Friday, December 6, 2013

မြန်မာတွေရဲ့ မူပိုင်ခွင့်

မြန်မာတွေရဲ့ မူပိုင်ခွင့်
============
မွန်ထရီရယ်က မြန်မာစားသောက်ဆိုင်မှာ ပုံမှန်မြန်မာသီချင်းတွေ ဖွင့်တယ်။ ဂီတလုလင်မောင်ကိုကိုတို့၊ သဟာယဆရာတင်တို့ ရေးစပ်တဲ့ သီချင်းတွေ၊ မဟာဂီတအယ်လ်ဘမ်က ရီရီသန့်ရဲ့ ထူးမခြားနားတို့ လို သီချင်းကြီး၊ သီချင်းခန့်တွေ ဆိုပါတော့လေ။

တနေ့တော့ အဲဒီဆိုင်ကို SOCAN (Society of Composers, Authors and Music Publishers of Canada) လို့ ခေါ်တဲ့ အဖွဲ့အစည်းက ဖုန်းဆက်တယ်။ အရင်ကလည်း ခဏခဏဆက်ဖူးဆိုပဲ။ ဒီတခေါက်တော့ ဆိုင်ရှင် ခပ်စွာစွာ အမျိုးသမီးနဲ့ တွေ့ပါရော။ ဆိုင်ကို ဖုန်းခေါ်ရခြင်း အကြောင်းက ဘာသီချင်းတွေ ဖွင့်နေသလဲ စစ်ကြောမေးမြန်းတာပါ။ မေးခွန်းတွေထဲ သီချင်းပေါင်းစုံနာမည် ပါတယ်ပေါ့လေ။ အလုပ်ရှုပ်နေချိန်ဆိုတော့ မြန်မာအမျိုးသမီးက ဘာလဲ. အင်တာဗျူးနေတာလား၊ ဒီဆိုင်က မြန်မာသီချင်းပဲ ဖွင့်တယ်။ ဘာသီချင်းမှ စိတ်မဝင်စားဘူး၊ အချိန်မရဘူး၊ နောက်ကို ဖုန်းလုံးဝ မခေါ်နဲ့ ဖြစ်ပါလေရော။ အဲဒီတော့ ဟိုက ဘာပြောလဲ ဆိုတော့ ဘာသီချင်းပဲ ဖွင့်ချင် ဖွင့်ချင် သူတို့အဖွဲ့ကို ပုံမှန်ငွေပေးရမယ်။ ဟင်... ဘာကြောင့်လဲ ဆိုတော့ ဒါ ကနေဒါ တဲ့။ မပေးနိုင်ရင် သီချင်း မဖွင့်ပါဘူးဆိုတာ အီးမေးက တဆင့် တရားဝင် ကတိကဝတ် ပေးရမယ်၊ တကယ်လို့ ဖွင့်တဲ့အချိန် မိရင် ဒေါ်လာ ၄၀၀၀ လောက် ဒါဏ်ရိုက်မယ်ပေါ့။ မကြေနပ်ပေမဲ့ ဘာမှ မတတ်နိုင်ဘူး။

သီချင်းဖွင့်တာ ခဏရပ်ထားလိုက်ပြီး သူပြောသလို ဂတိပေးလိုက်ရသပေါ့။ မြန်မာတွေဖက်က အဲဒီကိစ္စ အတော်မကြေမချမ်း ဖြစ်နေချိန်မှာ အဖြူတချို့ကိုယ်တိုင်က ဘာပြောသလဲဆိုတော့ SOCANက မြန်မာအနုပညာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး မူပိုင်ခွင့်အတွက် တရားဝင် တခုခု လုပ်ထားတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောတယ်။ လိပ်ခဲတင်းလဉ်း ဖြစ်နေပြီး ဆိုင်မှာ လာစားသူတွေက မြန်မာသီချင်း ဖွင့်ပါဆိုပေမဲ့ ဒီ SOCAN ဆိုတာကြီးကို မြန်မာသီချင်းတွေအတွက် ငွေပေးရမယ်ဆိုတာကြီးက ဘယ်လိုမှ လက်ခံလို့ မရဘူး ဖြစ်နေတော့ မဖွင့်ဘူးဆိုပြီး ဇွတ်တင်းခံထားတယ်။

၃ပါတ်လောက်အကြာ နောက်ဆုံးမှာ ဥပဒေ နားလည်သူတွေနဲ့ တိုင်ပင်လိုက်ပြီး သူတို့ဝက်ဆိုဒ်မှာ တင်ထားတဲ့ စာရင်းထဲ မြန်မာသီချင်းတွေ ပြန်ရှာကြည့်တော့ မတွေ့တော့ သီချင်း ပြန်ဖွင့်သပေါ့လေ။ ဘယ်လိုလုပ် တွေ့ပါ့မလဲ။ တချို့သီချင်းတွေက မြန်မာတွေတောင် သိကြတာ မဟုတ်ဘူး။

ဒါပေမဲ့ ဒီမှာက အဖွဲ့အစည်းကြီးတွေ ကိုယ်တိုင်က ခပ်တည်တည်နဲ့ ရိုက်စား နေကြတာလေ။ ဥပဒေနားမလည်ရင် ခံရပေမပေါ့။

No comments: