Saturday, December 14, 2013

မြန်မာအသင်း ထိုင်းကိုနိုင်လျှင် နှစ် ၃၀ အတွင်း ပထမဆုံးနိုင်ပွဲဖြစ်မည်


-----------------------
ရန်ကုန်-ထိုင်းနှင့် ယှဉ်ပြိုင်မည့် ယနေ့ဘောလုံးပွဲတွင် မြန်မာအနိုင်ရရှိခဲ့ပါက ဆီးဂိမ်းပြိုင်ပွဲသမိုင်းတွင် နှစ်ပေါင်း ၃၀ အတွင်း ထိုင်းကို ပထမဆုံးအကြိမ်နိုင်သည့်ပွဲ ဖြစ်လာမည်ဖြစ်သည်။

၁၉၇၇ ခုနှစ်မှစတင်၍ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖြစ် အမည်ပြောင်းလဲကျင်းပခဲ့သည့်နောက် မြန်မာသည် ထိုင်းကို နောက်ဆုံးအနိုင်ရခဲ့သည်မှာ ၁၉၈၃ ခုနှစ် စင်ကာပူဆီးဂိမ်းတွင်ဖြစ်သည်။ ယင်းနောက်တွင် နှစ်ပေါင်းသုံးဆယ်ကြာသည်အထိ အနိုင်မရရှိခဲ့တော့ပေ။

အိမ်ရှင်မြန်မာအသင်းသည် နာမည်ကျော်ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ရမည့် ယနေ့ပွဲတွင် အနိုင်ရခဲ့ပါက အဖိုးတန်သုံးမှတ်အပြင် ပရိသတ်များခံရခက်သည့် သမိုင်းဝင်ရှုံးကြွေးကိုလည်း ပြန်ဆပ်နိုင်မည်ဖြစ်သည်။

ဆီးဂိမ်းဟု အမည်ပြောင်းခဲ့သည့် သမိုင်းတစ်လျှောက်တွင် မြန်မာနှင့်ထိုင်းသည် ထိပ်တိုက်တွေ့ဆုံမှု ၁၅ ကြိမ်ရှိခဲ့ပြီး ထိုင်းအသင်းက ၁၂ ကြိမ်အနိုင်ရကာ မြန်မာအသင်းက ၂ ကြိမ်သာ အနိုင်ရခဲ့ပြီး ၁ ကြိမ်က သရေကျထားသည်။ အဆိုပါတွေ့ဆုံမှုများအတွင်း ထိုင်းအသင်းက မြန်မာဘက်သို့ ဂိုးပေါင်း ၄၀ အထိ သွင်းယူထားနိုင်ခဲ့ပြီး မြန်မာက ထိုင်းဘက်သို့ ၁၄ ဂိုး သွင်းယူနိုင်ခဲ့သည်။ ၁၉၈၃ တွင် နိုင်ခဲ့စဉ်က တစ်ဂိုး၊ ဂိုးမရှိဖြင့် နိုင်ခဲ့သည်။

သမိုင်းကြောင်းအရ မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲများတွင် ထိုင်းအသင်းကို အသာမရခဲ့သော်လည်း သုဝဏ္ဏကွင်းတွင် ယနေ့ကစားမည့်ပွဲတွင် မြန်မာအသာရနိုင်ကြောင်း အားကစားကလောင်ရှင်များက သုံးသပ်ကြသည်။

ယနေ့ပွဲတွင် ပရိသတ်၏အားပေးမှု၊ အိမ်ကွင်းတွင် မြန်မာခြေစွမ်းကောင်းရလေ့ရှိမှု စသည့် အားသာချက်များနှင့် ထိုင်းကို အနိုင်ရနိုင်ကြောင်း တက်လမ်းအားကစားဂျာနယ်အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်ကသုံးသပ်သည်။

“ထိုင်းကသာတယ်ဆိုပေမယ့် ရုန်းကန်ကစားရင် မြန်မာနိုင်နိုင်တယ်။ မြန်မာက ခံစစ်ကိုလုံလုံကစားပြီး တန်ပြန်တိုက်စစ်နဲ့ ကစားသင့်တယ်။ အမှားနည်းဖို့တော့လိုတယ်”ဟု အားကစားကလောင်ရှင်တစ်ဦးလည်းဖြစ်သူ ဦးချစ်ဝင်းမောင်ကပြောသည်။

အလားတူ အားကစားကလောင်ရှင်တစ်ဦးဖြစ်သော Daily Eleven သတင်းစာ၏ Senior Editor တစ်ဦးလည်းဖြစ်သူ ကိုနေ(မန်း)က ထိုင်းအသင်းအနေဖြင့် နည်းစနစ်ကောင်းမွန်သော်လည်း ယနေ့ပွဲတွင် မြန်မာအသင်း ၃-၂ ဂိုးဖြင့် အနိုင်ရရှိနိုင်ကြောင်း သုံးသပ်သည်။

နည်းစနစ်ပိုင်းတွင် မြန်မာနည်းပြပတ်ဆောင်ဟွာထက် ထိုင်းနည်းပြကိုင်တီဆက်က ပိုကောင်းသော်လည်း ကစားသမားများ၏ စွမ်းဆောင်ရည်ကြောင့် မြန်မာအနိုင်ရနိုင်ကြောင်း ၎င်းကပြောသည်။

ကိုနေ(မန်း)က မြန်မာနည်းပြကို ဝေဖန်ခဲ့ပြီး ပတ်ဆောင်ဟွာကိုင်တွယ်ခဲ့သည့် ၂ နှစ်အတွင်း သုံးစွဲခဲ့သည့် ငွေကြေးဖြင့် ကမ္ဘာ့အဆင့်တက်ရန်မှန်းနိုင်လောက်သည့် အနေအထားတွင် ရှိနေသင့်သော်လည်း ဆီးဂိမ်းရွှေရရန် ရင်တမမဖြစ်နေရသည်မှာ ဘ၀င်မကျကြောင်း ၎င်းကပြောသည်။

ထိုင်းနှင့် မြန်မာသည် နှစ်ပွဲကစားအပြီး နှစ်ပွဲနိုင်ခြောက်မှတ်ဖြင့် အုပ်စုတွင်းတွင် ထိပ်ဆုံးနေရာများတွင် ရပ်တည်နေခဲ့ပြီး နှစ်သင်းလုံးသည် အုပ်စုတက်ရန် အကောင်းဆုံးအနေအထားတွင် ရှိခဲ့သည်။

အိမ်ရှင်မြန်မာနှင့် ယှဉ်ပြိုင်ရမည့် ပွဲအတွက်အကောင်းဆုံး ပြင်ဆင်ထားကြောင်း အင်ဒိုနီးရှားကို ဂိုးပြတ်အနိုင်ရသည့် ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ထိုင်းအသင်းနည်းပြကိုင်တီဆက်ကပြောကြားခဲ့ပြီး ရွှေတံဆိပ်ရရန် မှန်းထားကြောင်းလည်း ၎င်းကပြောသည်။

No comments: