Sunday, December 15, 2013

တပ်မတော်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက တရားခံ ဖြစ်စေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို



ဒီမိုကရေစီ စံနှုန်းနှင့် ကိုက်ညီမှု မရှိဟု ဝေဖန် ခံနေရသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံနှင့် ပြည်သူအတွက် တပ်မတော်ကို တရားခံ ဖြစ်စေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ် အဖျောက်ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ယင်းဥပဒေ တည်ရှိမှု၏ ရလဒ်ကို ပြောကြားရာတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ပြည်သူနဲ့ တပ်မတော်ဟာ တစ်သွေးတည်း၊ တစ်သားတည်း ဖြစ်စေချင်ပါတယ်။ အခုဟာက တပ်မတော်နဲ့ ပြည်သူကို ရန်တိုက် ပေးရုံတင် မကဘူး၊ ပြည်သူတွေ မကျေနပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင် တပ်မတော်ကို တရားခံ ဖြစ်အောင် လုပ်ထားတယ်လို့ပဲ ကျွန်မမြင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လွှတ်တော်အတွင်း ရောက်ရှိနေသည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းသည် ၇၅ ရာခိုင်နှုန်း ဖြစ်သော ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ခံ ကိုယ်စားလှယ်များ၏ သဘောဆန္ဒကို ဆန့်ကျင်ပါက ပြည်သူ၏ သဘောဆန္ဒနှင့် တိုက်ရိုက် ဆန့်ကျင်မည် ဖြစ်ကြောင်း အခမ်းအနားသို့ တက်ရောက်လာသော ပြည်သူများက ထောက်ခံ ပြောဆိုကြသည်။

အဆိုပါ ဥပဒေသည် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးပြုနိုင်မှု မရှိသည့်အပြင် အမျိုးသား ရင်ကြားစေ့ရေးကိုပါ ထိခိုက်စေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် တပ်မတော်အတွက် ထိခိုက် နစ်နာစေမည် မဟုတ်ဘဲ ပြည်သူ၏ ယုံကြည်မှုနှင့် တိုင်းရင်းသား စည်းလုံး ညီညတ်ရေးကို ပိုမို ခိုင်မာစေမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ဆန္ဒခံယူပွဲကို ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်တွင် တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒခံယူပွဲကို ပြည်သူလူထု ၃၀,၀၀၀ ခန့် တက်ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ၉၉ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီး အသစ်ပြန်လည် ရေးဆွဲရန် ၁ ရာခိုင်နှုန်း သာ ထောက်ခံကြောင်း ကောမှူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောကြားသည်။

The Voice Weekly

ပြန်လည်မျှဝေပေးပါတယ်.
လေးစားလျက်

15-12-2013

No comments: