Thursday, March 6, 2014

ကရိုင်းမီးယားလို နယ်မျိုး…..ကြမ္မာမျိုး

1 March 2014 at 00:42

ကရိုင်းမီးယားက ယူကရိန်းရေတပ်စခန်း Ships of Ukrainian Navy in Sevastopol
ကရိုင်းမီးယားက ယူကရိန်းရေတပ်စခန်း Ships of Ukrainian Navy in Sevastopol

တိုင်းပြည်တပြည်ဟာ နိုင်ငံကြီးတခုနဲ့ ထိစပ်နေပြီး သူ့လက်ထဲကျဖူး။ ဒါမှမဟုတ်-- သူ့သြဇာသူ့အရိပ်ကို အကြာကြီးမှီခိုရဖူးတယ် ဆို ယူကရိန်းလိုအဖြစ်ကြုံရတတ်ပါတယ်။ ယူကရိန်း နိုင်ငံက ရပ်ရှားနဲ့ စပ်နေပြီး နှစ်ရာစုများစွာ ကတည်းက ရပ်ရှားလူမျိုးတွေဝင်နေထိုင်ကြတာပါ။  ဆိုဗီယက်ယူနီယံအဖြစ် မပြိုကွဲစဉ်က သူ့ နယ်တနယ်အဖြစ်လည်း နှစ်တရာနီးပါးနေခဲ့ရတော့ ခုလို လွတ်လပ်တဲ့ နိုင်ငံဖြစ်သွား တဲ့အခါ လွတ်လပ်တယ်ဆိုပေမယ့် ရပ်ရှားစကားပြောနဲ့-ရပ်ရှားလူမျိုးတွေက ရပ်ရှားနဲ့ ဝေးကွာသွားမှာကို မကြိုက်တာ။  အခြေအနေတခုမှာ ရပ်ရှားဖက်ယိမ်းချင်တာ အဆန်းတော့ မဟုတ်ပါ။

 ရပ်ရှားရဲ့Black Sea Fleet -ပင်လယ်နက်စစ်သဘောင်္အုပ်စုကြီးက.Crimea -ကရိုင်းမီးယားအရပ်မှာ လွန်ခဲ့တဲ့ ၁၈ရာစုနှစ်တွေကတည်းက အခိုင်အမာ ရှိနေခဲ့တာ။   မြေထဲပင်လယ်နဲ့ ပင်လယ်နက်ဒေသတွေအတွက်  ( Black Sea and  Mediterranean Sea )သူကစစ်ရေးမဟာဗျူဟာကျပါတယ်။ ဒါကြောင့် ယူကရိန်း အီးယူဖက် လုံးဝပါသွားမှာမျိုး မလိုလားဘူး။လက်ရှိ - ကရိုင်းမီးယားနယ်သား  ရပ်ရှားအများစုကလည်း ရပ်ရှားစစ်ရေး ကာကွယ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်နေသူတွေ။  ဒီတော့ ခုလိုအဖြစ်ကြုံလာတဲ့အခါ…ရပ်ရှားက သူ့သြဇာခံမယ့်နယ်- သူ့စကားပြော- သူ့လူမျိုးတွေ ကို အသာလေးအားပေးလိုက်ရုံပါပဲ။ ခုဆို ယူကရိန်း.. ရှေ့တိုးရမလား နောက်ဆုတ်ရမလား အခက်ကြုံသွားပါပြီ။
ကရိုင်းမီးယား ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေအများကြီးနဲ့ ဒေသအဖြစ်ညှိနှိုင်း ရမလား။ ညှိနှိုင်းမရပဲ ရပ်ရှားနဲ့ပေါင်းသွားတာကို  စောင့်ကြည့်ရမှာလားမပြောနိုင်ပါ။  ထွက်ပြေးသွားတဲ့ရပ်ရှားယိမ်း သမတကလည်း လက်ရှိယူကရိန်းအစိုးရဆိုတာ တရားမ၀င်ဘူးလို့ပြောနေတော့ ဘာတွေဖြစ်ချင်နေသလဲမသိပါ။

ကရိုင်းမီးယားက မြန်မာပြည်နဲ့ဝေးပေးမယ့်    မြန်မာပြည်သားတွေ အနေနဲ့ ဒါမျိုးအဖြစ်တွေကိုလည်း အလေးထားသင့်ပါတယ်။ ကိုယ့်ဆီမှာ သူများစကားပြော - သူ့များငွေသုံး-သူများနဲ့ စီးပွါးလုပ် -သူများအရိပ်-လိုအပ်ရင်ခို- နယ်မျိုးတွေရှိနေခဲ့သလား ။ စစ်စခန်းတွေကော ခွင့်ပြုထားသလား။ ထားရင် ဘယ်လောက်အထိစကားပြောထားသလဲ။

 တိုင်းရင်းသားတွေနဲ့သေချာစကားပြော-စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်သင့်တာကြာပါပြီ။  အပစ်ရပ်လိုက် စစ်တိုက်လိုက်လုပ်ပြနေတာမျိုးဟာ စစ်တပ်ကို အယုံအကြည်-ကင်းမဲ့စေပါတယ်။ တိုင်းပြည်ဆင်းရဲတွင်း နစ်သထက်နစ်စေပါတယ် ။ ၂၀၁၅ မရောက်ခင် ကန့်သတ်စစ်ပွဲတွေတိုက်လိုက်။  လူမျိုးရေးဘာသာရေးလှုံဆော်မှုတွေနဲ့ လမ်းလွဲလိုက်။ လူတွေလည်း အာရုံနောက်-ခြောက်ခြားကြရပါပြီ။


တာဝန်တကယ်ယူတဲ့ အစိုးရဆိုတာ  ဖြေရှင်းလို့မရတဲ့ ပြသနာတွေကို အာရုံလွှဲပစ်ဘို့ မဟုတ်။ ကိုင်တွယ်ရမယ့် ကိစ္စတွေကို မကိုင်တွယ်ပဲ ကြီးထွားအောင် လုပ်နေတာမျိုး မဖြစ်သင့်ပါ။ ဒီမိုကရေစီမရချင်နေ။ စစ်တပ်ရှိနေလုံခြုံတယ်ဆိုတဲ့ နလဗိန်းတုန်း။ မသေမရှင်နေချင်သူတွေနဲ့ တိုင်းပြည် တည်ဆောက်လို့ မရပါဘူး။တိုးတက်အောင်လုပ်လို့မရပါဘူး။ အဲဒီ မဲမျိုးတွေနဲ့ တက်ဖွဲ့တဲ့ အစိုးရမျိုးဟာ စီးပွါးဖွံဖြိုးတိုးတက်ရေးမှာ နိုင်ငံတကာကိုပခုံးချင်းယှဉ် လို့မရဘူးဆိုတာ သိစေချင်လှပါတယ်။

                    ခွန်ဆိုင်း ( ၁-၀၃-၂၀၁၄ )
ပူတင်နဲ့ အိုဘားမား မိနစ် ၉၀ စကားပြောကြတယ်။ ပူတင်က လွှတ်တော်ထောက်ခံချက်နဲ့ သူ့တပ် ၆၀၀၀ ကို ကရိုင်းမီးယားထဲမှာချထားလိုက်ပြီဆိုပဲ။ သူ့တိုင်းပြည်- သူ့လူမျိုးတွေ အကျိုးစီးပွါးအတွက်တဲ့။ Crimea က Sevastopol မှာ သူBlack Sea Fleet ရေတပ်ကြီး ကို အထိုင်ချထားတာရှိတယ်။ ........ Crimea နယ်က ၀န်ကြီးချုပ် ကလည်း ရပ်ရှားကိုလှမ်း အကူအညီတောင်းခဲ့ သတဲ့။ ယူကရိန်းမှာ ကရိုင်းမီးယားနယ် ကAutonomous region ဖြစ်ပါတယ်။ ကိုယ်ပိုင်လွတ်လပ်ခွင့်အရဆုံးပြည်နယ်တခု။ ရပ်ရှားစကားပြောသူ ၆၀ရာခိုင်နှုန်းရှိပြီး ရပ်ရှားလူမျိုးက အများစုနေထိုင်ကြပါတယ် ။ ၁၉၅၄ ကရူးရှက် လက်ထက်မှာ ရပ်ရှားက ယူကရိန်းကို တရားဝင် လွဲပြောင်းပေးအပ်ခဲ့တာပါ။ အခု ယူကရိန်းပါလီမန်မှာ ၄ရာနှုန်း မဲကိုယ်စားပြုထားတယ်။ ခုတော့ Ukraine ယာယီအစိုးရဖက်ကလည်း သူ့ နိုင်ငံထဲက တပ်တွေအားလုံးကို တိုက်ခိုက်ရေးအတွက် အသင့်ပြင်ခိုင်းထားလိုက်ပြီ။ နှစ်ဖက်လုံးက ကိုယ်ဖက်- ကိုယ်မှန်ကြတယ်ဆိုတော့ စစ်ကို
ဘယ်လိုရှောင်ကြမလဲ။ နေတိုး အစည်းဝေး ဒီနေ့ စထိုင်မယ်ဆိုတယ်ဗျ

No comments: