Friday, December 6, 2013
အမှောင်ထုမှ လွတ်မြောက်ခြင်း
– ထက်မြက်
““ခင်ဗျားတို့ကို ထောက်ခံပါတယ် ခင်ဗျားတို့အလိုကျနေပါမယ်ကျွန်တော် ဗိုလ်ချုပ်ကြီးနေ၀င်းကိုလည်း ရိုသေပါတယ် မှားခဲ့သမျှကို လည်း ၀န်ချတောင်းပန်ပါတယ် ခင်ဗျားတို့ကို လုံးဝမဆန့်ကျင်တော့ပါဘူး”” ဟု အသနားခံစာတင်ကာ အလျှော့ပေး လက်မြှောက် သူများ ကိုလည်း သူတို့သည် သိက်္ခာမဲ့သူများအဖြစ် နှစ်ရှည်ထားလေ့ရှိ . . .
ထောင်ထဲတွင် စာမေးပွဲဟု ခေါ်ကြသော မေးခွန်းများကို ဖြေရသည် ဆိုလျှင် ဖြစ်နိုင်ခြေ ၂ ခုသာ ရှိပါသည်။ တစ်ခုမှာ ထောင်မှ လွှတ်ပေးခြင်းနှင့် တစ်ခုမှာ ထောင်ပြောင်း ရွှေ့ခြင်း ဖြစ်၏။ ထိုကိစ္စကိုက ထောက်လှမ်းရေးက သူတို့အတွက် ကြီးကျယ်သော အလုပ်များ အဖြစ် လုပ်လေ့ရှိ ကြသည်။ ဖမ်းဆီးထား သူများကို ကတိခံ ၀န်ချက် အမျိုးမျိုးနှင့် ချုပ်နှောင်ပြီးမှ သူတို့ လုပ်ချင်တာ လုပ်လေ့ရှိသည်။ ထိုလုပ်ရပ် များမှာ မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ် များလည်း ဖြစ်ပေသည်။ ထောက်လှမ်းရေးက သူတို့ ဖမ်းဆီးထားသူ များတွင် ၂ မျိုး ၂ မျိုးစားကို နှစ်ရှည် ထားလေ့ရှိ၏။ တစ်မျိုးမှာ သူတို့ကို ဆန့်ကျင်ပြီး သူတို့ကို ဆန္ဒပြခြင်း၊ အစာငတ် ခံခြင်း စသည် များအား ပြုလုပ်သူများကို ပထမတစ် အမျိုးအစား ထားပြီး တစ်စုံတစ်ရာ ပြောင်းလဲမှု အခြေအနေ ရောက်မှ လွှတ်ပေးလေ့ ရှိသည်။ ဗြိတိသျှခေတ်က ထားရှိသော ပုဒ်မ ၅ လို ဥပဒေကို လွတ်လပ်ရေး ရပြီး ဖဆပလ ခေတ်တွင်ရော၊ တော်လှန်ရေး ကောင်စီခေတ် တွင်ပါ
ဆက်လက် ကျင့်သုံး ခဲ့ပါသည်။ နောက်တစ်မျိုးမှာ ““ခင်ဗျားတို့ကို ထောက်ခံ ပါတယ်။ ခင်ဗျားတို့ အလို ကျနေပါမယ်။ ကျွန်တော် ဗိုလ်ချုပ်ကြီး နေ၀င်း ကိုလည်း ရိုသေ ပါတယ်။ မှားခဲ့သမျှ ကိုလည်း ၀န်ချတောင်းပန် ပါတယ်။ ခင်ဗျားတို့ကို လုံးဝ မဆန့်ကျင်တော့ ပါဘူး”” ဟု အသနားခံစာ တင်ကာ အလျှော့ပေး လက်မြှောက် သူများ ကိုလည်း သူတို့သည် သိက္ခာမဲ့သူများ အဖြစ် နှစ်ရှည် ထားလေ့ရှိ ပါသည်။ ကျွန်တော်တို့မှာ ဒုတိယအမျိုး အစားထဲ မပါသည်က သေချာ၏။ …
ကိုကိုးကျွန်းမှ ပြန်လာပြီး တစ်လ၊ နှစ်လ အတွင်း ထိုကဲ့သို့ စာမေးပွဲ ဖြေရသည့် အတွက် ကျွန်တော်တို့ ခေါင်းထဲတွင် စဉ်းစားစရာ များ ဖြစ်လာပါ သည်။ နောက်တစ်ကြိမ် ထောင်ပြောင်း မလားဟုသာ စဉ်းစားနိုင်သည်။ ကိုကိုးကျွန်းသို့ ပြန်ပို့မည်ဟု မစဉ်းစားပေ။ အဘယ်ကြောင့် ဆိုသော် ကိုကိုးကျွန်း အကျဉ်းထောင်မှာ ကျွန်တော်တို့၏ တိုက်ပွဲဝင် မှုကြောင့် ကြေမွနေပေသည်။ လွှတ်ပေး မလားဟုလည်း မစဉ်းစားခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် လွန်ခဲ့သော ၃ နှစ် ကိုကိုးကျွန်းမှာ ရှိစဉ်ကတည်းက သူတို့ အလိုကျ မနေခဲ့ပေ။ အစာငတ်ခံ ဆန္ဒပြပွဲများသာ ပြုလုပ်ခဲ့ သည်။ စစ်အာဏာရှင် တို့၏ အုပ်ချုပ်ရေး ကာလတစ်လျှောက်လုံး ပြည်သူတို့၏ ဆန္ဒကို လိုက်လျော ခဲ့သည် ဆိုသည်မှာ လုံးဝမရှိခဲ့။ ယခု ၅၃ ရက် အစာငတ်ခံ တိုက်ပွဲ၊ ရက် ၄၀ အစာငတ်ခံတိုက်ပွဲများ ကိုသာ မဆလအစိုးရ အရှုံးပေး လိုက်လျော ခဲ့ရသည်။ ကျွန်တော်တို့ကို လုံးဝကျေနပ် မည်မဟုတ်။ ထို့ကြောင့် ကျွန်တော်တို့ကို လွှတ်ပေးဖို့ ဆိုသည်မှာ အစဉ်းစားရ ကျပ်လှ လေသည်။ သို့သော် နိုင်ငံရေး အခြေအနေမှာ ပြောရ ခက်ပါသည်။ သူတို့၏ အုပ်ချုပ်မှု အသားကျနေသည်ဟု ယူဆပြီး ကမ္ဘာ့ အမြင်တွင် နိုင်ငံရေး အကျဉ်းသားပေါင်း များစွာ ထားသည်မှာ အရုပ်ဆိုး အကျည်းတန် လှသည် ကိုလည်း သူတို့ သဘောပေါက်၏။ ထို့ကြောင့် သူတို့၏ အုပ်ချုပ်ရေးနှင့် နိုင်ငံရေး တည်ငြိမ် လာသည်နှင့် တင်းကျပ် ထားသမျှကို ဖြေလျှော့ ပေးဖို့ လည်း သူတို့ ဖန်တီး နိုင်ပါသည်။
လွှတ်ပေးသည် ဆိုလျှင် ယခုထက်တိုင် သူတို့ အစဉ်အလာ အရ လုပ်လေ့ ရှိသည်မှာ Bond ဘွန်းခေါ် ခံဝန်ချက်များ လက်မှတ် ရေးထိုးခိုင်းခြင်း ဖြစ်သည်။ ကျွန်တော်တို့ ကမူ လက်မှတ် လုံးဝ ရေးထိုးခြင်း မပြုနိုင်ပါ။ စဖမ်း ကတည်းက စစ်အာဏာရှင် တို့ကို လုံးဝ အရှုံးပေး ဒူးထောက်ခြင်း မပြုနိုင်ဟု ဆုံးဖြတ်ထားကြသည်။ အသက်ပင် သေသေ စစ်အာဏာရှင်တို့နှင့် လုံးဝ စေ့စပ် ညှိနှိုင်းခြင်း လုပ်မည် မဟုတ်ပေ။ ကျွန်တော်တို့ ထောင်ထဲ အတူနေစဉ်က အမြဲလိုလို အသနားခံစာ တင်လေ့ရှိသော နိုင်ငံရေးသမား များကို တွေ့ခဲ့ ရပါသည်။ အင်းစိန်ထောင် တွင်လည်း တစ်လ တစ်ခါ အသနားခံစာ တင်သူများ ရှိသည်။ ကိုကိုးကျွန်း တွင်လည်း တစ်ပတ် တစ်ခါ၊ ၂ ပတ် တစ်ခါ အသနားခံစာ တင်သူရှိ၏။ တစ်နေ့ တစ်ခါ တင်ခွင့် ရလျှင် တင်ကြမည့် သူများ ဖြစ်၏။ နိုင်ငံရေး အမှုနှင့် မဟုတ်ဘဲ ဗိုလ်မှူး၊ ဗိုလ်ချုပ်များက အမြင်ကတ်မှုနှင့် ပုဒ်မ ၅ ဖြင့် အဖမ်းခံရသူ များမှာ အသနားခံစာ တင်လေ့ ရှိသလို နိုင်ငံရေးသမား ရင့်မာကြီး ဖြစ်လျက်၊ ပါတီ ဗဟိုကော်မတီတွင် ပါဝင်သူ ဖြစ်လျက်နှင့် အသနားခံစာ တင်သူ များလည်း ရှိပေသည်။ ယခုအခါ၌ သူတို့ မှာ ကွန်မြူနစ်ဝါဒကြောင့် ထောင်ကျ ခံရသည်။ ဗကပ၏ စည်းရုံး သိမ်းသွင်းမှုကြောင့် အစိုးရက အထင်လွဲကာ ထောင်ကျခဲ့ရသည်။ ထို့ကြောင့် ကွန်မြူနစ်ဝါဒနှင့် ဗကပမှာ သူ တို့၏ ကမ္ဘာမကျေ ရန်သူများ ဖြစ်သည်။ စစ်အစိုးရက သူတို့၏ အသက် သခင် ကျေးဇူးရှင်များဖြစ်သည်။ တချို့ဆို စစ်တပ်က သူတို့အသက်ကို ၂ ကြိမ်တိုင်တိုင် ကယ်ခဲ့သည့် အသက် သခင် ကျေးဇူးရှင်များဟု အနန္တောအနတ္တ ၆ ပါး၌ ထည့်သွင်း ခဲ့ကြသည်။ ထိုသူများမှာ ရယ်စရာ လည်းကောင်း သလို ရွံစရာလည်း ကောင်းလှပေသည်။ ထိုသူများမှာ ယခု ဗကပထဲတွင် ရှိသလို အလံနီများ၊ NLD များနှင့် ကဗျာ ဆရာများ ထဲတွင်လည်း ရှိလေသည်။
တချို့ လှုပ်ရှား တက်ကြွသူများသည် သူတို့၏ ပါဝင်ပတ်သက် မှုကြောင့် ကျူပင်ခုတ် ကျူငုတ်ပါ မကျန်အောင် ဖမ်းဆီးရာတွင် သူတို့လည်း ထောင်ထဲ ရောက်သွား၏။ ထောင်ဆိုသည်မှာ အကောင်း တစ်ကွက်မှ မရှိပေ။ နိုင်ငံရေးသမား ဆိုလျှင် တိုက်ခန်းထဲ ထားကာ စိတ်ရော ရုပ်ပါကျ ဆင်းသွားအောင် ညှဉ်းပန်းသည့် အချိန်တွင် သူတို့သည် NLD ကိုလည်း အပြစ်ပုံချ တော့သည်။ ဗကပကိုလည်း ဆဲရေးတိုင်းထွာ တော့သည်။ NLD ခေါင်းဆောင်ကိုလည်း အမနာပ အော်ဟစ် ပြောဆိုတော့၏။ ထိုတွင် စာရေးဆရာ၊ ကဗျာဆရာ များလည်း ပါသည်။ ထိုသို့ သူတို့၏ ဆဲရေးတိုင်းထွာမှုကို ထောင်ထဲ အတူရှိနေသော နိုင်ငံရေး သမားများက သိသည်။ အတူ နှိပ်စက်ခံရ သူများကလည်း ကြားနေရသည်။ သူတို့ကို စက်ဆုပ် ရွံရှာခဲ့ကြ၏။ ထောင်က လွတ်လာသည့် အခါတွင်လည်း သူတို့သည် ဒီမိုကရေစီကိုလည်း ဆန့်ကျင်ရှုတ်ချ၏။ ဗကပကိုလည်း ဆန့်ကျင် အပုပ်ချသည်။ သို့သော် စစ်အာဏာရှင်များနှင့် စစ်အစိုးရကိုမူ ဆန့်ကျင်သည့် စကားမပြောကြပေ။ အခြေအနေများ ပြောင်းလဲ လာပြီး ဒီမိုကရေစီ အသံများ ကြားလာရသော အခါတွင် သူတို့သည် စစ်အစိုးရကို ကျေးဇူး တင်ဆဲ ရှိနေကြသည်။ ဗကပကို ဆန့်ကျင် ပြောဆိုကြသည်။ ဗကပ ရှုံးနိမ့်နေသည့် အခါတွင် ဗကပကို အပုပ်ချ ပြောဆို နေသည်မှာ အော့နှလုံး နာစရာ ကောင်းသလို လဲနေသူအား ခြေထောက်နှင့် ကန်ကာ မှတ်ပြီ လားဟု အော်နေသော သူရဲကောင်းယောင်များ ဖြစ်လာ ကြသည်။ ထောင်ထဲတွင် ဘ၀တူ များကိုလည်း ဆန့်ကျင်ခဲ့ ကြသလို သူတို့၏ ရပ်တည်ချက် များကို အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများလည်း သိကြသည်။ သို့သော် သူတို့က ယခုအခါ ရဲရင့် သူများ ဖြစ်လာကြသည်။ သူတို့၏ ယခင် အော်ဟစ်ဆဲဆို ခဲ့မှုများကို ဖုံးကွယ်ကာ စာပေဟောပြောပွဲ များ၌ စစ်အာဏာရှင် များအား သူတို့က ဦးဆောင် တိုက်ခိုက်ခဲ့ သယောင် ပြောဆို ခဲ့ကြသည်။ အမှန်မှာမူ သူတို့သည် အကျဉ်းထောင်ထဲတွင် ဒုတိယ အမျိုးအစား၌ ပါဝင်ခဲ့လေသည်။
ထောင်ဆိုသည်မှာ ကောင်းကွက် ရှိသည်ဟု မပြောနိုင် သော်လည်း လူတို့၏ ခံနိုင်ရည်အားကို စမ်းသပ်သော စမ်းသပ် ကွင်းအဖြစ်ကား ပြောနိုင်ပေသည်။ လေတစ်လုံး မိုးတစ်လုံး ပြောနေသူများအား ထောင်ကျ စေချင်သည်ဟု ပြောခြင်းမှာ သူတို့၏ ခံနိုင်ရည်အား၊ စိတ်ဓာတ်ကို စမ်းသပ်လိုခြင်းကြောင့် ထောင်ကျခံစေလို ခြင်းဖြစ်ပါသည်။ မိမိ၏ နိုင်ငံရေး ခံယူချက်၊ အယူအဆ သဘောထားကို ခိုင်မြဲအောင် ကိုင်စွဲသူများမှာ အရှုံးမပေး ဒူးမထောက် ကြပေ။ လူပုဂိ္ဂုလ်အရပင် လေးစားသင့်သော ရဲစွမ်းသတိ္တ ရှိသူများဟု သတ်မှတ်ရ ပေမည်။ ထို့ကြောင့် ထောင်သည် မိမိ၏ နိုင်ငံရေး ယုံကြည်ချက်ကို စမ်းသပ်ခြင်း၊ လူပုဂိ္ဂုလ်တစ်ဦး၏ ခံနိုင်ရည် အားကို စမ်းသပ်ခြင်း စသည်တို့ကို ဖော်ဆောင်သည့် နေရာဖြစ်သောကြောင့် နိုင်ငံရေး လုပ်မည် ဆိုလျှင် ထောင်ကျဖူး သူသည် ထောင်မကျ ဖူးသူထက် ပို၍ နိုင်ငံရေး အင်အားရှိသည်ဟု ဆိုရပေမည်။ ထောင်ကျဖူး သူများတွင်လည်း ထောင်ထဲတွင် သူတို့၏ နိုင်ငံရေး ရပ်တည်ချက်ကို သိရပြန်ပါသည်။ အချို့က အသနားခံစာ အမြဲတင်သူများ ရှိ၏။ တချို့က ထောက်လှမ်းရေးနှင့် စစ်အစိုးရက ပေးသော ကတိခံဝန်ချက်ကို လက်မှတ် ရေးထိုးကာ မိမိ ယုံကြည်ချက်ကို အရှုံးပေးကာ ထောင်ထဲ ထွက်ခဲ့ကြသည်။ တချို့မှာ အသနား ခံစာတင်ကာ နိုင်ငံရေး လုံးဝ မလုပ်တော့ဘဲ စီးပွားရေး သမားက စီးပွားရေးပဲ လုပ်ပါမည်။ စာရေးသူက စာပဲ ရေးပါတော့မည်ဟု ကတိခံဝန်ပြုကာ ထောင်မှ လွတ်လာခဲ့သည်။ တချို့က ကြွေးကျန် ၄၀၁ ပုဒ်မကို လက် မှတ်ထိုး ကြသည်။ ထိုသို့ လက်မှတ် မရေးထိုးခြင်း၊ ခံဝန် မထိုးခြင်းကို ရှေ့ဆုံးတန်း၌ ရပ်တည်သူများမှာ ၁။လက်ဝဲသမားများ ဖြစ်သည်။ ၂။ ကျောင်းသား ရဲဘော်များဖြစ်၏။ ၃။ ခိုင်မာသော ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွ သူများဖြစ်သည်။
ကျွန်တော်တို့ကို စာမေးပွဲ စစ်ပြီးသည့် နောက်ပုံမှန်အတိုင်းပင် ထားရှိပါသည်။ ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ထဲသို့ ရောက်လာ၏။ အခြေအနေမှာ တစ်စုံတစ်ရာ အပြောင်းအလဲသို့ ရောက်နေပြီဟု ကျွန်တော်တို့ မှန်းကြည့် ပါသည်။ သူတို့ပြိုလဲအောင် ဗကပနှင့် ကျန်အင်အားစု များက ပြိုလဲအောင် လုပ်နိုင်မည် မဟုတ်။ သူတို့ မျက်လှည့်ပြဖို့ အကွက် တစ်ခုခုတော့ ကြံစည် နေပြီဟု ခန့်မှန်းကြသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ ရေးဆွဲ နေကြောင်း ထောင်ထဲတွင် ဖတ်ရသော လုပ်သား ပြည်သူ့နေ့စဉ် သတင်းစာတွင် ဖတ်ရသည်။ ထိုအခါ ကမ္ဘာ့ အမြင်ကောင်းအောင် နိုင်ငံရေး ဖြေလျှော့မှု တစ်ခု သူတို့ လုပ်ရပေမည်။ နိုင်ငံရေး အကျဉ်းသားများကို ညှဉ်းပန်း နေသည်ထက် လွှတ်ပေးခြင်းက ပို၍ မျက်နှာပန်း လှပါသည်။ သို့သော် စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း လွယ်လွယ် ကူကူ လွှတ်ပေး ဖို့ကား မလွယ်လှပေ။ ယခုလို ထောင်ထဲတွင် စစ်ဆေးနေသည် ကပင် သူတို့ သဘောထား မမှန်ကြောင်း သိနိုင်သည်။ မေးခွန်းများ မေးကာ ထိုလူခေါင်းမာ မမာ၊ လွှတ်ပေးသင့် မပေးသင့် စစ်ဆေးနေခြင်း ဖြစ်၏။ ကျွန်တော်တို့က မဆလကို လုံးဝ မထောက်ခံ။ စစ်အာဏာရှင် တို့ကို ဆန့်ကျင်သည်။ ဗကပ မှာမူ ပြည်သူ၏ ထောက်ခံမှု ရလျှင် ရသလောက် အောင်ပွဲဆင် နိုင်ပြီး ပြည်သူ၏ ထောက်ခံမှု မရလျှင် အောင်ပွဲဆင် နိုင်မည် မဟုတ်ဟု ကျွန်တော်၏ သဘောထားကို ဖြေဆိုခဲ့သည်။ လွှတ်မည် ဆိုလျှင် စစ် ထောက်လှမ်းရေး၏ သံမဏိ စည်းကမ်းအရ ခံဝန်လက်မှတ် မထိုးလျှင် လွှတ်မပေးဟု သတ်မှတ်ချက်ကြောင့် ကျွန်တော် လွတ်မည်ဟု မထင်ခဲ့ပေ။
နေ့လယ် ၂ နာရီခန့်တွင် ကျွန်တော်တို့ တစ်ရေး တမော ခုတင်ပေါ်တွင် အိပ်နေချိန်၌ တံခါးမကြီး ဖွင့်သံကို ကြားရ၏။ နောက်ထောင်မှူး တစ်ယောက်နှင့် ထောင်ကြပ်များ ၀င်လာကာ လူနာမည်နှင့် အဖေ နာမည်တွဲ ခေါ်၏။ နာမည် ခေါ်ခံရသူများအား မိမိတို့ ပစ္စည်းများကို ထုပ်ပိုးခိုင်း၏။ ၂ ယောက်တစ်တွဲ ထွက်ကာ ရှေ့တွင် တန်းစီ ခိုင်းပါသည်။ ကျွန်တော့် နာမည်ကို ခေါ်သည်။ အဖေနာမည် ကိုလည်း ခေါ် သည်။ မှန် မမှန် စစ်ပြီးသည်နှင့် ရှေ့ထွက် ခိုင်းလေသည်။ ထိုအချိန်တွင် ကျွန်တော်နှင့် နာမည်တူ အလံနီပါတီမှ ကျွန်တော်တို့ အခေါ် ကိုအောင်ကြီးကလည်း ကျွန်တော့် နာမည်နှင့် နာမည်အရင်း တူနေသော ကြောင့်ထ၏။ သို့သော် အဖေ နာမည် မတူပေ။ သူ့ကိုခေါ် မထုတ်ပါ။ ကျွန်တော့်ကို ခေါ်ထုတ်သွားသည်။ ကျွန်းတွင် ကျွန်တော်တို့ စောင်များကို ထုတ်သော အနွေးထည် အင်္ကျီများကို ထုပ်ကာ အခန်းအပြင် ထွက်လိုက်သည်။ ကျွန်တော်တို့ အားလုံးကို နောက်မှ လိုက်ခဲ့ရန် ထောင်မှူးက ပြောကာ အရှေ့မှ ထွက်သွားသည်။ ကျွန်တော်တို့ ထောင်တွင် နေရသည့် လေး၊ ငါး၊ ခြောက်နှစ် အတွင်း တစ်နေရာမှ တစ်နေရာ ခေါ်သည့်အခါ ခေါင်းပေါ်စောင် အုပ်လေ့ ရှိသည်။ ခေါင်းမြီး မခြုံရသည်မှာ ယခု တစ်ကြိမ်သာ ရှိသည်ဟု ဆိုရမည်။ ထောင်ဘူးဝသို့ ခေါ်သွား၏။ တစ်ယောက် နှင့် တစ်ယောက် မျက်လုံးချင်း ဆိုင်ကြည့် လိုက်ကာ လွှတ်တာ ဖြစ်မည်ဟု တိုးတိုး ပြောဖြစ်ကြသည်။ လွှတ်ရင် ဘွန်းမထိုးနဲ့ နော်ဟုလည်း အလေးအနက် သတိပေး ပြောလိုက် ကြပါသည်။ ကျွန်တော်တို့ကို ထားသော ၄ ဆောင်မှ လူအတော်များများ ပါလာကြ၏။ ဘူးဝထောင် ၀င်စာဘက် မိန်းမဆောင် ရှေ့ရောက်သည့် အခါတွင် ကျွန်တော်တို့ကို ထိုင်ခိုင်းလေသည်။ ၃ ဆောင်၊ ၅ ဆောင် စသည် တို့မှလည်း လူများ ရောက်လာ ကြသည်။ အားလုံးလိုလိုမှာ ကျွန်းတွင် နေခဲ့ရသူများ ဖြစ်လေသည်။ ဘဖူးညွန့်၊ ချိုကြီး၊ ကိုဇော်လွင်၊ ခင်မောင်ဇော် စသည့် ရဲဘော်များကို မှတ်မိနေ၏။ အခြေအနေ အခင်းအကျင်းမှာ ကျွန်တော်တို့ကို လွှတ်ဖို့ သေချာသလောက် ဖြစ်နေပါတော့သည်။
http://myanmarthandawsint.com/2013/10
Subscribe to:
Post Comments (Atom)
No comments:
Post a Comment