Saturday, December 14, 2013

၂၀၀၈ခု နာဂစ်ဖွဲ့စည်းပုံကိုပြင်ကြမယ်ဆိုပါရင်


 
 
သြစတေလျမှ မြန်မာပြည်။ မြန်မာပြည်မှ ကာတာနိုင်ငံ။ ကာတာမှ မြန်မာပြည်က ရန်ကုန်မြိ့။ ရန်ကုန်မြို့မှ ကျပ်ပြေးနေပြည်တော် ဆီးဂိမ်းပွဲတော်။ ထိုမှ ယနေ့ ကော့မှုးမြိုမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲ။ မနက်ဖန်မှာ ပဲခူးတိုင်း အနောက်ချမ်း သာယာဝတီမှာ ကျင့်ပပြုလုပ်မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒခံယူပွဲ နောက်တခု။

အဲဒီလို ခရီးစဉ်တွေ တခုပြီး တခုနဲ့ မနားတမ်း လှုပ်ရှားရုန်းကန်နေတဲ့ မမစုကို ထောက်ခံအားပေးဘို့ ကျွန်မလဲ မိတ်ဆွေများနဲ့အတူ ကော့မှုးမြိုကိုရောက်ခဲ့တယ်။

ကျွန်မအတွက် ကော့မှုးမြို့ဆိုတာ သိပ်ပြီးစိမ်းတဲ့ မြို့ တမြိုတော့ မဟုတ်ခဲ့။

ကျွန်မရဲ. အမအကြီးဆုံးက ကော့မှု အထက်တန်းကျောင်းမှာ အထက်တန်းပြဆရာမအဖြစ်တာဝန်ထမ်းဘူးလို့ ကော့မှုးမှာ ကိုယ်တိုင်လဲ ငယ်စဉ်က ယာယီနေခဲ့ထိုင်ခဲဘူးတယ်။ ဟိုယခင်က ယခုလောက်တော့ မသာယာ၊ မစည်ကားလှသေး။ မြို့က သေးတယ်။ အခုတော့  အနည်းငယ်တိုးတက်စည်ကားနေပြီ။

နံနက် ငါးနာရီမှာ ရန်ကုန်မှထွက်ပြီး ကော့မှုးမြို့ကိုရောက်တော့ ခွန်နှစ်နာရီဝန်းကျင်။ နံနက်စာ ( breakfast) ကို အစားခဲ့ရသေးလို့ ပထမဆုံးတော့ အဖျောက်ကျေးရွာလမ်းဘေးက ၀ါးကပ်ခင်း၊ ဓနိကာမုန့်ဟင်းခါး ဆိုင်လေးမှာရောင်းချတဲ့ မုန့်ဟင်းခါးကို စား။ ကောင်းလိုက်တာ။ စားလို့ ကောင်းမှကောင်း။

အထူးသဖြင့် အကြော်တော်တော် ကောင်းတယ်။ ကျွတ်ကျွတ် ရွရွ မွမွလေး။ တချက်မှ ( ၅၀)ကျပ်။ ရန်ကုန်မြို့မှာတော့ ( ၁၀၀) ကျပ်တန်။

ခေါက်ဆွဲသုတ်စားတဲ့ သူငယ်ချင်းကလဲ ခေါက်ဆွဲသုတ်လေး စာကောင်းတယ်တဲ့။

ဆိုင်ကလေးက နုံချာချာ။ ဓနိကာ-၀ါးကပ်ခင်း။ ကျမ်းက နင်းရင် ကျိုးကျခမန်း။ ခုံရယ်လို့ မရှိ။ ဖြစ်ကတတ်ဆန်း။ မိုးတိုးမတ်တပ်စားရတာ။ ၀ါးတန်းခုံရှည်လေးတခုတော့ ရှိတယ်။ လူများလို့ နေရာမရ။ သို့သော် ဆိုင်ရှင်က ရောင်းချတဲ့ စားစရာကို အရသာမှာ စေတနာပါပါ လုပ်ရောင်းတာမို့ စားလို့ကောင်းတာ မေ့နိုင်တော့မယ် မထင်မိ။ အင်း။ တွေးမိတယ်။

ငွေကုန်ခံ ခန်းနားတာ အဓိကလား။ စိတ်စတေနာကောင်းကောင်းနဲ့ အလုပ်လုပ်တာ အဓိကလား။

နှစ်ခုလုံးပြည့် စုံရင်တော့ အကောင်းဆုံးဖြစ်မယ်။ သို့သော မခန်းနားသေးရင်တောင်မှ စိတ်စေတနာတွေက ကောင်းကောင်း အလုပ် လုပ်ပေးနေလျှင် လူအများကို ကျေနပ်စေမယ် ထင်ပါ့နော်။

ဒါ့အပြင် ကော့မှုးမြို့နယ် အဖျောက်ကျေးရွာမှာ ပြုလုပ်တဲ့ ဖွဲ့စည်ုး့ပုံပြင်ဆင်ရေးအဖွဲ့က ကျွေးမွေးဧည့်ခံတဲ့ ကောက်ညှင်းပေါင်းလဲ သွားယူပြီးစားဖြစ်ခဲ့တယ်။

ကောက်သစ်တွေ ပေါ်ချိန်လေ။ ပျော့ နွဲတဲ့ ကောက်သစ်ကောက်ညှင်းဆန်ကို ပေါင်းကျွေးတာလေ။ မွေးတေးတေး။ အုန်းနံပါတယ်။ အောက်ပြည်က အုန်းနဲ့ လုပ်တတ်တယ်လေ။ ကျွန်မတို့ အညာကျေး လက်မှာတော့ ကောက်ညှင်းကို ပဲလွန်းနဲ့ရောပေါင်းပါတယ်။

ရောက်ကတဲက အကောင်းတွေနဲ့ ဆုံစည်းရတဲ ခရီးစဉ်မှာ အကောင်းဆုံးက မမစုရဲ.မိန့်ခွန်း။ မိန့်ခွန်းစလျှင်စခြင်း ပြောတဲ့စကားက ( အရိပ်ကြိုက်တဲ့ လူ့သဘာဝ) အကြောင်း။

နံနက် ( ၉-၀၀)ကျော်ပြီမို့ ဆောင်းနေက စလို့ ပူပြီလေ။ မမစု မိန့်ခွန်းစပြောတော့ ဆယ်နာရီဝန်းကျင်။ လာရောက်ကြတဲ့ ပရိပ်သတ်က နေပူတော့ သစ်ရိပ်ဝါးရိပ်ကိုရှာပြီး ခိုလှုံ နားဆင်သူတွေများတယ်လေ။

ဒီတော့ မိန့်ခွန်းမှာ --လူတော်တော်များများ အရိပ်ကိုရှာပြီး ၀င်ခိုကြတယ်။ ဘာလို့လဲ ။ လူသဘာဝက ( အေးမြတာကို နှစ်သက်လို့။) ကျွန်မတို့ ပြည်သူတွေ အေးမြတဲ့ ဖွဲ့စည်းပုံအရိပ်တခုအောက်မှာ ခိုလှုံနိုင်ရမယ်တဲ့။

ဟုတ်ပါရဲ.နော်။

လက်ရှိ နာဂစ်ဖွဲ့စည်းပုံက တိုင်းသူပြည်သား သန်းခြောက်ဆယ်အတွက် တကယ်အေးမြတဲ့ အရိပ်ကို ပေးနိုင်ပါ့မလား။

ဟင့်အင်း။ ငြင်းတယ်။

စစ်အုပ်စုခေါင်းဆောင်တွေ အတ္တတွေ-လောဘတွေ-ဒေါသတွေ-မာနတွေ- ဣသာစိတ်တွေ-အာဃာတတွေနဲ့ ရေးဆွဲခဲ့တာဖြစို့ ပူလောင်လွန်းလှတယ်။ အရပ်သားပြည်သူများ အတွက်သာမကပါဘူး။ မြန်မာ့တပ်မတ်ာအတွက်ပါ ၀န်ထုပ်ဝန်ပိုးကြီးလေးပူလောင်လွန်းလှပါတယ်။

ကျွန်မတို့ သန်းခြောက်ဆယ်သော ပြည်သူတွေ အေးအေးမြမြရှိတဲ့ အရိပ်အာဝါသပီသတဲ့ ဖွဲ့စည်းပုံတခုရချင်ပါပြီ။

ပြင်ဆင်ရေး လုပ်နိုင်ဘို့ တာဝန်ရှိသူတွေအားလုံး ဒီအချက်ကို နားလည်နိုင်ပါစေ။ ကျွန်မတယောက်ထဲ သဘောထားကတော့ ၂၀၀၈ခု နာဂစ်ဖွဲ့စည်းပုံကိုပြင်ကြမယ်ဆိုပါရင် အစမှ အဆုံးပြင်ရမယ်ဘဲ ထင်မိပါတယ်။

မခင်ဦး။( ၁၄-၁၂-၁၃)

Credit : Makhin Oo

ပြန်လည်မျှဝေပေးပါတယ်.
လေးစားလျက်
Martin Swe
14-12-2013

No comments: