ဒီဇယ်ဆီတွဲ ယာဉ်ပေါ်တက် ဆီခပ်ယူသော ရွာသူရွာသား ၂၅၀ ကိုအမှုဖွင့်
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ရန်ကုန်မြစ်တွင်းရှိ ဆိပ်ကမ်းမြို့နယ် သက်ကယ်ကွင်း ကျေးရွာ အနီးတွင် ရွှေဗျိုင်းဖြူ
ကုမ္ပဏီပိုင် ဒီဇယ်တွဲ ယာဉ်ပေါ်သို့ ရွာသူရွာသား ၂၅၀ ခန့် တက်ရောက်ကာ
ဒီဇယ်များ ခပ်ယူမှုကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် အမှုဖွင့်ထားကြောင်း
အဆိုပါ ကုမ္ပဏီမှ တာဝန်ခံ မန်နေဂျာ ဦးသန်းထွေးက ပြောကြားသည်။
သီလဝါဆိပ်ကမ်း အရှေ့ဘက်ရှိ ရေလယ်တွင် ကျောက်ချ ရပ်နားထားသော စင်ကာပူ
ကုမ္ပဏီပိုင် သင်္ဘောပေါ်မှ ဒီဇယ် ဂါလန် သုံးသိန်းတစ်သောင်းကို ကမ်းခြေသို့
သယ်ဆောင်လာသည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဒီဇယ်တွဲယာဉ်မှာ
ဦးဆိုက်သွားသဖြင့် နီးစပ်ရာ ကမ်းစပ်ဖြစ်သော သက်ကယ်ကွင်း ကျေးရွာ အနီးသို့
ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ကမ်းကပ်ခဲ့ကြောင်း၊ ယင်းသို့
ကမ်းကပ်ထားစဉ် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ရွာသူရွာသားများက
ဆီတွဲယာဉ်ပေါ် တက်ကာ ချိတ်ပိတ်ထားသော ဆီထည့်ပေါက် များကို ဖွင့်၍
အုပ်စုလိုက် ဒီဇယ်များ ခတ်ယူခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာ
ကိုစိုးသီဟက ရှင်းပြသည်။
“မြစ်ထဲကို ဒီဇယ်တွေကျလို့ အခြားသူတွေ ခပ်ယူတယ်ဆိုရင် အမှုမဖွင့်ပါဘူး၊
ခုဟာက ဒီဇယ်တွဲပေါ် အုပ်စုလိုက် တက်ခပ်လို့သာ အမှုဖွင့်တာပါ” ဟု ၎င်းကဆိုသည်။
ဒီဇယ်တွဲယာဉ် ကမ်းကပ် ထားချိန်တွင် လှေလေးစီးဖြင့် ရေလုပ်သား ရှစ်ဦးခန့်
ရောက်ရှိလာပြီး ဘာကြောင့် ကပ်သည်ကို လာရောက် မေးမြန်ခဲ့ကြောင်း၊ ယင်းနောက်
ရေလုပ်သားများ ပြန်သွားပြီး မိနစ် ၂၀ ခန့် အကြာတွင် လှေအစီး ၁၀၀ ကျော်ဖြင့်
လူ ၂၅၀ ကျော် ရောက်လာပြီး ဒီဇယ်တွဲယာဉ် ပေါ်တက်ကာ ဒီဇယ်များ
ခပ်ယူခဲ့ကြောင်း၊ ယင်းကဲ့သို့ ဆီခပ်ယူနေချိန်တွင် ကုမ္ပဏီဘက်မှ
တာဝန်ရှိသူများက မခပ်ယူရန် တားမြစ်သော်လည်း ယင်းရွာသားများက
ဂါလန်ပုံးများဖြင့် အလုအယက် ခပ်ယူကာ လှေများဖြင့် သယ်ယူသွားကြောင်း အဆိုပါ
ဆီတွဲယာဉ်ပေါ် လိုက်ပါလာသူ အထွေထွေ လုပ်သား ကိုပိုင်လေးက ပြောကြားသည်။
“ကျွန်တော်တို့က မယူကြဖို့ တားပေမယ့် ရေထဲမြုပ်ပြီး ဆုံးရှုံးမယ့် အတူတူ
ငါတို့ယူတာ အကျိုးရှိတယ် ဆိုပြီး အတင်းခပ်တော့တာပဲ၊ လူအုပ်က အရမ်းများတော့
မပြောရဲဘူး” ဟု ၎င်းက ရှင်းပြသည်။
သီလဝါ ဆိပ်ကမ်းတွင် စက်သုံးဆီ တင်ဆောင်လာသော နိုင်ငံခြား သင်္ဘောများ
ကပ်ချိန်တွင် ရန်ကုန်မြို့တော်တွင်းသို့ ဆီသယ်ဆောင်ရန် ပြည်တွင်း
ဆီသယ်ယူရေး လုပ်ငန်းများက သုံးရက်အတွင်း လုပ်ဆောင် ပေးရကြောင်း၊
ဆီသယ်ဆောင်ရာတွင် အခက်အခဲ တစ်ခုကြောင့် ဆီတွဲယာဉ် ကမ်းကပ်ရာတွင်
စက်သုံးဆီများကို အုပ်စုလိုက် လာရောက် ယူဆောင်ခြင်းသည် လုပ်ငန်းရှင်များ၏
အကျိုးစီးပွားအတွက် လုံခြုံမှု မရှိကြောင်း၊ အုပ်စုလိုက် ဒီဇယ်ခပ်ယူမှုကို
ထိရောက်စွာ အရေးယူပေး စေလိုကြောင်း ယင်းကုမ္ပဏီ၏ ဒါရိုက်တာ ကိုစိုးသီဟက
ပြောကြားသည်။
အုပ်စုလိုက် ဒီဇယ်ခပ်ယူ နေစဉ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် Mobile Team အဖွဲ့ရောက်ရှိလာကာ
တားမြစ်စေသော်လည်း တားမရကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီမိနစ် သုံးဆယ်ခန့်တွင်
စက်လှေဖြင့် ရောက်ရှိလာသော ဆိပ်ကမ်းရဲ တပ်ဖွဲ့ဝင်များက တားမြစ်မှသာ
ဆီတွဲပေါ်မှ ရွာသူရွာသားများ ပြန်လည်ဆင်းကာ ထွက်ခွာသွားခဲ့ကြောင်း
ရွှေဗျိုင်းဖြူ ကုမ္ပဏီထံမှ သိရှိရသည်။
အဆိုပါ ဒီဇယ်ဆီ လာရောက် ခပ်ယူသည့် ရွာသူရွာသားများကြောင့် ဆီပေပါ ၃၀၀
ခန့်ရှိသော ဒီဇယ်ပမာဏ ဆုံးရှုံးသဖြင့် အဆိုပါ ရွာသူရွာသားများကို ဒီဇင်ဘာလ
၁၁ ရက်နေ့က ဆိပ်ကမ်းမြို့နယ် မြို့မ ရဲစခန်းတွင် (ပ) ၃၄၆/၁၃၊ ပုဒ်မ ၃၈၀
ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
သိရှိရသည်။

No comments:
Post a Comment