Monday, December 16, 2013

အပိုင်း(၂) တရုတ်လွှမ်းမိုးမှု ရေသောက်မြစ်ကို တူးဖေါ်ခြင်း

 
 
အပိုင်း(၂) တရုတ်လွှမ်းမိုးမှု ရေသောက်မြစ်ကို တူးဖေါ်ခြင်း 
 
စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး ဗိုလ်ချုပ်ကြီး စောမောင် ခေါင်းဆောင်သော (န၀တ) နိုင်ငံတော် ငြိမ်ဝပ်ပိပြား မှု တည်ဆောက်ရေး အဖွဲ့မှ ဦးဆုံး နိုင်ငံခြားသို့ စေလွှတ်ခြင်းခံရကာ သံတမန်ရေးအရ စတင်ချည်းကပ်မှုလုပ်ဆောင်ခဲ့သူမှာ ဦးအုံးကျော် ဖြစ်လေ၏။ ၄င်းအား အာဏာသိမ်းအစိုးရမှ အာဏာ သိမ်းပြီးသည်နှင့် (စက်တင်ဘာ ၂၈ ၊ ၁၉၈၈)မှာပင် တရုတ်ပြည်သို့ စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် ၀လက်နက်ကိုင်များနှင့် ပူးတွဲ နေရာယူထားသော မိုင်းယမ်း၊ မိုင်းယောင်း ၊ ဟိုပန် ဒေသများသို့ စစ်အင်အားအလုံးအရင်းဖြင့် မြန်မာစစ်တပ်မှ အကြီးကျယ်ပိတ်ဆို့ပြီး စခန်းသိမ်း တိုက်ပွဲကြီးများ ဆင်နွဲရန် စနေလေပြီး တဖက်မှာလဲ ကွန်မြူနစ်ပါတီအတွင်းသို့ ဗိုလ်သန်းရွှေ၏ မဟာဗျူဟာအရ အချို့သော ဘိန်းဘုရင်နှင့် ဘိန်းတပ်ဖွဲ့များ ၀င်ရောက်နေကြလေပြီ၊ ကွန်မြူနစ်ပါတီ၏ လျော့တွက်ထားမှုသည် အဆိုပါကာလအတွက် တက်တက်စင်အောင် လွဲချော်ခဲ့လေသည်။ အကြောင်းမှာ ပြည်တွင်းအုံကြွမှုကြောင့် မြန်မာ့စစ်အာဏာသိမ်း အစိုးရအတွက် အရူးမီးဝိုင်းဖြစ်နေမည်ဟု ရှု့မြင်ကာ ပေါ့ပေါ့တန်တန်ပင် ယူဆခဲ့လေသည်။ တရုတ်ပြည်မှ ပြန်လာသော နောင်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမည့် ဦးအုန်ကျော်မှ တရုတ်တို့အနေဖြင့် အစစအရာရာ ခြံစည်းရိုးဖြုတ်ကာ ဆက်ဆံရန် မီးစိမ်းပြကြောင်းနှင့် တရုတ်တို့ဘက်မှ လုပ်ပေးနိုင်သည့် အစီမံများအား န၀တ အာဏာသိမ်းအစိုးရသို့တင်ပြခဲ့သည်။ ထိုသို့ တရုတ်၏ မီးစိမ်းပြမှုအား နောက်ကွယ်မှ ကြိုးကိုင်သော ဦးနေ၀င်း၊ လက်ရှိအာဏာသိမ်းမှုအား ဦးဆောင်သူ ဗိုလ်ချုပ်စောမောင်နှင့် စစ်ဘက်ရေးရာ ကွပ်ကဲရေးမှုးချုပ် ဒုတိယဗိုလ်ချုပ် သန်းရွှေတို့ မြန်မာနိုင်ငံ၏ ၀ဒေသ တာယမ်းနှင့် မိုင်းယမ်းသို့ ၁၉၈၈ စက်တင်ဘာလ ၂၈ နေ့တွင် တပ်မ(၅)ခုအား သုံးစွဲကာ ရဲမာန်အောင်နှင့် အောင်မိုးဟိန်း အဆင်မြင့် စစ်ဆင်ရေးပြုလုပ်လေသည်။ တိုက်ပွဲအစဖြစ်သော နိုဝင်ဘာလ အလယ်ပိုင်းထိတွင် မြန်မာဘက်မှ အကြီးကျယ်ပင် အထိနာပြီး ကျဆုံးမှုများစွာရင်ဆိုင်ရလေသည်။ ထိုနောက် တရုတ်ပြည်မှ စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးနှင့် အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာ အရာရှိများက ၀နှင့် ကိုးကန့်ဒေသများသို့ ၀င်ရောက်ထိုးဖေါက်လာခဲ့ပြီး လက်ရှိ ၇င်ဆိုင်ဖြစ်ပေါ်နေသော တိုက်ပွဲများအား အထိမနာစေအောင် ဆုပ်ခွာပေးမှုများ ပြုလုပ်လာအောင် ဆောင်ရွက်စေခဲ့ပြီး ၀ခေါင်းဆောင်များနှင့် (၂)ကြိမ် ကိုးကန့်ခေါင်းဆောင် ဖုန်းကျားရှင်း ဖုန်းကျာပုတို့အဖွဲ့များကို လျှို့ဝှက်ဆွေးနွေးခဲ့သည်။ တရုတ်မြန်မာ နယ်စပ်မျဉ်းတလျောက်တွင် တရုတ်ဘက်မှာ စစ်အင်အား (သုံးသောင်း) နီပါးမျှ ချခင်းထားပြီး မြန်မာပြည်မှ အခြေနေများအား စောင့်ကြည့်နေခဲ့သည်။ ထိုအချိန်ကာလသည် မြန်မာပြည်တွင် ပြည်တွင်းနှင့် နယ်စပ်ဒေသများတွင် အတော်ကြီးပင် အုပ်ချုပ်ရေး ဖရိုဖရဲဖြစ်သွားခဲ့ရပြီး မြန်မာကွန်မြူနစ်ပါတီ၏ နိုင်ငံရေးသြဇာ စတင်ပျက်သုဉ်းရန် ဖြစ်ပေါ်လာသော အခြေပြုစကာလဖြစ်လေ၏။ ၁၉၈၉ ဒီဇင်ဘာတွင် မြန်မာစစ်ဘက်မှ ၄င်းတို့လိုလားသော ဒေသများအား အတော်ပင် သိမ်းဆီးရမိသော်ငြား…ကွန်မြူနစ်ပါတီဌာနချုပ် အပြင် ကချင်လက်နက်ကိုင်တို့၏ ဗဟိုအတွင်းဌာနချုပ် ထိုနောက် မုန်းကိုး နှင့် မုန်းကိုးဖေါင်းဆိုင် တို့အား ဆက်လက်သိမ်းပိုက်ရန် ချဉ်းကပ်နိုင်ခြင်းမပြုနိုင်ကြသေးပါ…ထိုကာလတွင် မြန်စစ်တပ်မှ ပြည်တွင်း နှင့် ရှေ့တန်းတွင် စစ်ဦးဘီးလူးပါတိုက်ခိုက်နေကြသော တပ်ရင်းတပ်ဖွဲ့များအတွက် ရိက္ခာ နှင့် စစ်ဘက်ဆိုင်ရာ အထောက်ပံ့များအား အကြီးကျယ်လိုအပ်နေသော အကြပ်တည်းဖြင့်ရင်ဆိုင်လာရသော ကာလဖြစ်နေလေသည်။ ထိုအကြောင်းကြောင့် ၂၀၁၃ ခုနှစ်တွင် သေဆုံးသွားပြီဖြစ်သော လောစစ်ဟန် မှ တရုတ်ပြည်တွင် အပ်နှံထားသော အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၅၀ ခန့်ရှိသော တရုတ်ငွေများမှတဆင့် တရုတ်ပြည်၏ အစိုးရခွင့်ပြုချက်ဖြင့် မြန်မာစစ်ဘက်ဆိုင်ရာသို့ ရိက္ခာနှင့် စစ်ဘက် အသုံးဆောင်များအပါဝင် ထောက်ပံ့ရေးအား ချက်ခြင်း ပို့ဆောင်လုပ်ကိုင်ဆောင်ရွက်ပေးခဲ့သည်။ (သို့ကြောင့် ၂၀၁၂) ခုနှစ်တွင် ဦးအောင်မင်းပြောသော တရုတ်ပြည်အား ကျေးဇူးရှင်အဖြစ် ကျေးဇူးဆပ်ရမည်ဖြစ်သော စကားသည် ထိုကာလတွင် ရရှိခဲ့သော အထောက်ပံ့များအား ရည်ညွန်းပြောဆိုကြောင်း စာရေးသူမှ တိတိပပ ထောက်ပြနိုင်ပါသည်။ ထို့ ကြောင့် ဘိန်းရာဇာ ဘုရင်ကြီးဟု နာမည်ဆိုးဖြင့်ကျော်ကြားသော ဦးလော်စစ်ဟန်၏ ပိုင်ဆိုင်မှုနှင့် ၄င်း၏ မိသားစု ဆွေမျိုးများအားလုံး ယနေ့အစိုးရလက်ထက်သို့တိုင်အောင် ၀င့်ဝင့်ကြွားကြွားမောက်မောက်မာမာ နေထိုင်နိုင်အောင် အကာကွယ် ဆက်လက်ပေးထားပြီး ဦးလော်စစ်ဟန်၏ ဇာပနကိုပင် နိုင်ငံတော် အကြီးကဲများကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးကြသောကြောင့် နိုင်ငံတော်ဇာပန ဟုပင် သံတမန်အသိုင်းဝိုင်းတွင် ပြောဆိုခဲ့ကြောင်း ရှိခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် တရုတ်တို့၏ အစီမံနှင့် တရုတ်တို့၏ ကျားကန်ပေးမှုအရ ၀အထူးတပ်ဖွဲ့မှ မြန်မာပြည်ကွန်မြူနစ်ပါတီအား အာဏာသိမ်းမှု ဖြစ်ပေါ်လာရပြီး မြန်မာပြည်ကွန်မြူနစ်ပါတီဝင်များခေါင်းဆောင်များအားတရုတ်မှပင် ယူနန်အရှေ့ဘက်တွင် ခိုလှုံနိုင်ခွင့်အား စိမံပေးကာ မြန်မာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးသြဇာနှင့် စစ်ဘက်ရေးရာ မဟာဗျူဟာအခင်းကျင်းများ အဆုံးသတ်သွားစေပြီး တရုတ်တို့နှင့် မြန်မာအစိုးရတို့၏ တိုက်ရိုက်ဆက်ဆံနိုင်သော အခြေနေတရပ်ဖြစ်ပေါ်လာရလေသည်။ တရုတ်ပြည်၏ ခွင့်ပြုချက်ဖြင့် မြန်မာ စစ်ဘက်ဆိုင်ရာမှ အမည်မဖေါ်လိုသူ (၄)ဦးအဖွဲ့ တရုတ်ပြည်သို့ ၁၉၈၉ ဇွန်လတွင် ရောက်ရှိခဲ့ပြီး တရုတ်ပြည်၏ ချပြသော အနာဂတ်မြန်မာ့နိုင်ငံရေး အခင်းကျင်းအား ဆွေးနွေး ခဲ့ကြသည်။ ထိုကြောင့် ၁၉၉၀ ရွေးကောက်ပွဲသည် အလျင်သလို ဖြစ်ပေါ်လာစေရန် တရုတ်တို့ဘက်မှ ပေးလာသော နိုင်ငံရေး မြေပုံအရ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား ကျင်းပရန် မြန်မာ့အာဏာသိမ်း စစ်တပ်မှ အဆောတလျင် ဆောင်ရွက်ရာတွင် ပါတီပေါင်း ၂၁၂ ပါတီအား တည်ထောင်ခွင့်ပြုစေပြီ မှတ်ပုံတင်ခွင့်ပြုကာ နိုင်ငံရေးအရ ဖရိုဖရဲဖြစ်စေလိုသော ကြံစည်မှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူထုထောက်ခံမှုများ အားပျော့စွားစေအောင် ဆောင်ရွက်ခဲ့လေသည်။ ပါတီးပေါင်း မြောက်များစွာ ပေါ်ထွက်လာစေခဲ့ခြင်းအားဖြင့် ရွေးကောက်ပွဲတွင် ပါတီအခြင်းခြင်းရှင်ပြိုင် ကြရင်းမှ ပြည်သူလူထုမှ တလုံးတခဲ ယုံကြည်ကာ မဲပေးရာတွင် မဲများ ပြန့်ကျဲသွားစေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အများပြည်သူမှ ထောက်ခံ ပေးနိုင်သော မဲများ လျော့နည်းသွားစေနိုင်ရန်ရည်ရွယ်ချက် ဖြင့် ဆောင်ရွက်ခဲ့ကြလေသည်။ ထိုတင်မက တရုတ်တို့၏ ကျောထောက်နောက်ခံ အကြံပြုချက်နှင့်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင်တချို့အား အဓမ္မဖမ်းဆီးထိန်းချုပ်မှုများ ပြုလုပ်ခဲ့စေပြီး နောက်ဆုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်ကိုပင် တရုတ်အားကိုးဖြင့် ဖမ်းဆီး ချုပ်နှေင်ခဲ့ကြောင်း စာရေးသူ နောက်ပိုင်းတွင် တင်ပြပေးသွားပါမည်။သို့သော် တရုတ်တို့ဘက်မှ နိုင်ငံရေး အကြံပေးမှု တက်တက်စင်အောင် လွဲခဲ့ရလေသည့် အကြောင်းမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် တရုတ်သံတမန်များ တရုတ် နိုင်ငံရေး ပါရဂူများ၏ ရုပ်သေး ဒီမိုကရေစီနိုင်ငံရေး ဗျူဟာ ကျဆုံးသော ရွေးကောက်ပွဲဟု ဆိုနိုင်ပါသည်။ အာဏာသိမ်း စစ်အစိုးရနောက်ကွယ်တွင် ကိုင်တွယ်ထားသော ထိုအချိန်က သြဇာ ငြောင်းနေဆဲဖြစ်သည့် ဦးနေ၀င်းနှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့စည်းများအဖို့ အံ့အားသင့်သွားစေခဲ့သည်။ ထိုကြောင့် မြန်မာ စစ်အစိုးရအတွင်း ၀ယ်တရုတ်နှင့်ဆက်ဆံရေး ထင်သလောက် ခရီးမပေါက်သေးဘူးဟု ယူဆလာသူများနှင့် ရုရှားကိုပါ တရုတ်နှင့်အတူ ဆက်ဆံရေးတပြေးညီတည်ဆောက်ထားရန် လိုကြောင်း ဗျူဟာစတင်ချမှတ်လေသည်။ ဆက်လက်ဖေါ်ပြပါမည် အပိုင်း(၃) အား မကြာခင် တင်ပြပါလျင် တရုတ်တို့၏ အထောက်ပံဖြင့် သက်စိုးရှည်ပုံနှင့် မြန်မာ့အနာဂတ် ကြောက်မက်ဖွယ်ရာ ရင်ဆိုင်ရနိုင်ပုံတို့အား ဖေါ်ပြပေးပါမည်။ ကျေးဇူးတင်ပါသည် (ဂိုလ်ရှယ်လေး)

No comments: