ကျွန်ုပ်သည် နံနက် လမ်းလျှောက်လေ့ရှိ၏။ တစ်နံနက်၌ ရန်ကုန်မြို့ကျောက်မြောင်းဘက်သိ
အိမ်ခန်းကျဉ်းကျဉ်း၊ ဟောင်းနွမ်းသော ဆိုင်ခုံပေါ်တွင် ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ မုန့်ပဲသရေစာ အနည်းငယ်မျှ တည်ခင်းထား၏။ ဆိုင်ရှင်မှာ (၁၅)နှစ် (၁၆)နှစ်ရွယ် သူငယ်မဖြစ်၏။ ပုံပန်းတော်သင့်ရုံ ရှိ၏။ အနေအထိုင်အ၀တ်အစားတို့ကို မြင်ရသဖြင့် ဆင်းရဲနွမ်းပါးကြောင်းကို သိရ၏။ သို့ရာတွင် ၀တ်စားပုံ၊ ထားပုံ၊ သိုပုံ၊ ဆိုင်ခင်းထားပုံတို့ကို မြင်ရသဖြင့် ထိုသူငယ်မသည် သေချာသပ်ရပ် ကျကျနနရှိသည်ကို အထူးသတိပြုမိ၏။
ဆိုင်သို့ဝင်မိလျှင် ထိုသူငယ်မက ပြုံး၍
`သြော်၊ ဦး မိုးဝင်ခိုတာလား၊ ထိုင်ပါ ထိုင်ပါ ထီးတောင် မယူခဲ့ဘူး´
`အေး၊ ကျေးဇူးပါကွယ်၊ ဦးက ခုမနက် နေသာတာနဲ့ မိုးမရွာဘူးလားလို့ ထီးတောင်မယူခဲ့ဘူး´
`ဟုတ်ကဲ့၊ နေသာပေမယ့် မိုးသားမှ မကင်းဘဲ။ ခုမနက် မိုးရွာမှာပေါ့ ဦးရဲ့´
`အေး၊ မင်းက အမှတ်အသားကောင်းသားပဲ´ (သူ့အရွယ်နှင့်စာသော် တော်ပေ၏ဟု စိတ်ထဲက ချီးမွမ်းမိ၏။)
ထို့နောက် ထိုသူငယ်မ ဘေးနားတွင် သတင်းစာဟောင်း၊ ဂျာနယ်ဟောင်း လေးငါးခု တွေ့မြင်ရသည်နှင့် -
`သြော်၊ သတင်းစာဖတ်နေကျလား´
`ဟုတ်ကဲ့၊ ဆိုပါတော့ရှင်။ ကိုယ်တိုင် ၀ယ်မဖတ်နိုင်ပါ။ အနီးအနားမှာ ၀ယ်ဖတ်နိုင်တဲ့ လူများဆီက အဟောင်းအမြင်းကလေးများ တောင်းရမ်းဖတ်ရပါတယ်။ မှန်မှန်လည်း မဖတ်ရဘူးဦးရဲ့´
`အေး . . . အေး၊ စာဖတ်တာကောင်းတာပေါ့ကွယ်၊ မင်း တော်တော် စာဖတ်တတ်သလား´
`ကျွန်မ ငယ်ငယ်က အိမ်မှာပဲ အဖေက စာသင်ပေးပါတယ်၊ ကျွန်မတို့ ဆင်းရဲတယ်ရှင့်၊ ကျောင်းမှ မနေနိုင်ဘူး။ အခုတော့ အဖေရော အမေရော ဆုံးသွားကြတာ လေးငါးနှစ် ရှိပါပြီ။ ကျွန်မနဲ့မောင်လေးနဲ့ နှစ်ယောက်တည်းရှိပါတယ်၊ အဲဒါနဲ့ တော့ဒီးတော့ဒတ် ဖတ်တတ်ရာက ဟိုဟာဆွဲဖတ် ဒီဟာဆွဲဖတ်နဲ့ ခုတော့ တော်တော်ကလေး ဖတ်နိုင်ပါပြီရှင့်´
`နေပါဦး၊ မင်း သတင်းစာဖတ်တာ တိုင်းရေးပြည်ရေး ၀ါသနာပါလို့လား´
`တိုင်းရေးပြည်ရေး ၀ါသနာပါလို့ရယ် မဟုတ်ပါဘူး။ စာဖတ်ချင်တဲ့ ၀ါသနာကလည်းရှိ၊ ဖတ်ရင်လည်း မှတ်စရာသားစရာ တွေ့တာနဲ့ ဖတ်တာပါပဲ´
`နို့- မင်းဖတ်တဲ့ သတင်းစာ ဂျာနယ်တွေမှာ မင်း ဈေးရောင်းတာနဲ့ တိုက်ရိုက်ဆိုင်တာများပါလို့လား
`တိုက်ရိုက်တော့ ဘယ်ပါမလဲ ဦးရဲ့၊ နို့ပေမဲ့ ဟိုဒင်းပြောတာလို ဆားများ စားရတယ် မရှိဘူး။ ဟင်းခပ်တာနဲ့ ကုန်တာပဲဆိုသလိုပေါ့ ဦးရဲ့၊ စာဖတ်လို့ အကြားအမြင်များတော့ ဈေးရောင်းတာရော ဘာရော နေရာတိုင်းမှာ စိတ်ကူးဥာဏ် အလိမ္မာတိုးတာပေါ့ရှင်´
`အေး၊ ဟုတ်တန်ရာရဲ့၊ နေပါဦး၊ မင်းတို့မိန်းမတွေ ဒီသတင်းစာတွေ၊ ဂျာနယ်တွေဖတ်ဖို့ လိုသလားကွဲ့´
`ဟာ . . . ဦးကြီးနှယ်၊ လိုပါပြီလား။ ခုတစ်လော မကြားဘူးလားရှင့်၊ မိန်းမအသင်းတွေဖွဲ့၊ ၀တ်လုံတွေဘာတွေတောင် ဖြစ်ကုန်ပြီဆိုပဲ ဦးရဲ့၊ ပြီးတော့လည်း ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စာတတ်ရင် ကောင်းတာပေါ့ ဦးရဲ့´
`မင်းတို့ မောင်နှမနှစ်ယောက် ဘယ်လိုနေကြ စားကြသလဲကွဲ့´
`သြော် . . . ကျွန်မမောင်လေးက ဟိုဘက်နားက ဦးမြဘူးကျောင်းမှာ နေတယ်၊ အခု သုံးတန်းရောက်နေပြီ။ စာမေးပွဲတိုင်း အောင်တယ်ဦးရဲ့။ ကျွန်မဈေးရောင်းလို့ တစ်နေ့တစ်မတ် ငါးပဲလောက်ကျန်တယ်။ အဲဒါ ကလေးနဲ့ ကျောင်းလခလည်း ပေးရတယ်၊ ၀တ်ဖို့၊ စားဖို့၊ နေဖို့လည်း ဒီအထဲကပဲ၊ တစ်ခါတစ်ခါ အ၀တ်အစားဆန်းကလေးများ ၀ယ်ချင်ပါရဲ့၊ ရုပ်ရှင်လည်း ကြည့်ချင်တာပဲ၊ နို့ပေမဲ့ ပိုက်ဆံမလောက်တော့ ခြစ်ခြစ်ခြုတ်ခြုတ် ခြိုးခြံနေရတာပဲ ဦးရဲ့´
`အေး . . . သာဓုကွယ်၊ သာဓု။ မိုးလည်းစဲပြီ၊ ဦးသွားလိုက်ဦးမယ်´ ဆို၍ ထွက်ခဲ့၏။
နောက်တစ်နေ့နံနက်၌ ကျွန်ုပ်ရေးသော စာအုပ်ထဲမှ တော်သင့်သော (၅)အုပ်၊ ဗလာစာအုပ် (၁၂)အုပ်၊ သတင်းစာဂျာနယ်ဟောင်း (၁၀)စောင်လောက်တို့ကို ထုတ်ယူ၍ ထိုသူငယ်မ ဆိုင်ဘက်သို့ လျှောက်ခဲ့ပြန်၏။
နံနက် ခုနစ်နာရီခန့်တွင် ရောက်သွားရာ ထို ၀ီရိယရှိသော သူငယ်မမှာ ဆိုင်အသင့် ခင်းကျင်းပြီးနှင့်သည်ကို တွေ့ရ၏။
မြင်လျှင်ပင် နှုတ်ခွန်းဆက်၍ `ရော့ဟေ့၊ မင်းဖတ်ဖို့နဲ့ မင်းမောင် ကျောင်းမှာ သုံးဖို့ စာအုပ်တွေ ယူလာတယ်၊ ရော့ . . . ဖတ်ပေရော့´
ဆို၍ ပေးပြီးနောက် ထိုသူငယ်မသည် ကျေးဇူးတင်လွန်း၍ ပါးစပ်အဟောင်းသား ရှိနေစဉ် ကျွန်ုပ်သည် သုတ်သုတ် ထွက်ခဲ့လေ၏။
ဤကား လွန်ခဲ့သော လေးငါးနှစ်က အဖြစ်အပျက်တည်း။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
လွန်ခဲ့သော လက ကျွန်ုပ် စာတစ်စောင်ရ၍ ဖတ်ကြည့်ရာ အောက်ပါအတိုင်းပါလေ၏။
ဦးရှင့် -
စာအုပ်များ ပေးစဉ်က ရုတ်တရက် ထွက်သွား၍ ကျေးဇူးတင်စကားမှ မပြောလိုက်ရပါ၊ ပေးထားသော စာအုပ်ငါးအုပ်ကို ယခုဖြင့် အလွတ်ရမလောက်ရှိနေပါပြီ၊ ကျေးဇူး အင်မတန်တင်သည့်အတွက် ၎င်းပေးသောနေ့ကပင် ကျွန်မ၏မှတ်တမ်းစာအုပ်တွင် စာရင်းတင်ထားလိုက်ပါသည်။ ဦးကို ဘယ်လို ကျေးဇူးဆပ်ရမည်လဲဟု အမြဲတွေးနေပါသည်။ ယခုမှ ၎င်းစာအုပ်တို့ကို ပုံနှိပ်တိုက်က ကျေးဇူးပြု၍ ယခုစာကို ထည့်လိုက်ပါသည်။
ကျွန်မတို့ဆိုင်ဘက်ကို လမ်းလျှောက်စေခဲ့ချင်ပါသည် ဦးရှင့်။
မယ်မျှင်
ကျွန်ုပ်သည် ထိုသူငယ်မကို မေ့နေရာမှ သတိရ၍ ခါတိုင်းလိုပင် ထီးမပါ၊ ဖိနပ်မပါ၊ ဖျင်အင်္ကျီလက်တိုနှင့် ထိုဆိုင်ဘက်သို့ နံနက် လမ်းလျှောက်ထွက်ခဲ့၏။
ပထမဆိုင်နေရာတွင် အတန်ကောင်းမွန်သပ်ရပ်သော နှစ်ထပ်အိမ်ကိုတွေ့ရ၏။ အောက်ထပ်တွင် ဆေးလိပ်အမျိုးမျိုး၊ ၎င်းပြင် ကုန်စုံများ၊ တစ်ခြမ်းတွင် လက်ဖက်ရည်ဆိုင်၊ ၎င်းလက်ဖက်ရည်ဆိုင်တွင်လည်း မြန်မာလူငယ်များ အလုပ်လုပ်နေသည်တို့ကို တွေ့ရ၏။ စိတ်တွင် ဇဝေဇ၀ါဖြစ်နေ၍ အလုပ်သမားတစ်ယောက်ကို မေးရာ -
`သြော် . . . မမမျှင်လား၊ ရှိပါတယ်။ သူတို့ အပေါ်ထပ်မှာ နေပါတယ်။ ကျွန်တော် ပြောလိုက်ပါ့မယ်´ ဟု ပြောပြောဆိုဆိုနှင့် တက်သွားလေ၏။
မကြာမီပင် လက်ဖက်ရည်၊ မုန့်ပဲသရေစာတို့ကို လောကွတ်ကြီးစွာဖြင့် ကျွေးမွေးပြီးမှ
`ဦးရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါ၊ ပေးထားတဲ့ စာအုပ်ငါးအုပ်ကိုလည်း ဟောဒီမှာ ပေါင်းချုပ်ပြီး သားရေ အုပ်ထားပါတယ်´ ဟု ဗီရိုမှ ထုတ်၍ ပြ၏။ မှတ်ထားသော စာ စာရင်းကိုလည်း ပြ၏။
ထို့နောက် ဆက်၍ မိမိစာဖတ်ဝါသနာရှိသဖြင့် ဗဟုသုတများစွာရကြောင်း၊ စိတ်ကူးအကြံအစည်တိုးကြောင်း၊ ထို့ကြောင့်ပင်လျှင် ယခင်ဆိုင်ငယ်မှ ယခုကိုယ်ပိုင်အိမ်နှင့် ဆိုင်ကြီးဖြစ်လာကြောင်း၊ မိန်းမများ စာဖတ်သင့်ကြောင်း၊ ချွေတာသင့်ကြောင်း၊ ဘာကြောင်းညာကြောင်းနှင့် နာရီဝက်ခန့် ကျွန်ုပ်အား `လက်ချာ´ပေးနေလေသတည်း။ ကျွန်ုပ်မှာလည်း ပြုံးတဲ့ကာ မလှုပ်ဘဲ နားထောင်နေရလေသတည်း။
ပြီးမှ ကျွန်ုပ်၏ အ၀တ်အစားကို စိုက်ကြည့်၍ `သြော် . . . ဦးကို ကျေးဇူးဆပ်ချင်ပါတယ်၊ စာအုပ်ဖိုးတွေဟာ (၁၀)ကျပ် (၁၅)ကျပ်လောက် ရှိပါလိမ့်မယ်၊ အဲဒီတော့ အနည်းဆုံး အဲဒီစာအုပ်ဖိုးတွေကို လက်ခံစေချင်ပါတယ်ဦးရဲ့´
`ဦးမှာ ပိုက်ဆံကြေးငွေ မချမ်းသာပါဘူး၊ နို့ပေမဲ့ စာအုပ်ဖိုးကို လက်ခံဖို့တော့ ဖြစ်မယ် မထင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပေးတာနဲ့ ရောင်းတာ ခြားနားတာကို မင်း သိတယ် မဟုတ်လား၊ ဦးရဲ့ စာအုပ်ဖိုးကို လက်ခံရမှာဖြင့် မင့် လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးတွေကိုလည်း လက်ခံရလိမ့်မယ်´ ဟု ဆိုလိုက်ရာ ထို နားလည်လွယ်သော သူငယ်မသည် ပြုံး၍သာ နေလေတော့သတည်း။
(ကောက်နှုတ်ဖော်ပြချက်- ဦးဖိုးကျား/ ကိုယ်တွေ့ဝတ္ထုများ)
(စာရေးသူ၏ အသုံးပြုခဲ့သော စာလုံးပေါင်းသတ်ပုံမူရင်းအတိုင်
(ဒီဝတ္ထုတိုလေးကို ဖတ်ရှုပြီးတော့ စာဖတ်ချင်စိတ်များ ဒီရေအလား ဆထက်တမ်းပိုး ပွားများလာကြပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ . . .)
No comments:
Post a Comment