Sunday, December 15, 2013

ရခိုင်ပြည်နယ် အမြန်ဆုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ရရှိရန် ရခိုင်ပြည်သူများက ရခိုင်ပြည်နယ်နေ့တွင် တောင်းဆို



Created on Sunday, 15 December 2013 18:40

ရခိုင်ပြည်နယ် အမြန်ဆုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ရရှိရန် ရခိုင်ပြည်သူများက ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့၊ တိုင်းရင်းသားကျေးရွာ၌ ပြုလုပ်သော (၃၉) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားမှတစ်ဆင့် တောင်းဆိုခဲ့သည်။

အဆိုပါပွဲတွင် တက်ရောက်လာသည့် ရခိုင်ပြည်သူ ၂၀၀၀ ခန့်က တောင်းဆိုလိုသည့် အဆိုပါသုံးချက်ကို တင်သွင်းအတည်ပြုခဲ့ရာတွင် အဆိုပါ အချက်များ ပါဝင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ သဘောထားများကို အစိုးရအဖွဲ့ အဆင့်ဆင့်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား၊ တိုင်းရင်းသူတွေက အဆိုသုံးရပ် တင်တယ်။ အဲဒီသုံးချက်က ရခိုင်ပြည်နယ်အတွင်း အမြန်ဆုံး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ မြန်မာတစ်နိုင်ငံလုံး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတာတွေဖြစ်တယ်။ အဲဒီအဆိုကို တက်ရောက်လာတဲ့ ရခိုင်ပြည်သူ ၂၀၀၀ လောက်က ထောက်ခံတယ်။ ဒါက ပြည်သူ့ဆန္ဒဆိုတော့ ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ် အစိုးရနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရတွေဆီကို တင်ပြမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

ရခိုင်ပြည်နယ်နေ့သည် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရခိုင်နှင့်မွန်ကို ပြည်နယ်အဖြစ် သတ်မှတ်ပေးပြီး နောက်ပိုင်းပေါ်ထွက်လာသည့် နေ့တစ်နေ့ဖြစ်ပြီး ၁၉၇၅ ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပသည့် ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ရိုးရာ ကျင်ကိုင်ပွဲနှင့် ခေါင်းအုံးရိုက်ပွဲများ ပြုလုပ်ခြင်း၊ ရခိုင်ရိုးရာ ယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ပြီး ယခု (၃၉)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဧရာဝတီတိုင်းဒေသကြီးတွင်လည်း ပထမဆုံးအကြိမ် ရခိုင်ပြည်နယ်နေ့အဖြစ် ချောင်းသာကမ်းခြေတွင် ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ယခုအစိုးရ လက်ထက်ဖြစ်သည့် ၂၀၁၂ ခုနှစ် ဇွန်လမှစကာ ဒေသခံ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီ လူမျိုးများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ၊ အိုးအိမ်ပျက်စီးမှု အများအပြား ရှိခဲ့ပြီး ဒုက္ခသည်ပေါင်းများစွာ ပေါ်ထွက်ခဲ့သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာနှင့် ၂၀၁၃ ခုနှစ် စက်တင်ဘာလကုန်ပိုင်းများတွင်လည်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာ လဆန်းပိုင်း သံတွဲမြို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် သမ္မတဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း၌ပင် ဖြစ်ပွားခဲ့သည်။

Aye Chan Mon# Credit To: Eleven Media Group>ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါသည်

No comments: