Sunday, June 2, 2013

ယာဉ်မောင်း ငိုက်မြည်း၍ ထားဝယ် အဝေးပြေးယာဉ်တစ်စီး လမ်းဘေးထိုးကျ

|Dawei Watch| ထားဝယ်၊ မေ ၂၈

ယာဉ်မောင်းငိုက်မြည်းမှုကြောင့် ထားဝယ်သို့ ဦးတည်မောင်းနှင်လာသော ရွှေလီရတနာခရီးသည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းမှ မော်တော်ယာဉ် တစ်စီးသည် ရေး-ထားဝယ်လမ်းပိုင်း ဧရိယာ မိုင်တိုင် အမှတ် ၆၆ တွင် မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် လမ်းနဘေးသို့ ထိုးဆင်းသွားခဲ့ကြောင်း မော်တော်ယာဉ် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါ လေအိတ်ကားသည် လမ်းဘေးသို့ ထိုးကျကာ ပေသုံးဆယ်လေးဆယ်ခန့် ရွှေ့သွားပြီး တောင်နံရံတွင် မှီကာ ရပ်သွားကြောင်း၊ တောင်နံရံမရှိလျှင် ကားမှောက်နိုင်ကြောင်း ယင်းကားပေါ်တွင်လိုက်ပါလာသည် အသက် ၅၀ အရွယ် ခရီးသည်တစ်ဦးက ပြောသည်။

“ယာဉ်မောင်း အိပ်ငိုက်လို့ လမ်းဘေး ထိုးဆင်းသွားတာပါ။ ခရီးတွေ သည် ထိခိုက်ဒဏ်ရာတာ မရှိပါဘူး။ ကားတော့ ဆွဲတင်လိုက်ပြီ” ဟု ရွှေလီရတနာခရီးသည် ပို့ဆောင်ရေးလုပ်ငန်း (ထားဝယ်)မှ လက်မှတ် ရောင်းဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

ယာဉ်တိမ်းစောင်းမှုဖြစ်သည့် နေရာတွင် လမ်းအနေအထား ကောင်းမွန်သည်ဟု ၎င်းက ဆိုသည်။

ယင်းသို့ ယာဉ်မောင်း ငိုက်မြည်းခြင်းသည် မိုင်လေးရာကျော်ပြီး ယာဉ်မောင်းနှင်ချိန် ၁၆ နာရီခန့်ရှိသည့် ရန်ကုန်-ထားဝယ်ခရီးအား ယာဉ်မောင်း တစ်ဦးတည်း မောင်းနှင်ရခြင်းကြောင့်ထိုသို့ ဖြစ်ပွားခြင်းဖြစ်ပြီး ယာဉ်မောင်းတစ်ဦးတည်း တစ်ညလုံး မောင်းနှင်ခြင်းသည် မသင့်လျှော်ကြောင်း ဒေသခံအချို့က ဝေဖန်ကြသည်။

“မလွဲတောင်မှာသာ ကားမောင်းရင်း အိပ်ငိုက်ရင် တွေးမ၀ံ့စရာပဲ” ဟု ရန်ကုန်-မြိတ် လမ်းအား စောင့်ကြည့်လေ့လာ နေသူ ဦးမြင့်ဦးက ဆိုသည်။

ပို့ဆောင်ဆက်သွယ်ရေး ဦးစီးဌာန၏ စည်းကမ်းအရမှု မိုင် ၂၀၀ ကျော်ရှိသည့် ခရီးတွင် ယာဉ်မောင်းနှစ်ဦးနှင့် ယာဉ်နောက်လိုက် တစ်ဦးထားရှိရမည်ဖြစ်သော်လည်း ထားဝယ်ဒေသရှိ ယာဉ်လိုင်းများက လိုက်နာခြင်းမရှိပေ။

ရန်ကုန်-ထားဝယ်ခရီးစဉ်အား ခရီးသည်တင်မော်တော်ယာဉ်လိုင်း ၈ လိုင်းအနက် ယာဉ်လိုင်း ၇ လိုင်းမှ အဆင့်မြင့် လေအိတ်ကားများဖြင့် ပြေးဆွဲနေပြီး ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေးယာဉ်လိုင် ၅ လိုင်းတို့ ပြေးဆွဲလျှက်ရှိသည်။

Dawei Watch

No comments: