုမြစ်ဝှမ်းတွင် ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း က “မေယု” ဟု အမည်တင်စား ကင်ပွန်းတပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်း သည် “ တစ်နှစ်အတွင်း လွတ်လပ်ရေး ရလျှင်ရ၊ မရလျှင်ချ ” ကြွေးကြော်လျှက် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအတွက် ကြိုးပမ်းဆောင်ရွက်နေချိန် ဖြစ်ပါသည်။ ထို့ကြောင့် စစ်ရေယာဉ်-မေယု သည် တပ်မတော်ရေတပ်၏ အလံဆောင် အဓိကစစ်ရေယာဉ် (FLAG SHIP) ဖြစ်လာသည့်နည်းတူ မြန်မာ့လွတ်လပ်ရေး၏ ရှေ့ ပြေးနမိတ်နှင့် အဘိတ်ဆောင် အောင်ပန်းတစ်ပွင့်လည်း ဖြစ်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးချိန် ပြည်ပသွေးထိုးမှုပယောဂကြောင့် ပြည်တွင်းသောင်းကျန်းမှုအရှိန်အဟုန် ပြင်းထန်လာခဲ့ပါသည်။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ဗမာ့တပ်မတော်မှ ရောင်စုံသောင်းကျန်းသူတို့ကို တိုက်ခိုက်နှိမ်နှင်းနေရချိန်တွင် စစ်ရေယာဉ်-မေယုသည်လည်း ရှေ့ တန်းမှ တစ်တပ်တစ်အား ပါဝင်ခဲ့ပါသည်။ စစ်ရေယာဉ်-မေယု ပါဝင်ဆင်နွှဲခဲ့သော တိုက်ပွဲစဉ်များမှာ-
- အင်းစိန်မြို့ သိမ်းတိုက်ပွဲ (၁၉၄၈)ခုနှစ်
- သန်လျင်ကျိုက်ခေါက်တိုက်ပွဲ (၁၉၄၈)ခုနှစ်
- ပုသိမ်မြို့ သိမ်းတိုက်ပွဲ (၁၉၄၈)ခုနှစ်
- ကျောက်ဖြူမြို့ သိမ်းတိုက်ပွဲ (၁၉၄၉)ခုနှစ်
- မော်လမြိုင်မြို့ သိမ်းတိုက်ပွဲ (၁၉၅၀)ခုနှစ်

စစ်ရေယာဉ်-မေယု သည် ၁၉၄၉ ခုနှစ်တွင် အရှေ့ ပါကစ္စတန်နိုင်ငံ (ယခုဘင်္ဂလားဒေ့ရှ်)သို့ ချစ်ကြည်ရေးခရီးစဉ် နှစ်ကြိမ်သွားခဲ့ပြီး သြစတြေလျနိုင်ငံနှင့် အိန္ဒိနိုင်ငံများသို့ တစ်ကြိမ်စီ သွားရောက်ခဲ့ပါသည်။ ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သည့် အိမ်စောင့်အစိုးရလက်ထက်နှင့် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာချိန်တွင်လည်းကောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းပြီးနောက်တွင်လည်းကောင်း၊ ပြည်တွင်းသောင်းကျန်းမှုကို အမြစ်ပြတ် ချေမှုန်းခြင်း၊ မြန်မာ့ကမ်းရိုးတန်းနှင့် ပိုင်နက်ပင်လယ်ပြင် ကာကွယ်စောင့်ရှောက်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ထို့ကြောင့် စစ်ရေယာဉ်-မေယု သည် တပ်မတော်ရေတပ်အတွက်သာမက နိုင်ငံအတွက်ပါ သမိုင်းဝင်စစ်ရေယာဉ်တစ်စီးအဖြစ် ထင်ရှားခဲ့ခြင်း ဖြစ်ပါသည်။

တပ်တော်ဝင်အဖြစ်မှ ရပ်စဲခြင်း

စစ်ရေယာဉ်-မေယု သည် မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် နှစ်ပေါင်းများစွာ စစ်ဆင်ရေးတာဝန်များကို ကျေပြွန်စွာထမ်းဆောင်ပြီးသည့်နောက် သက်တမ်းကာလ အနှစ်(၄၀)ခန့် ရှိလာသည်နှင့်အမျှ ရေယာဉ်၏ကြံ့ခိုင်မှုအခြေအနေမှာ ယိုယွင်းလာခဲ့ပါသည်။ ရေယာဉ်ကိုယ်ထည် ကုန်းပတ်များသာမက အတွင်းပိုင်းရှိ တကူများ၊ ကြွက်လျှောက်များ၊ ရေလုံခန်းများ စသည့် (STRENGTH MEMBERS)များ ဆွေးမြေ့ ပျက်စီးမှုများ ဖြစ်လာသဖြင့် ရာသီဥတုဆိုးရွားချိန်နှင့် ပင်လယ်ပြင်တွင် စိတ်ချလက်ချအသုံးပြုရန် သင့်လျော်မှုမရှိတော့ကြောင်း စစ်ဆေးတွေ့ ရှိလာခဲ့ပါသည်။ ထို့အပြင် ရေယာဉ်၏ ကိုယ်ထည်သံပြားများကို ရှေးဟောင်းတည်ဆောက်မှုစနစ်ဖြစ်သော (RIVETTED CONSTRUCTION) နည်းဖြင့် တည်ဆောက်ထားသည့်အလျှောက် ရေလုံမှုအခြေအနေ (WATERTIGHT – INTEGRITY) ကျဆင်းလျော့နည်းလာသည်ကိုလည်း တွေ့ရှိခဲ့ပါသည်။ ရေယာဉ်တွင် တပ်ဆင်ထားသော စက်အမျိုးအစားမှာ ရေနွေးငွေ့သုံး စက်အမျိုးအစားဖြစ်သဖြင့် သက်တမ်းကန့်သတ်ချက်၊ စက်ကိရိယာ လျှပ်စစ်အပိုပစ္စည်းများ ရရှိမှုခက်ခဲလာသည့်အတွက် တိုက်စွမ်းရည် ကျဆင်းခဲ့ရပါသည်။ ထိုကြောင့် ၁၉၇၉ ခုနှစ် သြဂုတ်လ(၂)ရက်နေ့တွင် ကျင်းပသော (၂၆၂)ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့အစည်းအဝေးမှ ရေယာဉ်အား တပ်တော်ဝင်အဖြစ်မှ ရပ်စဲရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်။ ယင်းနောက် ရေယာဉ်အား အမှတ်(၁)စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေး၍ ဖျက်သိမ်းမှုကိုဆောင်ရွက်ရန် စီမံခဲ့ပါသည်။

သမိုင်းဝင် စစ်ရေယာဉ်အဖြစ် ပြုပြင်ထိန်းသိမ်းထားရှိခြင်း

ယင်းသို့ ရေယာဉ်အား အမှတ်(၁)စက်မှုဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် သံရည်ကြိုရန် စီစဉ်ခဲ့ရာမှ နိုင်ငံတော်ကောင်စီဥက္ကဌက စစ်ရေယာဉ်-မေယု သည် လွတ်လပ်ရေးနှင့်အတူ ပါရှိလာသော သမိုင်းဝင်စစ်ရေယာဉ်ဖြစ်၍ နောင်လာနောက်သားတို့ ကြည့်ရှူလေ့လာနိုင်ရေးအတွက် စီမံဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါသည်။ ယင်းလမ်းညွှန်ချက်အရ (၃၀-၉-၇၉)ရက်နေ့တွင် ကျင်းပခဲ့သော (၂၇၆)ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ မှ သမိုင်းဝင် စစ်ရေယာဉ်တစ်စီးအဖြစ် ဆက်လက်ထိန်းသိမ်းထားရှိရန် ဆုံးဖြတ်ခဲ့ပြီး ၊ တပ်မတော်(ရေ)မှ ပြန်လည်လက်ခံယူလျှက် သမိုင်းဝင်အဖြစ် ပြန်လည်မွမ်းမံပြင်ဆင်ရန်နှင့် အဓွန့်ရှည်စွာ ထိန်းသိမ်းထားရှိနိုင်ရန်အတွက် အောက်ဖော်ပြပါ လုပ်ငန်းကြီး(၂)ရပ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်-
(က)စစ်ရေယာဉ်အား ရေလုံသင်္ဘောကျင်း တည်ဆောက်၍ထားရန်။
(ခ )စစ်ရေယာဉ်အား မူလပုံစံမပျက်အောင် ပြန်လည်ပြုပြင်ရန်တို့ ဖြစ်ပါသည်။

အထက်ဖော်ပြပါ လုပ်ငန်းကြီး(၂)ရပ်ကို ကွပ်ကဲဆောင်ရွက်ရန်အတွက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကို ဦးစီးစက်မှုလက်မှုအရာရှိချုပ်(ရေ) ဥက္ကဌအဖြစ် ဆောင်ရွက်စေပြီး ၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

လွန်းကျင်းတည်ဆောက်ခြင်း

စစ်ရေယာဉ်အား သမိုင်းဝင်အဖြစ် ထိန်းသိမ်းထားရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လွန်းကျင်းတည်ဆောက်ရေးနှင့် ရေယာဉ်အား မူလပုံစံမပျက် အနီးစပ်ဆုံးတူညီမှုရှိစေရန် ပြင်ဆင်မွမ်းမံရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကျမည့် ပြည်တွင်း/ပြည်ပငွေများ သုံးစွဲခွင့်ရရှိရန်အတွက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့သို့ တွက်ချက်တင်ပြခဲ့ရာ (၂၅-၉-၈၀)ရက်နေ့တွင် ကျင်းပခဲ့သော (၃၁၁)ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့အစည်းအဝေးမှ သဘောတူခွင့်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ ယင်းခွင့်ပြုချက်အရ စစ်ရေယာဉ်အား ထားရှိမည့် လွန်းကျင်းတည်ဆောက်ရန် မြေနေရာရှာဖွေကြရာ သန်လျင်မြို့ နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ်နယ်မြေတွင် တည်ဆောက်ရန်သင့်တော်ကြောင်း ဆုံးဖြတ်၍ ရွေးချယ်ခဲ့ပါသည်။ ထိုသို့ ရေလုံကျင်းတည်ဆောက်ရာတွင် ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ (HYDRO CIVIL WORKS) နှင့် (CIVIL WORKS) များ ဖြစ်သဖြင့် ယင်းလုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်ပြီး အတွေ့အကြုံနှင့် လုပ်ငန်းကျွမ်းကျင်မှုရှိသော ဆိပ်ကမ်းကော်ပိုရေးရှင်း ဆည်မြောင်းဦးစီးဌာနတို့မှ အကူအညီများရယူ၍ လွန်းကျင်းတည်ဆောက်မှု၊ မြေဖို့မှု၊ လွန်းကျင်းကြမ်းခင်း တည်ဆောက်မှု၊ လွန်းကျင်းနံရံများ တည်ဆောက်မှု၊ ရေနှုတ်မြောင်းနှင့် ရေနှုတ်ပိုက် တည်ဆောက်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ စမအ(၉၅၄) ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ) အနေဖြင့် အဆောက်အဦများ ဖျက်သိမ်းခြင်း၊ ပြောင်းရွှေ့ တည်ဆောက်ခြင်း၊ လမ်းဖောက်လုပ်ခြင်း ၊ ရေမီးဆက်သွယ်မှုလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၀ ခုနှစ်၊ အောက်တိုဘာလတွင် လွန်းကျင်းတည်ဆောက်ခဲ့ရာ ၁၉၈၁ ခုနှစ် ၊ မတ်လတွင် ရေယာဉ်အား လွန်းတင်နိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့ပါသည်။ ရေယာဉ်လွန်းတင်ပြီးနောက် လက်ကျန်လုပ်ငန်းများနှင့် အချောသတ်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၁၉၈၁-၈၂ ဘဏ္ဍာရေးနှစ်ကုန်တွင် လုံးဝပြီးစီးခဲ့ပါသည်။

လွန်းကျင်းတည်ဆောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အောက်ပါအတိုင်း ကုန်ကျခဲ့ပါသည်-
(က)ဆည်မြောင်းဦးစီးဌာန ၅၉,၉၄၆,၀၀၀
(ခ )ဆိပ်ကမ်းကော်ပိုရေးရှင်း ၁၀၄,၈၆၅,၁၇၅
(ဂ )အမှတ် (၉၅၄)ဆောက်လုပ်ရေး ၄၅,၂၉၈,၆၀၀
စုစုပေါင်းကုန်ကျငွေ ၂၁၀,၁၀၉,၇၇၅

ရေယာဉ်အား မူလပုံစံမပျက် ပြန်လည်မွမ်းမံ ပြင်ဆင်ခြင်း

ရေယာဉ်လွန်းကျင်းပေါ် ရောက်ရှိပြီးနောက် ၁၉၈၁-၈၂ နှင့် ၁၉၈၂-၈၃ ဘဏ္ဍာရေးနှစ်များတွင် ရေယာဉ်အား မူလပုံစံနှင့် အနီးစပ်ဆုံးဖြစ်အောင် ပြန်လည်မွမ်းမံ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါသည်။ သက်ဆိုင်ရာ လုပ်ငန်းရပ်များကို ၁၉၈၃ ခုနှစ် ၊ အောက်တိုဘာလတွင် အပြီးဆောင်ရွက်နိုင်ခဲ့ပါသည်။ စစ်ရေယာဉ်အား မူလပုံစံမပျက် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စုစုပေါင်းကုန်ကျငွေမှာ နိုင်ငံခြားငွေကျပ် (၄၈၆၄၀၀ိ/-) နှင့် ပြည်တွင်းငွေ ကျပ် (၉၇၀၈၂၅ိ - ၇၃ါး) နှစ်ရပ်ပေါင်း ငွေကျပ် (၁၄၅၇၂၂၅.၇၃ါး) ဖြစ်ပါသည်။ သို့ပါ၍ လုပ်ငန်းကြီး (၂)ရပ်ဖြစ်သော ရေလုံသင်္ဘောကျင်းတည်ဆောက်ခြင်းနှင့် စစ်ရေယာဉ်အား မူလပုံစံမပျက်အောင် ပြန်လည်ပြုပြင်ခြင်းတို့ ဆောင်ရွက်ရာတွင် ကုန်ကျငွေစုစုပေါင်းမှာ ကျပ် (၄၅၅၈၃၂ ၃ိ - ၅၆ါး) ဖြစ်ပါသည်။

ရေရှည်ဆက်လက်ထိန်းသိမ်းထားရှိရေး

တပ်မတော်(ရေ)အနေဖြင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ကာ စစ်ရေယာဉ်-မေယုအား သမိုင်းဝင်ရေယာဉ်အဖြစ် ထားရှိရန် လွန်းကျင်းတည်ဆောက်ခြင်းနှင့် ရေယာဉ်အား မူလပုံစံမပျက် မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ထို့ပြင် သမိုင်းဝင် စစ်ရေယာဉ်-မေယုအား ရေရှည် ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရေးအတွက် လွန်းကျင်းအား ပြုပြင်ထိန်းသိမ်းခြင်း၊ ရေယာဉ်အား ပြုပြင်ထိန်းသိမ်းခြင်းနှင့် မြစ်ကမ်းပါးအား ထိန်းသိမ်းထားရှိခြင်း စသည့်လုပ်ငန်းရပ်ကြီး(၃)ရပ်အား တပ်မတော်(ရေ)အစီအစဉ်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ စစ်ရေယာဉ်-မေယုအား သမိုင်းဝင် စစ်ရေယာဉ်ကြီးအဖြစ် ပြင်ဆင်ဖန်တီးထားရှိနိုင်မှုနှင့် လွန်းကျင်းကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်မှုတို့မှာ ပါဝင်ဆောင်ရွက်ကြသော ပညာသည်များ၏ အတတ်ပညာပိုင်းဆိုင်ရာ တတ်ကျွမ်းပြည့်ဝမှုနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်ကြသည့် တပ်ဖွဲ့အသီးသီး ၊ ဌာနအသီးသီးနှင့် ပုဂ္ဂိုလ်အားလုံးတို့၏ ညီညွတ်စွာ ပူးပေါင်းကြိုးစားအားထုတ်မှု၏ ရလဒ် ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။

သမိုင်းဝင် စစ်ရေယာဉ်-မေယု သည် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးချို့ ယွင်းမှုများကြောင့် မြင်ကွင်းမှ ကွယ်ပျောက်သွားရမည့်အခြေအနေ ဖြစ်ပေါ်လာမည်ဖြစ်သော်လည်း ၄င်းစစ်ရေယာဉ်ကြီး၏ ထူးခြားပြောင်မြောက်သည့် စွမ်းဆောင်မှုတို့မှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစဉ်တွင် ထင်ဟပ်လျှက် အစဉ်အမြဲ ရှိနေမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

ဆရာဆောင်(Myanmar Navy)

မှတ်ချက်။ သမိုင်းဝင် စစ်ရေယာဉ်-မေယု စာစောင်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Photo Credit: ရေတပ်သမိုင်းဓါတ်ပုံများ ၊ လူသစ် ၊ Deparko

No comments: