Monday, December 16, 2013

ဥရောပသမဂ္ဂနိုင်ငံများ မြန်မာ့သတ္တုတွင်းကဏ္ဍတွင် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး ရှားပါးသတ္တုတူးဖော်မှု လုပ်ငန်းကဏ္ဍတိုင်း၌ ရင်းနှီးမြှုပ်နှံမည်ဆိုပါက ကူညီသွားမည်


Created on Monday, 16 December 2013 22:46

မြန်မာ့သတ္တုတွင်းကဏ္ဍတွင် ဥရောပသမဂ္ဂနိုင်ငံများမှ ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ပြီး နားလည်မှုစာချွန်လွှာ ရေးထိုးရန်နှင့် သတ္တုလုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင် ၀င်ရောက်လုပ်ကိုင်မည်ဆိုပါက ပလက်တီနမ်၊ ယူရေနီယမ်အစရှိသည့် ရှားပါးသတ္တုတူးဖော်မှုဆိုင်ရာ ကဏ္ဍတိုင်းအား သတ္တုတွင်းဝန်ကြီးဌာနမှ အစစအရာရာ ကူညီသွားမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန သတ္တုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောကြားသည်။

"အီးယူကတော့ သတ္တုတွင်းဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ နားလည်မှုစာချွန်လွှာ ရေးထိုးမယ်ဆိုပြီး ပြန်သွားပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ သတ္တုတူးဖော်တဲ့ကဏ္ဍတိုင်းမှာ အီးယူနိုင်ငံတွေက ပါဝင်လုပ်ဆောင်မယ်ဆို ကူညီဖို့အသင့်ပါပဲ"ဟု ဦးဝင်းထိန်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၂၀၀ ကျော်ခန့်တွင် သဘာဝသယံဇာတများဖြစ်သည့် သတ္တုများထွက်ရှိနေကြောင်း မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ပြောကြားသည်။ ထိုသို့ ထွက်ရှိနေသော်လည်း နိုင်ငံတကာဈေးကွက်ဝင် သတ္တုခုနစ်မျိုးခန့်သာ စီးပွားဖြစ်တူးဖော်နိုင်သည့် အနေအထားတွင်ရှိနေပြီး ရွှေ၊ ယူရေနီယမ်၊ ပလက်တီနမ်အပါအ၀င် ကန့်သတ်ထားသည့် ရှားပါးသတ္တု ၁၈ မျိုးခန့်ရှိနေကြောင်း သိရသည်။

နည်းပညာမြင့်မားသည့် အီးယူနိုင်ငံများမှ မြန်မာနိုင်ငံ၏ သတ္တုတွင်းကဏ္ဍ၌ ၀င်ရောက်လုပ်ကိုင်မည်ဆိုပါက တရုတ်နိုင်ငံကဲ့သို့သော နိုင်ငံများ၏ သတ္တုတူးဖော်မှုထက် ပိုမို၍ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဦးဝင်းထိန်က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသတ္တုတွင်းကဏ္ဍအား ပိုမိုမြှင့်တင်နိုင်ရန် သတ္တုတွင်းဥပဒေများအား ပြင်ဆင်ရေးဆွဲနေပြီး ပြင်ဆင်ရေးဆွဲပြီးသည့် သတ္တုတွင်းဥပဒေအား ပြည်သူ့လွှတ်တော်သို့ တင်ပြထားကာ ဥပဒေထွက်ပေါ်လာသည်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ပိုမိုလုပ်သာကိုင်သာရှိသည့် အခြေအနေများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးသန်းထွန်းအောင်က ပြောကြားသည်။

အဆိုပါ မြန်မာသတ္တုတွင်းဥပဒေဟောင်းများကြောင့် သတ္တုကဏ္ဍတွင် ပါဝင်လုပ်ကိုင်သူများအတွက် ပါမစ်များအပေါ် မှီခိုရခြင်း၊ နောက်ဆက်တွဲ ထောက်ခံချက်၊ လိုင်စင်၊ ပါမစ်များမရရှိလျှင်၊ သတ္တုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအတွက် အာမခံချက် ကင်းမဲ့ခြင်း၊ လုပ်ကိုင်ခွင့်ပြုကာလအား အနည်းငယ်သာ ပေးအပ်ထားသည့်အတွက် သတ္တုတူးဖော်ထုတ်လုပ်ရန် ကာလမလုံလောက်မှုနှင့် အကြီးစား သတ္တုလုပ်ငန်းစီမံကိန်းများ၌ ရေရှည်လုပ်ကိုင်ရန် သေချာခြင်း လိုအပ်မှုကို နားလည်သဘောပေါက်ရန် ဥပဒေစီရင်သူများ ပျက်ကွက်မှုများရှိနေကြောင်း သြစတေးလျပညာရှင် William (Bill) Sullivan နှင့် Mr. Peter Church Oam က သုံးသပ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် သတ္တုတွင်းကဏ္ဍမှ စတုတ္ထအများဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၂၈၃၃ ဒသမ ၇၃၄ သန်း မြှုပ်နှံထားပြီး စွမ်းအင်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအား အများဆုံးမြှုပ်နှံထားကြောင်း သိရသည်။

မုံရွာမြို့အနီးရှိ ကြေးနီထုတ်လုပ်မည့် လက်ပံတောင်းတောင်စီမံကိန်း လုပ်ငန်းခွင်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

Aye Chan Mon# Credit To: Eleven Media Group >ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါသည်

No comments: