by Mizzima မဇ္ဈိမ (Notes) on Friday, April 12, 2013 at 12:05pm
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၁၂ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၀၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ကျန်းမာရေးနှင့် ပညာရေး ရန်ပုံငွေများ ရှာဖွေပေးနိုင်ရန်အတွက် အိုင်ယာလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကီလိုမီတာ ၁၀,၀၀၀ ခရီးရှည် စက်ဘီးနင်းမည်ဟု ကမ္ဘာပတ် စွန့်စားလေ့ရှိသူတဦးက
ပြောဆိုလိုက်သည်။
၆ လမှ ၈ လခန့်ထိ ကြာမြင့်နိုင်မည့် ထိုခရီးစဉ်ကို ဧပြီလ ၂၇ ရက်နေ့တွင် စတင်ထွက်ခွါမည်ဟု အိုင်ယာလန်နိုင်ငံ၊ Kilkenny မြို့လေးမှ Hugh Bergin က ပြောဆိုကြောင်း Kilkenny People သတင်းတရပ်တွင် ပါရှိသည်။
ရရှိလာသော ရန်ပုံငွေများကို Hugh Bergin ၏ မိတ်ဆွေ Susie Long အထိမ်းအမှတ် နာတာရှည် ဆေးကုဆောင် ရန်ပုံငွေအတွက် ရည်ရွယ်ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ပညာရေး ထောက်ပံ့မှုများ ပြုနေသည့် KRCEE လူမှုအဖွဲ့အတွက်လည်း ပေးအပ်မည်ဟု ဆိုသည်။
၂၀၀၆ ခုနှစ်ကလည်း ကီလိုမှတာ ၂၀,၀၀၀ ခရီးကို မော်တော်ဆိုင်ကယ်ဖြင့် အာဖရိကတိုက်ကို ပတ်၍ Self Help Africa စေတနာရှင်အသင်းအတွက် ရန်ပုံငွေ ရှာပေးခဲ့ဖူးသည့် Hugh Bergin မှာ အာဖရိကတိုက်ဖွား အိုင်းရစ်လူမျိုးတဦး ဖြစ်သည်။
ယခုခရီးစဉ်တွင် ဥရောပတိုက်မှ ပင်လယ်နက်ကို ဖြတ်သန်းပြီး Odessa သို့ မေလအတွင်း ရောက်ရှိကာ ဂျော်ဂျီယာမှတဆင့် ကတ်စဘီယံပင်လယ်ကို ထပ်မံဖြတ်သန်းမည်ဖြစ်သည်။ ထိုမှတဆင့် အာရှ အလယ်ပိုင်းကို ပိုးလမ်းမကြီးအတိုင်း ဖြတ်သန်းမည် ဖြစ်သည်။ လမ်းတလျှောက်တွင် ပါကစ္စန်၊ တရုတ်ပြည်၊ အိန္ဒိယမြောက်ပိုင်း၊ နီပေါနိုင်ငံတို့ရှိ တောင်မြင့်များ၊ သဲကန္တာရများနှင့် မြေပြန့်များသို့ လှည့်လည်သွားလာမည်ဖြစ်ကာ ခရီးစဉ်မှာ ရာသီဥတုနှင့် လုံခြုံရေး အခြေအနေပေါ် မူတည်၍ ပြောင်းလဲနိုင်သည်ဟု ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင်း ကုန်းမြေ ဝင်ရောက်ခွင့် ရရှိမထားသေးသော်လည်း မြန်မာအစိုးရအနေနှင့် ဖွင့်ပေးမည်ဟု မျှော်လင့်ကြောင်း Hugh Bergin က ဆိုသည်။
ခရီးစဉ် အခြေအနေကို www.bicycletoburma.com တွင် ပုံမှန် တင်ပြနေမည်ဖြစ်ပြီး ၎င်းတွင် အလှူငွေများလည်း ထည့်ဝင်နိုင်သည်ဟု Kilkenny People တွင် ဖော်ပြပါရှိသည်။

No comments:
Post a Comment