Tuesday, December 17, 2013

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ ခင်ဦးမြို့တွင် ကျောင်းတော်ပြန်တို့ စကားဝိုင်းပြုလုပ်



ဒီဇင်ဘာ ၁၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုယ်စားလှယ် ၃ ဦး သွားရောက်ခဲ့ပြီး ခင်ဦးမြို့နယ် အတွင်းရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် တွေ့ဆုံကာ ကျောင်းတော်ပြန်တို့ စကားဝိုင်းကို နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ကျောင်တော်ပြန်တို့ စကားဝိုင်းအား ဦးဆောင်ကျင်းပခဲ့သူများထဲ ပါဝင်သူ ဦးတင်မောင်ဦးက "နိုင်ငံရေး အကျဉ်းသားတွေဟာ ထောင်ထဲကနေ စိတ်ဒဏ်ရာတွေ ရခဲ့ကြတယ်။ ထောင်ကနေ ပြန်လွတ်လာရင် အရင်ပေါင်းခဲ့ဖူးတဲ့ အပေါင်းအသင်းတွေ၊ ကိုယ့်ရဲ့မိသားစုဝင်တွေနဲ့ အဆင်မပြေတော့တာမျိုးတွေ ကြုံကျရပါတယ်။ အဲဒါမျိုး တွေ့ကြုံခဲ့တာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ ဒီလို အားလုံးကြုံခဲ့ကြတယ်။ ကျန်တဲ့လူတွေ ဘယ်လိုကုသကြသလဲ။ ကိုယ့်စိတ်ကိုကိုယ် ဘယ်လိုပြုပြင်ယူကြလဲ ဆိုတာကို ၀ိုင်းဆွေးနွေးကြတာပါ။ တစ်ယောက်ရဲ့ အတွေ့အကြုံကို တစ်ယောက်က ပြောပြကြတယ်။ တစ်ယောက်ရဲ့အခက်အခဲကို ကျန်တဲ့လူတွေ ၀ိုင်းဆွေးနွေးပြီး ၀ိုင်းဖြေရှင်း ပေးကြတာပါ။ အဲဒီ့ စကားဝိုင်းကို ကျွန်တော်တို့က ကျောင်းတော်ပြန်တို့ စကားဝိုင်းလို့ အမည်ပေးထားတာပါ" ဟု ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ အနေနှင့် ကျောင်းတော်ပြန်တို့ စကားဝိုင်းအား ရန်ကုန်၊ ပခုက္ကူ၊ တောင်ကြီး၊ မော်လမြိုင်တို့တွင် ပြုလုပ်ကျင်းပခဲ့ပြီး ယခုအကြိမ်သည် (၅)ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ရုံးခန်းများအဖြစ် ခင်ဦး၊ ရေဦး၊ တန့်ဆည်တို့တွင်လည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

No comments: