Saturday, December 14, 2013
ရှားပါးမျိုးနွယ်စုအဖြစ် ကျန်ရှိသော ဆလုံတိုင်းရင်းသားများအား ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးကြောင်း
ဆလုံတိုင်းရင်းသားမျိုးနွယ် လေ့လာသူများ ပြောကြား မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသည့် ရှားပါးမျိုးနွယ်စုအဖြစ် ကျန်ရှိသည့် တိုင်းရင်းသား မျိုးနွယ်စု တစ်ခုဖြစ်သော ဆလုံတိုင်းရင်းသားများအား ထိန်းသိမ်းစောင့်ရှောက်ရန် အလွန်အရေးကြီးလျက်ရှိကြောင်း ပြည်တွင်းရှိ ဆလုံတိုင်းရင်းသားမျိုးနွယ် လေ့လာသူများ၏ ပြောကြားချက်အရ သိရသည်။ ''အခုချိန်မှာ ဆလုံလူမျိုးတွေ ၁၈၀၀ အောက်မှာပဲ ရှိတော့မယ်။ ဆလုံလူမျိုးတွေ တဖြည်းဖြည်း မျိုးသုဉ်းရတဲ့ အဓိကအချက်က သူတို့တွေအတွက် မြို့နယ်နေရာ အတည်တကျ နေထိုင်မှု မရှိတာ။ မှတ်ပုံတင်လည်း မရှိကြတော့ ဘယ်လောက် ရှိတယ်ဆိုတာ မသိရဘူး။ တိုင်းရင်းသားတွေ၊ ထိုင်းစတဲ့ လူမျိုးခြား တွေနဲ့ယူပြီး ဆလုံနာမည် ပျောက်တာတွေ လည်းရှိတယ်။ မျိုးနွယ်စု မျိုးမသုဉ်းအောင် လုပ်ဖို့နဲ့ ခုကျန်ရှိတဲ့ ဆလုံတွေရဲ့ နေထိုင်မှုကို အမြဲတမ်း နေထိုင်မှုအဖြစ် ဖန်တီးပေးဖို့ လိုတယ်'' ဟု သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။ မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသည့် ဆလုံလူမျိုးများမှာ ၂၀၁၀ ခုနှစ်အထိ စစ်တမ်းများအရ ၁၈၀၀ ဦးခန့်ရှိပြီး လက်ရှိအချိန်တွင် ယင်းပမာဏထက် လျော့နည်းသွားပြီဖြစ်ကြောင်း ဆလုံတိုင်းရင်းသား လေ့လာသူများ၏ ပြောကြားချက်အရ သိရသည်။ ''ဆလုံတွေ နည်းသွားတယ် ဆိုတာမှာ ဆလုံစစ်စစ်တွေပဲ နည်းသွားတာပါ။ ဆလုံနဲ့ အခြားတိုင်းရင်းသား တွေရတဲ့ ဆလုံကပြား တွေတော့ရှိတယ်။ ဆလုံတွေ အများဆုံးတွေ့ရတဲ့ လန်ပိကျွန်းမှာ ဆလုံအိမ်ထောင်စု ၅၅ စုပဲ ရှိတော့တယ်။ လူဦးရေနဲ့ဆို ၂၅၀ ၀န်း ကျင်ပဲရှိတော့တယ် '' ဟု BANCA မှ အဏ္ဏ၀ါ ဗေဒပညာရှင် ဦးတင့်ဝေက ပြောကြားသည်။ လက်ရှိတွင် ဆလုံတိုင်းရင်းသားများ အများဆုံး နေထိုင်သည့် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစုရှိ လန်ပိကျွန်းတွင် ရေသန့်ရရှိရေးနှင့် အခြားထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားမျိုးနွယ်စု ဖြစ်သော ဆလုံတိုင်းရင်းသားများကို ထိန်းသိမ်းစောင့်ရှောက်ရန်လို အပ်လျက်ရှိပြီး ၎င်းတို့အား လူဦးရေစာရင်း ကောက်ယူရန်နှင့် နိုင်ငံသားဖြစ်မှု ကတ်ပြားများ စနစ်တကျ ထုတ်ပေးရန် လိုအပ်ကြောင်းနှင့် ဆလုံလူမျိုးများအား Eco-tourism အဖြစ် လေ့လာနိုင်ရန် လုပ်ဆောင်သင့်ကြောင်း FREDA ဥက္ကဋ္ဌ ဦးအုန်း၏ ပြောကြားချက်အရ သိရသည်။ (မြိတ်ကျွန်းစု အနီးရှိ ပင်လယ်ပြင်အတွင်း ဆလုံတိုင်းရင်းသား အချို့အား တွေ့ရစဉ်)
Labels:အတိတ်က မြိတ်သမိုင်း
သုတဆောင်းပါး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment