မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Saturday, January 11, 2014

နိုင်ငံရေးသမား ရောင်းရန်ရှိသည်

နိုင်ငံရေးသမား ရောင်းရန်ရှိသည် အပိုင်း ၁ (နိုင်ငံရေး ဈေးသစ်ကြီးနဲ့ ငွေရှင်ကြေးရှင် အာဏာရှင်များ)

December 29, 2013 at 12:41pm
ဒီနေ့ မြန်မာနိုင်ငံမှာ ဈေးကွက်ကို ဘုရားသဖွယ် ကိုးကွယ်လာနေလိုက်ကြတာ ခုတော့ အားလုံးဟာ ရောင်းကုန် ဖြစ်ကုန် တော့တာပဲ။

လုပ်အားကလည်းရောင်းကုန်၊ လုပ်ပိုင်ခွင့်ပါမစ်ကလည်း ရောင်းကုန်၊ ပညာရေးကလည်း ရောင်းကုန်၊ မိန်းကလေးတွေကလည်း ရောင်းကုန်ဖြစ်လာတယ်။ ကုန်ကုန်ပြောရရင် နာမည်ကြီး ဓမ္မကထိက ဘုန်းတော်ကြီးတချို့ရဲ့ တရားပွဲတွေကိုတောင် ရောင်းကုန်လို့ သဘောထားပြီး လုပ်စားသူ တွေ ရှိလာတယ်။

အဲသလို ပေါ်ထွက်လာတဲ့ ရောင်းကုန်တွေ အနက်မှာ ဈေးအပေါဆုံး နောက်ဆုံးပေါ် ရောင်းကုန်ကတော့ နိုင်ငံရေးသမား ဆိုတဲ့ ရောင်းကုန်ပဲ။

နိုင်ငံရေးသမားတွေကို ရောင်းနေဝယ်နေလိုက်ကြတာ တော်တော်များများလည်း ဈေးတည့်ကုန်ပါပြီ။ ဝယ်လို့ မရတဲ့ နိုင်ငံရေးသမားဆိုတာ နည်းနည်းပါးပါးပဲ ကျန်လိမ့်မယ်။ တော်တော်နည်းပါတယ်။

ရှယ်ယာနဲ့ ငွေကြေးအရောင်းအဝယ်လုပ် ဈေးကစားတဲ့ နာမည်ကျော်စီးပွားရေးသမား ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံလာသွားတုန်းက ၈၈ ကျောင်းသားတွေနဲ့ တွေ့သွားတာကို အားလုံးမှတ်မိကြမယ် ထင်တယ်။ ဒါပေမဲ့ ဆိုးရော့စ် ပြန်သွားပြီးနောက်မှာ ၈၈ ကျောင်းသားတွေကြား ပူညံပူညံ ဖြစ်သွားတဲ့ ပြဿနာ တခုကိုတော့ လူအများသိကြမယ် မထင်ဘူး။ လူအများ မသိကြပေမဲ့ နိုင်ငံရေး အသိုင်းအဝိုင်းမှာတော့ တော်တော်များများ သိကြတယ်။ အဲဒါကတော့ ဆိုးရော့စ်က ကိုကိုကြီးလက်ထဲထည့်သွားတဲ့ ဒေါ်လာ ၂ သောင်းခွဲ ကိစ္စပါ။ အဲဒီဒေါ်လာ ၂ သောင်းခွဲကို ကိုကိုကြီးက ဘယ်သူ့မှ မပြောဘဲ တယောက်တည်း ဒိုင်လျှိုလေးဖွက်သုံးတော့ ကိုမြအေးက မေးခွန်းထုတ်၊ ကိုကိုကြီးက အိုးနင်းခွက်နင်း ဖြေရှင်းချက်ထုတ်၊ မကျေမနပ်ဖြစ်ကြ၊ နောက်ဆုံးတော့ စည်းလုံးညီညွတ်ရေး ခေါင်းစဉ်အောက်မှာ အကျင့်ပျက်မှုကို ဖုံးဖိမြိုသိပ်ထားလိုက်ကြရတယ်။ အငယ်ပိုင်း ၈၈ တယောက်ကတောင် "ကိုကိုကြီးလုပ်လို့ပေါ့ကွာ။ ငါသာလုပ်ရင် ဆောင့်ကန်ခံရတာ ကြာပြီ" လို့ မကျေမနပ်ပြောသေးတယ်လို့ ဆိုပါတယ်။။ မြန်မာ့သမိုင်းမှာ သိန်းလေးဆယ်ကိုကိုကြီးနောက် ဒေါ်လာ ၂ သောင်းခွဲ ကိုကိုကြီး တယောက်ပေါ်ပေါက်ခဲ့ဖူးတယ်လို့များ နောင်အခါ သမိုင်းမှာ မှတ်တမ်းတင်ကြမလား မသိဘူး။

၈၈ မျိုးဆက်အဖွဲ့နဲ့ ဆိုးရော့စ်နဲ့ အလွမ်းသင့်သွားလိုက်ပုံများကတော့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တောင် ပွင့်လင်း လူ့အဖွဲ့အစည်းအဖွဲ့နာမည် ဖြစ်သွားတဲ့အထိပါပဲ။

၈၈ မျိုးဆက်အဖွဲ့ဟာ ပြည်တွင်းပြည်ပ ငွေကြေးထောက်ပံ့မှု အများဆုံးရတဲ့ အဖွဲ့တဖွဲ့ပဲ။ အများဆုံး ထောက်ပံ့ကြေးရတာကတော့ ကိုမင်းကိုနိုင်နာမည်နဲ့ ရတာက အများဆုံးပဲ။ ဘယ်လောက်ဝင်ပြီး ဘယ်လောက်ထွက်တယ် ဆိုတာကို ဘယ်သူမှတော့ သေသေချာချာ မသိကြဘူး။ ငွေဝင်ငွေထွက်ကို အဓိက စီမံခန့်ခွဲပေးတဲ့ ကိုမင်းကိုနိုင်ရဲ့ လက်ရုံးကြီးကတော့ ကိုဂျင်မီလို့ အများသိထားကြတယ်။

၈၈ မျိုးဆက်အဖွဲ့ဟာ ငွေနဲ့ပတ်သက်လာရင် ပေးသမျှယူ၊ လှူသမျှစားနေတယ်လို့ ထင်စရာဖြစ်လာတယ်။ ဂစ်တာဘန်းပြပြီး ခရိုနီပေးတဲ့ငွေကို လက်ခံသလို ၊ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ၈ လေးလုံး နှစ်ပတ်လည် နေ့ကြီးမှာ စစ်အာဏာရှင်တွေက နိုင်ငံရေး ရည်ရွယ်ချက် အပြည့်နဲ့ ပေးလာတဲ့ငွေကိုလည်း လက်ခံပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ရှစ်လေးလုံး နှစ်ပတ်လည် အခန်းအနားဟာလည်း စစ်ခေါင်းဆောင်တွေကို သွားဖိတ်လို့ အကြီးအကျယ် အငြင်းအခုန်ဖြစ်ခဲ့ကြရတယ်။ ဒီ့ထက်ပိုဆိုးတာက ရှစ်လေးလုံးနှစ်ပတ်လည်မှာ ရတဲ့ လှူဒါန်းငွေ သိန်း ၈၀၀ ကျော်ကို စာရင်းမရှင်းနိုင်တဲ့အချက်ပဲ။ ရှစ်လေးလုံးနှစ်ပတ်လည်ကနေ ဆုံးဖြတ်ချက် တွေချပြီး၊ အဲဒီ ချထားတဲ့ ဆုံးဖြတ်ချက်တွေကို အကောင်ထည်ဖော်မယ့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီကို ငွေသိန်း ၅၅၀ လှူဒါန်းမယ်လို့ ဆိုတယ်။ အဲဒီ သိန်း ၅၅၀ ဆိုတာကလည်း ဘာဆုံးဖြတ်ချက်မှ အကောင်အထည် မဖော်ရသေးခင် တနေ့တခြား လုံးပါးပါးလာလိုက်တာ ခုတော့ ကုန်တော့မလောက် ဖြစ်လာတယ်။  ဘယ်လိုကုန်၊ ဘယ်လိုလျော့သွားတယ်ဆိုတာကိုလည်း စာရင်းရှင်း နိုင်သူ ဘယ်သူမှ မရှိတော့ဘူးလို့ သတင်းကြီးနေတယ်။ ဘဏ်စာရင်းလက်ခံဖွင့်ထားသူ ကိုတိုးကျော်လှိုင်နဲ့ ကိုညိုထွန်းတို့ ၂ ယောက်လည်း ဘာမှ တတ်နိုင်ကြပုံ မပေါ်ဘူး။

၈၈ ခေါင်းဆောင် အားလုံးကိုယ်စီကိုယ်စီဟာ ခုတော့ ပြည်တော်သာနေကြပြီ။ သူတို့ လက်ထဲမှာ ဂလက်ဆီ နုတ်တူးလေးတွေ ကိုယ်စီကိုယ်ငှ ကိုင်ထားကြတော့ ဂလက်ဆီ နုတ်တူး ဟာ ၈၈ ရဲ့ အိုင်ဒီကဒ်လို့တောင် နိုင်ငံရေးလောကမှာ လူပြောများလာတယ်။ ငွေကြေးထောက်ပံ့သူတွေက လည်းရှိလာ၊ နိုင်ငံရေး ရည်မှန်းချက်တွေကလည်း အမျိုးမျိုးကွဲလာတော့ ၈၈ အဖွဲ့ကလူတွေကလည်း ဟိုလူက ရုံးခန်း တခန်းခွဲထောင် ဒီလူက ရုံးခန်းတခန်းထောင် ကိုယ်စီကိုယ်စီ ရုံးခန်းတွေ အပြိုင်အဆိုင် ထွက်ပေါ်လာတယ်။ ကိုကိုကြီးဆိုရင် သူတယောက် တည်းတွင် ရန်ကုန်မြို့ပေါ်မှာ ရုံးခန်း ၂ ခန်း ၃ ခန်းဖွင့်ထားပါတယ်။ ၈၈ တွေ အဲသလို သူတလူ၊ ငါတမင်းဖြစ်လာလို့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ သူတို့ကို ၃၇ မင်းလို့တောင် လှောင်ပြောင်ခေါ်ဝေါ်လာကြတယ်။

ပညာရေးနဲ့ ပြန်လည်ထူထောင်ရေးကို တာဝန်ယူထားတဲ့  ၈၈ ကိုစိုးထွန်းရဲ့ ရုံးခန်းမှာဆိုရင် အမေရိကန်က လှူဒါန်းထားတဲ့ လက်ပ်တော့ ကွန်ပြူတာ အလုံး ၃၀ လောက်ရှိတယ်။ အဲဒီကွန်ပြူတာတွေမှာ "မကျွမ်းကျင်သူ မပြင်ရ၊ ပေါက်ကွဲတတ်သည်" ဆိုတဲ့ သတိပေးစာတန်းတွေတောင်ပါနေတယ်။ အမေရိကန်က သူတို့ကို ဘယ်လို လက်ပ်တော့ အမျိုးအစားတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ လှူဒါန်းထားတယ်ဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

အရင်တုန်းက ကျောင်းသားတွေ နိုင်ငံရေး လုပ်ရင် မိဘကပေးတဲ့ မုန့်ဖိုးငွေကလေးထဲကနေ ဖဲ့ထုတ်ပြီး အိတ်စိုက်လုပ်ကြရတယ်။ အလုပ်သမားတွေ နိုင်ငံရေး လုပ်ရင်လည်း ချွေးနှဲစာထဲကနေ စုဆောင်းပြီး ကိုယ့် ဖာသာ ရန်ပုံငွေထည့်ပြီး ခြစ်ခြုတ်ကြိုးစားလုပ်ကြရတယ်။ ဒီနေ့ခေတ်မှာတော့ ငွေမရှိရင် နိုင်ငံရေး လုပ်လို့ မဖြစ်ဘူးလို့ ပြောလာကြတယ်။ ကိုယ့်ဖာသာ ရိုးရိုးသားသား နိုင်ငံရေးကို ကိုယ်ကျိုးစွန့် အနစ်နာခံလုပ်ချင် သူတွေတောင် သူများမေးငေါ့ခံလာရပြီး ကိုယ်ကပဲ တုံးလို့အလို့ တပြားမှ မရသလို ဖြစ်လာတယ်။ သူများ တွေ လက်ဖျား ငွေသီးနေတာကြည့်ပြီး ရိုးချင်သူတွေတောင် ကလက်ချင်၊ ပျက်ချင်လာကြတယ်။

ဒီလို "ငွေမရှိရင် နိုင်ငံရေး လုပ်လို့မရ" ဆိုတဲ့အတွေးအခေါ် ထူထောင်လာကြချိန်မှာပဲ ငွေပေးချင်လို့ ငွေထုပ်ပိုက်ရှာ နေသူတွေကလည်း ပြည်တွင်းအထိ ရောက်လာကြတယ်။

အဲသလိုသူတွေထဲမှာ ၁။ စောစောကပြောတဲ့ ဂျော့ခ်ျ ဆိုးရော့စ် ရဲ့ အိုအက်စ်အိုင်ပါတယ်။ ဒါ့အပြင် ၂။ NED ပါတယ်။ ၃။ ပြည်သူတွေရဲ့ ငွေနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ချမ်းသာလာကြပြီး အခုအခါ၊ လက်ထဲက ငွေမည်း၊ နာမည်မည်း၊ သမိုင်းမည်းကို လျှော်ဖွတ်ချင်နေသူ ခရိုနီတွေလည်း ပါတယ်။ သူတို့အပြင် ၄။ နိုင်ငံရေးသမားကို ငွေနဲ့ဝယ်ချင်တဲ့ လက်ရှိ အစိုးရနဲ့ သူ့ဝန်ကြီးတွေလည်း ပါကြပါတယ်။

NED (National Endowment for Democracy) ဆိုတဲ့ အဖွဲ့အစည်းဟာ နာမည်နဲ့ လုပ်ရပ် ပြောင်းပြန် အချိုးကျတဲ့ အဖွဲ့အစည်းကြီးရယ်လို့ ကမ္ဘာ့ ဒီမိုကရေစီ အသိုင်းအဝိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဖွဲ့ကြီးပါ။ စီအိုင်အေရဲ့ ရှေ့ပြေးတပ်ဖွဲ့လို့ ကိုယ်တိုင်ဝန်ခံထားတဲ့ အဖွဲ့အစည်းပါ။

ကမ္ဘာတလွှားမှာ ရွေးကောက်ပွဲများစွာကို ကြိုးကိုင်ချယ်လှယ်ခဲ့ဖူးသလို၊ NGO လို့ခေါ်တဲ့ အစိုးရနဲ့ မပတ် သက်တဲ့ အဖွဲ့အစည်းတွေကို ငွေနဲ့ပေါက်ဝယ်ပြီး တိုင်းငယ်ပြည်ငယ်တွေရဲ့ နိုင်ငံရေးကို ကြိုးကိုင်ဆော့က စားနေတဲ့ အဖွဲ့အစည်းကြီးတခုဖြစ်ပါတယ်။

အဲသလိုအဖွဲ့အစည်းကြီးက မြန်မာဝန်ထမ်းခန့်ထားပြီး ဗမာပြည်ထဲက အဖွဲ့အစည်းတွေအကြောင်း သတင်းပေး လုပ်ခိုင်းထားပါတယ်။ NED ဆီက ထောက်ပံ့ငွေရရေးမှာ အဲဒီဝန်ထမ်းဟာ အရေးကြီးပုဂ္ဂိုလ် ဖြစ်လာပါတယ်။

NED ဆီက ငွေလိုချင်ရင် အောင်မော်ဇင်နဲ့ ဒီဇိုင်းနာ ပန်းချီဆရာ တယောက်ကို ကပ်ရမယ်လို့ ရန်ကုန် နိုင်ငံရေးလောကမှာ လူအများနားလည်ထားကြပါတယ်။ အောင်မော်ဇင်ကတော့ စောစောက ပြောတဲ့ NED ရဲ့ တရားဝင် မြန်မာ ဝန်ထမ်းပါ။ မန္တလေးသား ဒီဇိုင်းနာကတော့ ဘာ့ကြောင့် NED ရဲ့ငွေ ရရှိရေးမှာ အရေးပါ နေရတယ် ဆိုတာ ရှင်းရှင်းလင်း လင်း မရှိပါဘူး။ ဒါပေမဲ့ သူတို့ကို အကပ်ကောင်းရင် ငွေတကယ်ရ တာ တော့ အမှန်ပါ။

ကိုတိုးကျော်လှိုင်ကလည်း နိုင်ငံရေး အကျဉ်းသားခေါင်းစဉ်အောက်မှာ ဒေါ်လာ ၁ သောင်းခွဲရပါတယ်။ လက်ဝဲစာ ရေးဆရာကြီးဆိုသူတချို့ဦးဆောင်တဲ့ စာရေးဆရာ သမဂ္ဂတောင်မှ စီအိုင်အေရဲ့ ရှေ့ပြေးတပ်ဖွဲ့ လို့ခေါ်တဲ့ NED ရဲ့ ထောက်ပံ့ငွေကို ပျော်ပျော်ကြီး ယူကြပါတယ်။ စာရေးဆရာ သမဂ္ဂက ဒေါ်လာ ၂ သောင်းခွဲ ရပါတယ်။

၈၈ ခေါင်းဆောင်များဟာ နေစောင်းရင်၊ ဖေသောင်းတို့ အရည်တောင်းပြီဆိုတဲ့ ကိုမင်းကိုနိုင်စာအုပ်ထဲက အတိုင်း တံဆိပ်နီ၊ တံဆိပ်နက်၊ နှစ်ထပ်နက် ပုလင်းတွေနဲ့ ကောင်းစားနေကြပါတယ်။ သူတို့ထဲက အရေးပါတဲ့ ခေါင်းဆောင် တယောက်ဆိုရင် ဆေးစွဲနေရုံမက လူမှုရေး ဖောက်ပြန်မှု အပုပ်သတင်းကလည်း ပြန့်နှံ့နေပါတယ်။

ကိုယ့်နိုင်ငံသားတွေ နိုင်ငံခြားကငွေတွေ ဒီလိုမျက်မျက်ကလေး ရပြီး ကောင်းစားနေကြတာ သာဓုခေါ်စရာ ပီတိပွားစရာလို့ တချို့က ထင်ချင်ထင်ကြပါလိမ့်မယ်။ တကယ်တန်း "ဆိုးရော့စ်ရဲ့ အိုအက်စ်အိုင်" တို့ "စီအိုင်အေ ရှေ့ပြေး NED" တို့ရဲ့ အကြောင်းကို သိကြမယ်ဆိုရင်တော့ သာဓုခေါ်ဆိုနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒီအဖွဲ့တွေ အကြောင်းကို ပြည့်ပြည့်စုံစုံသိဖို့က ရှည်ရှည်လျားလျား ရှင်းပြဖို့လိုပါမယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ OSI နဲ့ NED တို့ကို အပိုင်းတပိုင်းစီ ခွဲပြီး သပ်သပ် ပြောပါမယ်။

NED ကအခုလို ခြေလှမ်းသွက်နေသလို သူ့ရဲ့ သြဇာအာဏာက ကမ္ဘာနဲ့ချီပြီး လွှမ်းမိုးကြိုးကိုင်ထား တာကိုသိတော့ Myanmar Peace Centre က အောင်မော်ဇင်ရဲ့ အစ်ကို မင်းဇင်ကို တနှစ် လစာ ဒေါ်လာ ၅ သိန်းပေးပြီး အလုပ်လာလုပ်ဖို့ခေါ်ပါတယ်။ တနှစ် ဒေါ်လာ ၅ သိန်းဆိုတာဟာ တလ ဒေါ်လာ ၄ သောင်းကျော်ပါတယ်။ လူသိများနာမည်ကြီးနေတဲ့ မင်းဇော်ဦးလစာ ဒေါ်လာ ၁ သောင်းထက် ၄ ဆကျော် များပါတယ်။ ဒါပေမဲ့ မင်းဇင်က ငြင်းပါတယ်။ အရောင်းအဝယ်မဖြစ်လိုက်ပေမဲ့ ပေးတဲ့ဈေးကိုက စိတ်ဝင်စားစရာလို့ ဆိုရမှာပါ။

ရန်ကုန်နိုင်ငံရေးသိပ္ပံသင်တန်းကျောင်း YSPS ဆိုတဲ့ မဇင်မာအောင်တို့ရဲ့ ကျောင်းကတော့ ဥရောပ နိုင်ငံ တနိုင်ငံကနေ ပေါင် ၁ သိန်း ထောက်ပံ့တာကို မြိုးမြိုးမျက်မျက် ရတယ်လို့ဆိုပါတယ်။

ဒီနေ့မြန်မာနိုင်ငံမှာ ရှိတဲ့ လူမှုရေး အဖွဲ့အစည်း၊ နိုင်ငံရေး အဖွဲ့အစည်းတွေထဲမှာ NED ၊ OSI ထောက်ပံ့ကြေးနဲ့ ကင်းလွတ်တဲ့ အဖွဲ့အစည်း ဘယ်နှဖွဲ့များ ရှိပါသလဲ။ ကုလသမဂ္ဂအဖွဲ့အစည်းတချို့က လွဲရင် ကျန်တဲ့ အဖွဲ့အစည်းမှန်သမျှ မကင်းရှင်းကြသလောက်ပါပဲ။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို တော့ အမေရိကန်က တခြားလမ်းကြောင်းကနေ အသွင်တမျိုးနဲ့ ထောက်ပံ့ပါတယ်။

နိုင်ငံခြား အစိုးရရဲ့ငွေ၊ နိုင်ငံခြားကနေ ငွေပေးကြိုးကိုင်တတ်တဲ့ ခေါင်းကိုင်အဖွဲ့ကြီးတွေရဲ့ငွေ နဲ့ လွတ်ကင်းတာဆိုရင် မရှိတော့သလောက်ပဲ။ သူတို့ပေးတဲ့ငွေ ၊ သူတို့အကြံပေးဖွဲ့စည်းခိုင်းတဲ့အဖွဲ့ ၊ သူတို့ခင်းပေးတဲ့ ကစားကွက်ထဲမှာ ကျနော်တို့ ဗမာပြည်က နယ်ရုပ်ကလေးတွေဟာ ကိုယ့်ကို သူများက ကြိုးကိုင်လို့ကိုင်ထားမှန်း မသိဘဲ သူများစိတ်၊ ကိုယ့်ခန္ဓာနဲ့ လှုပ်ရှားနေကြရသလို ဖြစ်လာပါတယ်။

မိရိုးဖလာ ဘာသာရေး၊ လူမှုရေး အသင်းတွေနဲ့ ၂၀၀၇ သံဃာ့အရေးတော်ပုံမျိုးဆက် ကျောင်းသားလူငယ် တွေလောက်ပဲ ကြိုးကိုင်သူတွေရဲ့ ဈေးကွက်အပြင်ဖက်မှာ လွတ်လွတ်လပ်လပ် ရပ်တည်တယ်လို့ နိုင်ငံရေး လောကမှာ ပြောကြပါတယ်။

ဒါတောင် ဘယ်လောက်သန့်ရှင်းသလဲဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ မကြာသေးခင်က လူငယ်ကျောင်းသား ခေါင်းဆောင်တချို့က NED ရဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၂ သောင်း ခွဲကို လက်ခံပြီး စာဖတ်အသင်း လုပ်တယ်လို့ ကြားလာရပါတယ်။ အဖွဲ့အစည်းနဲ့ မဆိုင်ပါဘူး၊ အဖွဲ့အစည်းက သဘောမတူဘူးလို့ ပြောတဲ့အသံမျိုးလည်း ကြားရပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းရဲ့ ထိပ်တန်းရာထူး ယူထားတဲ့ လူတွေလုပ်တာကို အဖွဲ့အစည်းနဲ့ မဆိုင်ဘူးလို့ ပြောတဲ့ ကိစ္စမျိုးဟာ စဉ်းစားစရာအဓိပ္ပါယ်တွေ အများကြီးရှိပါတယ်။

ဒီတော့ ဗမာပြည်က နိုင်ငံရေး ၊ လူမှုရေး အဖွဲ့အစည်းတွေ အားလုံး NED ၊ OSI ရဲ့ ထောက်ပံ့ငွေတွေနဲ့ ကြီးပွားနေကြပြီဆိုပါတော့၊ ဒါဆိုရင် ဗမာပြည်ရဲ့ ရှေ့နိုင်ငံရေးမှာ ဘာတွေ ဖြစ်လာနိုင်သလဲ။ နောက်အပိုင်း တွေ မှာ ဆက်ရေးပါမယ်။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း


နိုင်ငံရေးသမား ရောင်းရန်ရှိသည် အပိုင်း ၂ (အစိုးရနဲ့ ခရိုနီတို့က ငွေပေးဖျက်ဆီးခြင်း)

January 1, 2014 at 4:11pm
နိုင်ငံရေး သမားတွေ ငွေကြေးနဲ့ အခွင့်အရေးယူကြတာကို ဝေဖန်ကြတဲ့ အထဲမှာ ကျယ်ကျယ် လောင်လောင် အဝေဖန်ခံရပြီး တုန့်ပြန် ငြင်းခုန်မှုလည်း တော်တော်များတဲ့ ဖြစ်ရပ်တခုကတော့ မကဒတ ခေါ် ABSDF ခေါ် ကျောင်းသားတပ်မတော်ရဲ့ ကားအစီး ၆၀ ကိစ္စဖြစ်ပါတယ်။

တကယ်တော့ အစိုးရက ကားပေးသတ်တာကို ပျော်ပျော်ကြီး ခံသွားကြသူတွေဟာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံးနီးနီး ဖြစ်ပါတယ်။ အပစ်မရပ်နိုင်သေးတဲ့ ကချင်၊ တအာင်း၊ လားဟူ အဖွဲ့တွေလောက်ပဲ ကျန်ပါတယ်။

ကားယူသူတို့ရဲ့ ကျင့်ဝတ်သိက္ခာ

အားမနာတမ်း ဝေဖန်ရရင် အဲဒီအဖွဲ့တွေဟာ မော်တော်ကားနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာလဲလှယ် လိုက်ကြတာ ပါပဲ။

ဒီလို အဖွဲ့အစည်းအားလုံး အနက်မှာ မကဒတ ကျောင်းသားတပ်မတော်ကို တော်တော်လေး ပိုပြီး ဝေဖန်ကြ တာကိုတွေ့ရတယ်။ ဘာ့ကြောင့် သူတို့ကို ပိုပြီး ဝေဖန်ကြသလဲ။

ဖြစ်နိုင်တာကတော့ မကဒတ အပေါ်လူတွေက ပိုပြီး မျှော်လင့်ချက်ထားကြလို့ ဖြစ်မယ်ထင်ပါတယ်။ မကဒတကိုတော့ ဒီလိုမျိုးကားနဲ့ လာဘ်ထိုးလို့ ရမှာမဟုတ်ဘူးလို့ လူတွေက ထင်ထားကြလို့ ဖြစ်မယ် ထင်ပါတယ်။ ဖိနှိပ်တဲ့ အစိုးရတရပ်ကို လက်နက်နဲ့ အံတုပုန်ကန်တဲ့ ကျောင်းသားတပ်မတော်ဆိုတာ ကမ္ဘာ့ သမိုင်းမှာတောင် ရှာမှရှားမဟုတ်လား။ မကဒတဟာ ပြည်သူ့ရန်သူကို ပြတ်ပြတ်သားသား လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရဲတယ်၊ တိုင်းပြည်အတွက် သက်စွန့်ဆံဖျား ဆောင်ရွက်ဝံ့တယ်ဆိုတဲ့ သမိုင်း အစဉ်အလာရှိခဲ့တယ်။ အသက်စွန့်သွားတဲ့ ရဲဘော်တွေလည်း ရှိခဲ့တယ်။ ဒါ့ကြောင့်လည်း လေးစား အထင်ကြီး ကြတာ မျှော်လင့်ချက်ထားကြတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ဒီလိုမျှော်လင့်မိလို့လည်း ပိုပြီး စိတ်ပျက်ကြပုံရပါတယ်။

မကဒတဘက်ကလည်း ဒီကားပါမစ် ကိစ္စနဲ့ ပတ်သက်ပြီး တော်တော်လေးခုခံပြောကြတာကို တွေ့ရပါတယ်။ အဓိက ပြောတဲ့ ဖြေရှင်းချက်တွေကတော့ ဒီငွေတွေကို ပွင့်လင်းမြင်သာမှုရှိရှိသုံးမှာပါ ဆိုတဲ့ အကြောင်း၊ တော်လှန်ရေး အကျိုးစီးပွား အတွက် သုံးမှာ ဖြစ်ကြောင်း ၊ အဖွဲ့အစည်းအတွက် သုံးမှာ ဖြစ်ကြောင်း ဆိုတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် မကဒတ ရဲ့ ရဲဘော်တွေ ဘယ်လောက် အနစ်နာခံကြရ ကြောင်း၊ ဘယ်လောက် အဆင်းရဲ အပင်ပန်းခံခဲ့ရကြောင်းဆိုတာတွေလည်း ပါပါတယ်။

မကဒတ ရဲဘော်တွေ ပင်ပန်းဆင်းရဲကြတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးလုပ်ပြီး ပင်ပန်းဆင်းရဲတာ ခင်ဗျားတို့ချည်းပဲတော့ မဟုတ်ဘူး။ ပြည်တွင်းမှာလည်း ဆင်းရဲဒုက္ခခံကြရသူတွေ၊ ဘဝတွေ အသက်တွေ ပေးခဲ့ကြရသူတွေ အများကြီးပါ။ တော်လှန်ရေးအတွက် ၊ အဖွဲ့အစည်းအတွက် ပွင့်လင်းမြင်သာမှု ရှိရှိ သုံးစွဲ မယ်ဆိုတာလည်း ဖြစ်နိုင်လောက်တယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဒီငွေက ဘယ်ကငွေလဲ။ ဘယ်သူ့ငွေလဲ။ ပေးတဲ့သူတွေကရော အဲဒီငွေကို တကယ်ပိုင်တဲ့လူတွေဟုတ်ရဲ့လား။ ပေးပုံပေးနည်းကရော ရိုးသားရဲ့လား ဆိုတဲ့အချက်တွေကို ထည့်မစဉ်းစားလို့ မဖြစ်ဘူး။

ဒီငွေတွေ ၊ ဒီကားပါမစ်တွေဟာ ဘယ်သူပိုင်တဲ့ ပစ္စည်းတွေလဲ။
 ကားပါမစ်ဆိုတာ၊ ကားတင်သွင်းခွင့်လိုင်စင်ဆိုတာ တကယ်တော့ အခွင့်အရေးပဲ။ အထူးအခွင့်အရေးပဲ။ အထူးအခွင့်အရေးမို့ အထူးငွေကြေးအမြတ်အစွန်းတွေ ရတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ကားပွဲစား တောင်သိပါတယ်။ အဲသလို အထူးအခွင့်အရေးမျိုးတွေကို စစ်အစိုးရ သက်တမ်းတလျှောက်လုံးမှာ မတရား ရယူပြီး ကြီးပွားချမ်းသာလာသူတွေကတော့ စစ်အစိုးရဆွေမျိုးတသိုက်နဲ့ စစ်အစိုးရနဲ့ နီးစပ်သူ ခရိုနီတွေပါ။ ဒါတွေကို သူတို့ ရနေ၊ ယူနေတာဟာ မတရားယူနေတာပဲဆိုတာကိုလည်း လူတိုင်းသိတယ်။ လူတိုင်းလည်း ခံပြင်းကြ ၊ ခံစားကြရတယ်။ အဲဒီလို မတရားလုပ်လို့ လူတွေက ခရိုနီဆိုရင်၊ စစ်အစိုးရဆိုရင် ရိုးတွင်းချဉ်ဆီ ထဲကနေ ခါးခါးသီးသီး မုန်းတီးတယ်။ မကဒတ ကျောင်းသားဟောင်းရဲဘော်တွေလည်း ဒါတွေကို မုန်းလို့ ဆန့်ကျင်တိုက်ပွဲဝင်နေတာပဲ မဟုတ်လား။ ခုတော့ မကဒတက အဲဒီအခွင့်အရေးကို ယူလိုက်ပြီဆိုတော့ ဒါကို ဘယ်လိုနားလည်ရမလဲ။ အော်…. ဒီစနစ်ကို မုန်းလို့ တိုက်နေတာမှ မဟုတ်ပဲ ၊ သူတို့မရဘဲ သူများရနေလို့ တိုက်နေတာကိုးလို့ နားလည်ရမလို ဖြစ်နေပါတယ်။ သူတို့လည်း ရရင်ယူတာပါပဲလားလို့ နားလည်ရမလို ဖြစ်နေပါတယ်။

မကဒတခေါင်းဆောင်တွေ ဘယ်လိုတွေးခေါ်ပြီး ဒီအခွင့်အရေးမျိုးကို ယူခဲ့သလဲ ဆိုတာ ကျနော်တွေးကြည့် မိတယ်။ "ရန်သူ့ဆီကငွေကိုရရင် တပြားရရ၊ နှစ်ပြားရရ ရသမျှ အမြတ်ပဲ" လို့ သဘောထားတာ ဖြစ်ချင် ဖြစ်ပါ လိမ့်မယ်။ "ငါတို့မယူလည်း ဒီငွေတွေ ဒီဘောင်းဘီချွတ်လူကြီးတွေ လက်ထဲရောက်မှာပဲ ၊ ငါတို့ယူပြီး ပြည်သူတွေ အတွက် အသုံးပြုလိုက်တာကမှ ကောင်းဦးမယ်" လို့တွေးပြီး ယူလိုက်တာလည်း ဖြစ်ချင် ဖြစ်မယ်။ ဒီလိုတွေးခေါ်ရင်တော့ ဒီအတွေးအခေါ်ဟာ ပိုက်ဆံလိုချင်လို့ ပေးတဲ့ ဆင်ခြေလို့ပဲ ပြောရလိမ့်မယ်။ ဒီလိုပြောကြေးဆိုရင် ခရိုနီတွေကလည်း ဒီလိုပြောလို့ ရတာပဲ။ "ငါတို့ ခရိုနီတွေ မယူရင် စစ် အာဏာရှင်တွေက ယူမှာပဲ။ စစ်အာဏာရှင်တွေလက်ထဲရောက်ရင် လက်နက်ဝယ်ပြီး ပြည်သူတွေကို နှိပ်စက် လိမ့်မယ်။ ဒီတော့ ငါတို့ ခရိုနီတွေယူပြီး ဇိမ်ခံလိုက်တာကမှ ပြည်သူတွေ သက်သာဦးမယ်" လို့ ခရိုနီတွေက ဆင်ခြေပေးမယ်ဆိုရင် ဘယ်လို သဘောထားမလဲ။ ခရိုနီနဲ့ ဒီတော်လှန်ရေးသမားတွေရဲ့ လုပ်ရပ်ဟာ ဘာများကွာခြားဦးမှာလဲ။ သေချာတာတခုကတော့ ခရိုနီတွေရော၊ မကဒတရော၊ အခုတိုင်းရင်းသားခေါင်းဆောင်တွေရောဟာ ပြည်သူ့ငွေကို ပြည်သူ့ သဘောတူညီချက် မပါဘဲ အလွဲသုံးစားလုပ်လိုက်ကြပြီဆိုတဲ့ အချက်ပဲ။ ဆင်းရဲသားကလေးငယ်တွေရဲ့ ထမင်းလုပ်ကို ခင်ဗျားတို့ လုယက်စားလိုက်တာနဲ့ ဘာမှ မထူးဘူး။

ဒါက ယူသူတွေဘက်က အပိုင်း။ ပေးတဲ့လူတွေအပိုင်းကိုလည်း ကြည့်ဦး။

ကားပေးသူတို့ ရဲ့ အလွဲသုံးစားလုပ်ရပ်

အစိုးရအဖွဲ့အနေနဲ့ အဲဒီငွေကို အဲသလိုပေးခွင့်ရှိရဲ့လား။ ဝန်ကြီးဌာနအနေနဲ့ရော အဲသလို ပေးခွင့်ရှိရဲ့လား။ ဘယ်အခွင့်ဘယ်အာဏာနဲ့ ပေးလိုက်တာလဲ။ ဘယ်သူပိုင်တဲ့ဟာမို့ အဲသလို ပေးလိုက်တာပါလဲ။

တကယ်တော့ ဒီလို အခွင့်အရေး ဒီလို ကားပါမစ်ဆိုတာဟာ အများပြည်သူပိုင်တဲ့ အရာ ဖြစ်တယ်။ ပြည်သူတိုင်းကို လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်လျှောက်ထားခွင့်ပေးပြီးမှ တရားမျှတမှုရှိရှိနဲ့ ပေးသင့်သူကို ထိုက်သင့်တဲ့ အခွန်ထမ်းဆောင်ခိုင်းပြီး ပေးရမှာ ဖြစ်တယ်။ ခုတော့ မဟုတ်ပါဘူး။ ဦးသိန်းစိန်တို့ ဦးအောင်မင်းတို့က သူတို့ပိုင်ပစ္စည်းကျနေတာပဲ။ "မန်းငြိမ်းမောင်တို့ ယူလိုက်ကြကွာ၊ မောင်သံခဲတို့ ယူလိုက်ကြကွာ" ဆိုပြီး သူပိုင်ငွေကို အလှူကြီးပေးသလိုမျိုး ပေးချလိုက်တယ်။ ဒါကို ယူတဲ့လူတွေကလည်း ပြည်သူ့ငွေတွေဆိုတာကို မသိချင်ယောင်ဆောင်ပြီး ယူကြတယ်။ အလှူ့ရှင်ကြီးတွေကိုပဲ ကျေးဇူးရှင်ကြီးတွေဆိုပြီး ကျေးဇူးတွေ တင်လိုက်ကြတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးဦးအောင်မင်းတို့အစိုးရဟာ ပေးခွင့်မရှိတာကို အဲသလို အလွဲသုံးစားလုပ်ပြီး ပေးခဲ့ရုံသာမက လွှတ်တော်က ခွင့်ပြုထားတဲ့ ဘတ်ဂျက်ထက် ပိုမိုပြီး ဥပဒေမဲ့ သုံးစွဲလိုက်တာလည်း ဖြစ်ပါတယ်။ လွှတ်တော်ကနေ အစိုးရအနေနဲ့ ပြည်သူ့ငွေကို ဒီလောက်ပဲ သုံးရမယ် ဒီလောက်ပဲ သုံးသင့်တယ်ဆိုပြီး ခွင့်ပြုသတ်မှတ်ထားတဲ့ ဘတ်ဂျက်ခွင့်ပြုချက်ကို ကျော်လွန်ပြီး သုံးစွဲလိုက်တာ ဖြစ်ပါတယ်။ အခုဟာက ငွေမဟုတ်ပါဘူး ပါမစ်ပါလို့ ဆင်ခြေပေးရင်တော့ ကလေးကတောင် ရယ်ပါလိမ့်မယ်။

ဒီအချက်ကို မကဒတနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကပါ မသိချင်ယောင်ဆောင်နေကြပေမဲ့ ဦးရွှေမန်းတို့ လွှတ်တော်က လူတွေက ကောင်းကောင်းကြီး သိကြ၊ သတိထားမိကြပါတယ်။ ဒါ့ကြောင့်လည်း ဦးရွှေမန်းက ဦးသိန်းစိန်ကို သတိပေးခဲ့တယ်။ အတွင်းကြိတ် အားပြိုင်မှုတွေ ငြင်းခုန်မှုတွေ ဖြစ်ခဲ့တယ်။ ဒါ့ကြောင့်လည်း ဦးအောင်မင်းကိုယ်တိုင် ထွက်ရှင်းလာရတာဖြစ်ပါတယ်။ "သူတို့ပေးတာဟာ ကားပါမစ် ပေးတာ မဟုတ်ပါဘူး။ တရားမဝင်တဲ့ကားတွေကို တရားဝင်အောင် လိုင်စင်လုပ်ပေးလိုက်တာပါ" တဲ့။

ဦးအောင်မင်းဟာ ခုခေတ်ဘောင်းဘီချွတ်ဝန်ကြီးတွေထဲမှာ စကားကို မှောက်ချည်လှန်ချည် အပြောတတ်ဆုံးသူလို့ ဆိုရတော့မယ်။ အနီးဆုံး အထောက်အထားက အခုပြောတဲ့စကားပါပဲ။ အခုပြော တဲ့စကားကို နားထောင်ကြည့်ရင် သူပြောတဲ့စကားဟာ ဘယ်လောက် မရိုးသားသလဲဆိုတာ ထင်ရှားလှပါတယ်။ ကားပါမစ်ကို စာရွက်ကြီးနဲ့ ထုတ်ပေးပါရက်နဲ့ "ကားပါမစ်လို့ သဘောမထားပါနဲ့ တရားမဝင်တဲ့ကားတွေကို တရားဝင်အောင် လုပ်ပေးတာပါ" ဆိုပြီး ပြောရဲတာဟာ သူ့သတ္တိပါပဲ။ မျက်နှာပြောင်ရဲတဲ့ သတ္တိပါ။ မကဒတမှာ လိုင်စင်တပ်မထားတဲ့ တရားမဝင်ကားအစီး ၆၀ ရှိတယ်လို့ ဘယ်သူကြားဖူးကြသလဲ။ ဦးအောင်မင်းရော ဘယ်က ကြားဖူးထားသလဲ။ အားလုံးဟာ သူတို့ပါမစ် ထုတ်ပေးတော့မှ ပါမစ်ကို ရောင်းစားကြတာသာဖြစ်တယ်။ ဘယ်အဖွဲ့မှာမှ တရားမဝင်ကား ၆၀ တွေ ၁၂၀ တွေမရှိဘူး၊ အခုလည်း ပါမစ်ထဲကပေးလိုက်တဲ့ ကားတွေကို ဘယ်သူမှ ဝယ်မစီးဘူးဆိုတာ ဦးအောင်မင်းလည်း အသိ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း အသိ၊ ပြည်သူတွေလည်း အသိ၊ ကလေးကအစ အားလုံးသိကြပါရက်နဲ့ ဦးအောင်မင်းဘာလို့ ဒီလိုထွက်လိမ်တာ ပါလဲ။

ဦးသိန်းစိန်လုပ်တဲ့လုပ်ရပ်ဟာ ဥပဒေဘောင်ကိုကျော်လွန်ပြီးလုပ်ထားတာဆိုတာ ဦးအောင်မင်းသိနေလို့ပါ။ ဦးသိန်းစိန် အဲသလိုလုပ်တာ ဥပဒေဖောက်ဖျက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ဦးရွှေမန်းနဲ့ အငြင်းပွားထားတာကို ဦးအောင်မင်း သိထားလို့ပါ။ ဒါပေမဲ့ အတိုင်အဖောက်က မညီချင်တော့ ကားပါမစ်ကို ဦးသိန်းစိန်ကိုယ်တိုင် ယာတောစံအိမ်ထဲမှာ စာအိတ်နဲ့ခေါ်ပေးခဲ့ကြောင်းကို မန်းငြိမ်းမောင်က ဖွင့်ချပြောဆိုပြီး ဖြစ်နေပါတယ်။

လာဘ်ပေး လာဘ်ယူ လုပ်ရပ်

ဒီလို ဥပဒေမဲ့ ပေးတဲ့ငွေကို မကဒတနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ လက်ခံသင့်ရဲ့လား။ ပြည်သူ့ငွေကို ပြည်သူမသိဘဲပေးတာကို လက်ခံသင့်ရဲ့လား။ ပြည်သူ့ငွေကို ဥပဒေမဲ့ ထုတ်ပေးတာကို လက်ခံသင့်ရဲ့လား။ ပြည်သူ့ငွေကို ဒီလို အလွဲသုံးစားရယူတာဟာ ကျင့်ဝတ်သိက္ခာနဲ့ ညီတယ်လို့ ဆိုနိုင်ပါရဲ့လား။

ဒါ့အပြင် မကဒတရော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေရောဟာ အစိုးရနဲ့ ယာယီ အပစ်အခတ် ရပ်စဲထားတဲ့ အဆင့်သာရှိပါသေးတယ်။ နိုင်ငံရေးဆွေးနွေးမှုကို တခွန်းမှ မဟရသေးပါဘူး။ ဒီတော့ ဒီကာလတွေကို ဆွေးနွေးဆဲကာလလို့ ဆိုရပါမယ်။ ဒီလိုဆွေးနွေးဆဲကာလမှာ ဆွေးနွေးဘက်အစိုးရက ငွေပေးတာဟာ လာဘ်ပေးတဲ့သဘော သက်ဝင်ပါတယ်။ အဲဒီငွေကိုယူတာဟာလည်း လာဘ်ယူတဲ့ သဘောသာ ဖြစ်ပါတယ်။

မကဒတဟာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားမယ် ထင်ပါတယ်။ တခြား တိုင်းရင်းသားတွေကလည်း ကိုယ့်တိုင်းရင်းသားပြည်သူတွေကို ကိုယ်စားပြုတယ်လို့ ခံယူမယ် ထင်ပါတယ်။ ဒီတော့ အခုအစိုးရနဲ့ ဆွေးနွေးပွဲတွေဟာ ပြည်သူကို ကိုယ်စားပြုပြီး ပြည်သူ့ ခေါင်းဆောင် တွေအနေနဲ့ ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ပြည်သူ့အကျိုးအတွက် စစ်တပိုင်းအစိုးရနဲ့ ဆွေး နွေး ကြတဲ့သူတွေဟာ အစိုးရက လာဘ်ထိုးတဲ့ ကားတွေကို ယူထားလိုက်ပြီဆိုရင် ဒီခေါင်းဆောင်တွေကို ပြည်သူတွေက ဘယ်လိုယုံကြည်ကြရတော့မလဲ။ သူပေးတဲ့ ငွေကိုယူ၊ သူကျွေးတဲ့အစာကို စားပြီးတဲ့ နောက်မှာ သူတို့ရဲ့ ဆွေးနွေးပွဲဟာ ဘယ်လောက် လွတ်လပ် (independent ဖြစ်) နိုင်မလဲ။ မကဒတခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကားလက်ဆောင်ကိုယူလိုက်တာဟာ ပြည်သူကို သစ္စာဖောက်တာဖြစ်တယ်။ သူတို့ကို အစိုးရက ကားပါမစ်ပေးတာဟာ တော်လှန်ရေး အဖွဲ့စည်း တွေရဲ့ ခေါင်းကို ငွေပေးဝယ်လိုက်တာဖြစ်တယ်။

ပြည်သူ့ငွေကို အသုံးပြုပြီး လာဘ်ပေးတဲ့အစိုးရရော၊ ပြည်သူ့ငွေကို အသုံးပြုပြီးပေးတဲ့လာဘ်ကို ယူတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရောဟာ ပြည်သူအပေါ် သစ္စာမဲ့သူတွေဖြစ်ပါတယ်။

ဒါပေမဲ့ မန်းငြိမ်းမောင်ကတော့ ပြည်သူ့ငွေကို ကားအစီး ၁၂၀ ဖိုးရလိုက်တာကိုတောင် မတင်းတိမ်နိုင်သေး ဘူး။ "ကေအန်ယူရဲ့ အဖွဲ့အစည်းလိုအပ်ချက်ဟာ ကားအစီး ၁၂၀ နဲ့ မလုံလောက်သေးပါဘူး" လို့တောင် သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောလိုက်ပါသေးတယ်။ မန်းငြိမ်းမောင်နှယ် လောဘကြီးလိုက်တာ။ ပြောရဲပါပေ့၊ ပြောရက်ပါပေ့၊ ပြောထွက်ပါပေ့ မန်းငြိမ်းမောင်။ ခင်ဗျားတို့ရတဲ့ငွေက အစိုးရငွေ မဟုတ်ဘူးဗျ။ ဆင်းရဲသား တိုင်းရင်းသားပြည်သူတွေရဲ့ငွေပါ။ သာမန်ကရင်လူမျိုး ဆင်းရဲသား တွေရဲ့ မျက်နှာကို မငဲ့မကွက် ပြောထွက်လှပါပေတယ်။

ဦးအောင်မင်း၊ ဦးစိုးသိန်းတို့အဖွဲ့ဟာ နော်ဝေးက ထောက်ပံ့တဲ့ ဒေါ်လာ ၆ သန်းငြိမ်းချမ်းရေး ရန်ပုံငွေကို လည်း သူတို့ပိုင်ငွေတွေလို သုံးခဲ့ဖြုံးခဲ့ကြပြီ။ NLD ရွေးကောက်ပွဲ မဝင်ခင်ကာလတုန်းက NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရကို ရွေးကောက်ပွဲဝင်မယ်ဆိုရင် ကားပေးမယ်၊ ငွေပေး မယ်၊ အိမ်တွေ မြေတွေပေးမယ်ဆိုပြီး လာဘ်ထိုးခဲ့ဖူးကြောင်းလည်း ဦးပီတာလင်းပင်က ဖွင့်ချခဲ့ဖူးပြီ။ ဦးအောင်မင်းဟာ ထောက်လှမ်းရေးဟောင်းပီသသူ ဖြစ်ပါတယ်။

မကဒတရဲ့ ပျော့ညံ့မှု

ဒါ့အပြင် ဦးအောင်မင်းနဲ့ ကိုသံခဲ လက်မောင်းချင်းချိတ် ဝိုင်အရက်ခွက်ကိုကိုင်ပြီး အရေးကြီးပြီ ညီနောင်အပေါင်းတို့ သီချင်းကို ဆိုသွားတာဟာလည်း မကဒတရဲဘော်ဟောင်းတွေ၊ မကဒတကို သံယောဇဉ်ရှိသူတွေကြားမှာ စိတ်ထိခိုက်စရာ ဖြစ်ခဲ့ရပါတယ်။ ဦးအောင်မင်းလိုလူနဲ့ ဒီလိုပျော်ပါးပြရင် ကိုယ့်သိက္ခာ ၊ ကိုယ့်ရဲဘော်တွေရဲ့ သိက္ခာကို ထိခိုက်နိုင်မယ် ဆိုတာလောက်ကိုတော့ အနည်းဆုံး တွက်မိဖို့ သင့်တယ်။

မကဒတကို ခုလို ငွေပေးဖျက်ဆီးခံလိုက်ရတာ နှမျောစရာလည်းကောင်းတယ်။ ဒီလောက် ရိုးစင်းတဲ့ ဖျက်ဆီးပုံဖျက်ဆီးနည်းလေးလောက်တောင်မှ တောင့်မခံနိုင်တာ အထင်သေးစရာလည်း ဖြစ်တယ်။ ဦးအောင်မင်းတို့ လုပ်ပုံက သိပ်ရိုးလွန်းပါတယ်။ ရုပ်ချောပြီး ဆင်းရဲတဲ့ မိန်းကလေးကို ထဘီလေး ဝယ်ပေး၊ အင်္ကျီလေးဝယ်ပေးပြီး ကျုံးသွင်းဖျက်ဆီးသွားတဲ့ လူပွေလူရှုပ်လုပ်နည်းမျိုးပဲ။ ဒါပေမဲ့ ဆင်းရဲတဲ့ မိန်းကလေးတိုင်း မပျက်စီးဘူး။ ဆင်းရဲပြီး ပျော့ညံ့မှ ပျက်စီးတယ်။ မကဒတ အဖျက်ဆီးခံရတာကလည်း ဆင်းရဲလို့ ပင်ပန်းလို့ မဟုတ်ဘူး။ ခေါင်းဆောင်တွေ ပျော့ညံ့လို့ပဲ။



ဘယ်သူပေးပေးရရင်ယူ

မကဒတ အဖွဲ့ဟာ တောထဲမှာ မျှစ်စားပြီး တော်လှန်ရေးလုပ်ခဲ့မိတာ မှားသကွာ၊ ခုလို မြို့ပေါ်တက်ပြီး ဘီယာဆိုင်မှာ တော်လှန်ရေးမုန်တိုင်းထန်ရတာ ပိုတွက်ခြေကိုက်တယ်လို့များ ဥာဏ်အလင်းရသွား လေသလား မဆိုတတ်ဘူး။ အစိုးရပေးတဲ့ငွေကိုသာမက ခရိုနီ ဦးဇော်ဇော်ပေးတဲ့ ငွေကိုပါ အခုလက်ခံ ရယူ လိုက်ပြီ ဆိုတာသိရတယ်။ လက်ခံရယူသူကတော့ မကဒတ ဗဟိုကော်မတီဝင်တယောက်ပါ။ ဒါပေမဲ့ သူ့အတွက် မဟုတ်ဘဲ အဖွဲ့အစည်းအတွက် ဗဟိုကော်မတီ ဆုံးဖြတ်ချက်နဲ့ လက်ခံရယူတယ်လို့ ဆိုပါတယ်။ မကဒတအနေနဲ့ အထူးသတိထားပြီး ပြန်လည်သုံးသပ်သင့်ပါတယ်။ ပေးသမျှငွေယူနေရင် အဖွဲ့အစည်း ရဲ့ နိုင်ငံရေးသိက္ခာဟာ ကုန်းကောက်စရာ မရှိအောင်ဖြစ်သွားလိမ့်မယ်။ နိုင်ငံရေးသိက္ခာမရှိတော့ရင် အဖွဲ့အစည်းပါ ပျက်စီးသွားနိုင်ပါတယ်။ လက်တွေ့မှာ ငွေမရှိရင် ဘာမှ လုပ်မရဘူးဆိုတဲ့ စကားမျိုးကိုလည်း သူတို့ ထိပ်ပိုင်း ကတော်တယောက်က ပြောပါသေးတယ်။ ဒီစကားကတော့ အပေါစားဆန်လွန်းလှပါတယ်။ ဆွေးတောင် မဆွေးနွေးချင်လောက်အောင်ပါပဲ။

ဒီလောက်နာမည်ဆိုးနဲ့ ကျော်ကြားပြီး တိုင်းပြည်နဲ့ လူမျိုးအပေါ် နည်းမျိုးစုံနဲ့ ဆိုးခဲ့ညစ်ခဲ့တဲ့ ခရိုနီတွေရဲ့ငွေကို အခုလို ယူရဲတယ်ဆိုတာကလည်း ရှေ့သွားရှိလို့ လိုက်ရဲတာ ထင်ပါတယ်။ တကယ်တော့ ခရိုနီတွေရဲ့ ငွေကို အများဆုံးယူတဲ့ အဖွဲ့အစည်းဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖြစ်ပါတယ်။ ဆယ်သိန်း၊ သိန်း ၂၀ တန်တဲ့ ဝတ်စုံတွေကို ခရိုနီတွေက ဝယ်ပေးတယ်ဆိုတာက အစ လေယာဉ်စီးလုံးငှားတယ်ဆိုတာ အဆုံး ခရိုနီနဲ့ ဒီချုပ်သတင်းတွေဟာ လူပြောများ ကျော်ကြားလှပါတယ်။

တကယ်တော့ ခရိုနီတွေဟာ ပြည်သူ့သယံဇာတ၊ ပြည်သူ့ဘဏ္ဍာ၊ ပြည်သူ့အခွင့်အရေးတွေကို နှစ်ပေါင်းများ စွာ အလွဲသုံးစားလုပ်လာသူတွေ ဖြစ်ပါတယ်။ မြေကြီးပေါ်မှာပေါက်နေတဲ့ သစ်ပင်တွေကို သူတို့အပင်လို့ သဘောထားပြီး ရောင်းစားပါတယ်။ မြေကြီးအောက်က ရတနာကို သူတို့ ရတနာလို့ သဘောထားပြီး ရောင်းစားပါတယ်။ ရေထဲမှာရှိနေတဲ့ငါးကိုလည်း သူတို့ငါးလို့ သဘောထားပြီး ရောင်းစားပါတယ်။ ပြည်ပက နေတင်သွင်းခွင့် ပြည်တွင်းကနေ တင်ပို့ခွင့်မှန်သမျှကိုလည်း သူတို့ အခွင့်အရေးလို့ သဘောထားပြီး သူတို့ချည်း မတရားယူပါတယ်။ ဒီလောက်နဲ့ အားမရ မတင်းတိမ်နိုင်သေးဘဲ ပြည်သူ့လယ်ယာမြေတွေ သိမ်းထားတာတွေကလည်း ဒုနဲ့ဒေးပါ။ ဒီလို နှစ်ပေါင်းများစွာ မတရားလုပ်လာတဲ့ ခရိုနီတွေဟာ သားစဉ် မြေးဆက်စားမကုန်အောင် ပွနေကြပါပြီ။ မြန်မာတွင်မက ကမ္ဘာမှာပါယှဉ်နိုင်လောက်တဲ့ ဒေါ်လာဘီလျံချီ ချမ်းသာသူတွေ ဖြစ်နေပါပြီ။ သူတို့စိုးရိမ်စရာဆိုလို့ ဒီမိုကရေစီအစိုးရတက်လာရင် သူတို့ မတရားရယူ ထားတာတွေ ပြန်ပေးရမှာကိုပဲ စိုးရိမ်စရာရှိပါတယ်။ ဒီတော့ သူတို့ငွေမည်းကို ငွေဖြူဖြစ်အောင် လျှော်ချင်ပါတယ်။ သူတို့ နာမည်မည်းကို နာမည်ဖြူဖြစ်အောင် လျှော်ဖွတ်ချင်ပါတယ်။ သူတို့သမိုင်းမည်း ကို သမိုင်းဖြူဖြစ်အောင် လျှော်ချင်ဖွတ်ချင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သူတို့ဟာ ငွေရှိမှ နိုင်ငံရေးလုပ်လို့ ရမယ်လို့ ထင်နေတဲ့သူတွေဆီကို ငွေပေးဖို့ ချဉ်းကပ်လာတာ မဆန်းပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ခရိုနီတွေရဲ့ငွေကို ကြည်ကြည်ဖြူဖြူလက်ခံပါတယ်။ ခရိုနီတွေ ခိုးထားတဲ့ငွေတွေကို အသိမှတ်ပြုလက်ခံပါတယ်။ ခရိုနီတွေနဲ့ ပတ်သက်ရင် "ဓါးပြတိုက်ထားတဲ့ ငွေနဲ့ပင်ဖြစ်ပစေ၊ ဘုန်းကြီးကိုဆွမ်းလောင်းရင်တော့ သာဓုခေါ်ရမှာပဲ"ဆိုတဲ့ မူကို ဒေါ်အောင်ဆန်းစုကြည်က ကျင့်သုံးပါတယ်။ သူခိုးဓါးပြတွေ ဘုရားဒါယိကာဖြစ်ဖို့ အခွင့်အရေးရပါပြီ။

(နောက်အပိုင်းတွေမှာ OSI နဲ့ NED ရဲ့ အကြောင်းကို ရေးပါမယ်။)

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း


နိုင်ငံရေး သမား ရောင်းရန်ရှိသည် အပိုင်း ၃ (ငွေကြေး၊ အာဏာနဲ့ OSI)

January 6, 2014 at 9:26am
လွန်ခဲ့တဲ့  ၁၀ နှစ်လောက်တုံးက ဗြိတိသျှသံရုံး ဧည့်ခန်းမှာ ထားလေ့ရှိတဲ့ စာအုပ်တအုပ်ကို အမှတ်ရမိတယ်။ အဲဒီစာအုပ်ကတော့ အရပ်ဘက် အဖွဲ့အစည်း /လူထုအခြေပြုအဖွဲ့အစည်းလို့ခေါ်တဲ့ Civil Society Organization တွေကို မြန်မာနိုင်ငံမှာ အများအပြား ထူထောင်ပြီး အဲဒီအဖွဲ့အစည်းတွေရဲ့ ကြပ်မတ်ထိန်းချုပ်မှုနဲ့ အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီ အစိုးရထူထောင်ရေး ဆိုတဲ့ အတွေးအခေါ်ကို မလေးရှား စာရေး ဆရာ တယောက်ရေးထားတဲ့ စာအုပ်ပါ။ ထူးခြားတာကတော့ မူရင်းက အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့ စာအုပ်ဖြစ်ပေမဲ့ သံရုံးဧည့်ခန်းမှာ ရှိတာက မြန်မာဘာသာပြန်စာအုပ်ဖြစ်နေတဲ့ အချက်ပါ။ မြန်မာ ဘာသာပြန်ဆိုပေမဲ့ မြန်မာ နိုင်ငံက စာရေးဆရာ တယောက်ယောက် ဘာသာပြန်တာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ဝေတဲ့ စာအုပ်လည်း မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီစာအုပ်ကို ဗြိတိသျှ သံရုံးဧည့်ခန်းမှာ အမြဲတွေ့ရတယ်။ နိုင်ငံတနိုင်ငံရဲ့ အစိုးရကို ဖြုတ်ချရေး အကြံဥာဏ်ပေးတဲ့ စာအုပ်တအုပ်ကို ဗြိတိသျှ သံရုံးမှာ တွေ့ရတော့ စိတ်ထဲမှာ နည်းနည်း ထူးဆန်းမိတယ်။ လူထုအခြေပြုအဖွဲ့အစည်းလို့ ခေါ်တဲ့ အဖွဲ့အစည်းတွေအသုံးပြုပြီး ဖြုတ်ချရေး နည်းလမ်းကို အကြံပေးထားတော့ အတွေးအခေါ်သစ်တရပ် လို့လည်း ထင်မှတ်မှားစရာ ဖြစ်တယ်။

ဒါပေမဲ့ နောက်တော့ ဒီစာအုပ်ကို ရန်ကုန်က လူငယ်တချို့ရဲ့ အိမ်တွေမှာ မိတ္တူစာအုပ်အဖြစ် တွေ့လာရ တယ်။ ဒီတော့မှ ဒီစာအုပ်ရဲ့ မူလလမ်းကြောင်း ရေသောက်မြစ်ကို သိလာရတယ်။ တကယ်တော့ အဲဒီစာ အုပ်ကို ဘာသာပြန်ထုတ်ဝေတာက  လူငယ်တွေကြားမှာ အေစီလို့ ရေပန်းစားခေါ်ဝေါ်ကြတဲ့ အမေရိကန် သံရုံးရဲ့ ပြန်ကြားရေးဌာနကပါ။ အဲဒီ အမေရိကန် စင်တာကနေ လူငယ်တွေကို သင်တန်းပေါင်းများစွာ တိုးတိုးတိတ်တိတ်ပေးခဲ့တာဟာ မဝေးသေးတဲ့ ကာလတခုမို့ အားလုံးမှတ်မိကြမှာပါ။ အဲဒီသင်တန်းတွေထဲ က သင်တန်းတခုကနေ ထုတ်ဝေဖြန့်ချိတဲ့ စာအုပ်ပါ။ စာအုပ်ကို ထုတ်ဝေ ဖြန့်ချိရုံတွင် မကဘူး။ အဲဒီစာအုပ် ရေးတဲ့ စာရေးဆရာပါ မြန်မာနိုင်ငံကို အရောက်လာပြီး အဲဒီ အမေရိကန် စင်တာမှာပဲ အရပ်ဖက် အဖွဲ့အစည်းတွေကို အသုံးပြုပြီး အစိုးရဖြုတ်ချရေးနည်းလမ်းကို ဆွေးနွေးပို့ချခဲ့ဖူးပါတယ်။ သင်တန်းတက်ဖူး တဲ့ လူငယ်တွေ မှတ်မိကြပါလိမ့်မယ်။

အဲဒီစာအုပ်ရဲ့ အနှစ်ချုပ်ကတော့ လက်နက်ကိုင် တော်လှန်ရေးကို ဆန့်ကျင်တယ်။ လက်နက်ကိုင် တော်လှန်ရေးအစား အရပ်ဘက် အဖွဲ့အစည်းတွေ ထူထောင်ပြီး အစိုးရကို ဖြုတ်ချရေးဆိုတဲ့ နည်းလမ်း ဖြစ်ပါတယ်။

နိုင်ငံတကာ အတွေ့အကြုံနည်းတဲ့ ကျနော်တို့ ဗမာလူငယ်တွေကတော့ အမေရိကန်က ဘာလမ်းကြောင်း ချပေးတယ်ဆိုတာ မရိပ်မိခဲ့ကြဘူး။ အခုချိန်မှာတော့ အားလုံး ရုပ်လုံးပေါ်လာတယ်။ အမေရိကန်ဟာ မြန်မာနိုင်ငံမှာ သူတို့လိုချင်တဲ့ နိုင်ငံရေး အကွက်အကွင်း၊ အခင်းအကျင်း တရပ်ပေါ်လာဖို့ နှစ်ပေါင်း နှစ်ဆယ်၊ အစိတ် အချိန်ယူပျိုးထောင်ခဲ့တယ်။ အခုအခါ Myanmar Peace Centre နဲ့ ဗဟု၊ Egress တို့ထဲကို ရောက်လာကြမယ့် မြန်မာတချို့ကိုလည်း အမေရိကန်ကို ငွေကုန်ကြေးကျခံခေါ်ယူပြီး အမေရိကန် အတွေးအခေါ်သင်ကြား ပို့ချ လေ့ကျင့်ပေးခဲ့တယ်။ အဲဒီလို ပျိုးထောင်လာတဲ့ အမေရိကန်ဆော့ဖ်ပါဝါရဲ့ ဦးတည်ချက်ဟာ ဘာလဲ ဆိုတာ ခုတော့ အကောင်အထည်နဲ့ တကွမြင်သာလာတယ်။ ဒီနေ့မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာစားနေတဲ့ NGO အဖွဲ့အစည်းတွေ အပြိုင်းအရိုင်း ထွက်ပေါ်လာနေပြီ။ လူငယ်တွေထဲ မှာလည်း NGO တွေမှာ အလုပ်လိုချင်လွန်းလို့ သူ့ထက်ငါ အလုအယက်။ နိုင်ငံရေးသမားလောက၊ လူမှုရေး လောကမှာလည်း ဒိုနာရှာရတာ အမော။ NED က ကိုအောင်မော်ဇင်တို့၊ OSI က ဒေါ်မော်ရင်း အောင်သွင်တို့နဲ့ မိတ်ဖွဲ့ချင်လို့ ပွဲစားရှာသူတွေ၊ ပွဲကစားသူတွေလည်း မနည်းမနော။

တကယ်တော့ မြန်မာနိုင်ငံကို အမေရိကန်စင်တာကနေ CSO တွေ၊ NGO တွေနဲ့ မိတ်ဆက်ပေးနေချိန်မှာ အရှေ့အလယ်ပိုင်းနဲ့ အရှေ့ဥရောပမှာတော့ အမေရိကန် ပြုစုပျိုးထောင်ထားတဲ့ NGO တွေ တော်တော် အလုပ်လုပ်ပြီးနေကြပါပြီ။ တော်တော်လည်း အငြင်းပွားနေကြပါပြီ။ အဲဒီ NGO တွေကို နိုင်ငံတော်တော်များများက စီအိုင်အေရဲ့ Fifth Column ပဉ္စမံတပ်သား လို့ လက်ညှိုးထိုး ပြစ်တင် ဝေဖန်နေပါပြီ။ NGO တွေရဲ့ နိုင်ငံခြားအလှူငွေ ရယူမှုကို စစ်ဆေးတဲ့၊ ကန့်သတ်တဲ့ ဥပဒေတွေကိုလည်း နိုင်ငံတချို့က ထုတ်ပြန်နေပါပြီ။ အစ္စရေးလို အမေရိကန်ရဲ့ ဝမ်းမနာသား နိုင်ငံမျိုးတောင် အဲဒီလို ဥပဒေထုတ်တဲ့ နိုင်ငံထဲမှာ ပါပါတယ်။ တခြား ထင်ရှားတဲ့ နိုင်ငံတွေကတော့ ရုရှား၊ အိန္ဒိယ၊ ကမ္ဗောဒီးယား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်တို့ပါ။ အမေရိကန်မှာလည်း နိုင်ငံခြားအစိုးရရဲ့ ထောက်ပံ့ငွေဆိုရင် မှတ်ပုံတင်ရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို တင်ပြရပါတယ်။

အမေရိကန်ဟာ သူ့နိုင်ငံတွင်းမှာတော့ နိုင်ငံခြားအစိုးရရဲ့ငွေဆိုရင် မှတ်ပုံတင် စာရင်းစစ်ပေမဲ့ တခြားနိုင်ငံမှာ တော့ NGO တွေ ပြန့်ပွားလာရေးကို သူတို့က တွင်တွင်ကျယ်ကျယ် ဝါဒဖြန့်ချိပေးသလို NGO တွေကို ငွေကြေးထောက်ပံ့ခြယ်လှယ်ပါတယ်။ ဒါကလည်း စီအိုင်အေအတွက် လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းတာ ကို နှစ်ပေါင်း ၆၀ ကျော် အတွေ့အကြုံရှိခဲ့ပြီးပါပြီ။ ငွေကြေးထောက်ပံ့ခြယ်လှယ်တယ်ဆိုတာကလည်း တခါ တလေမှာ တိုက်ရိုက်ခြယ်လှယ်တာမျိုးရှိသလို တခါတလေမှာ သွယ်ဝိုက်ခြယ်လှယ်ပါတယ်။ တိုက်ရိုက်ခြယ် လှယ်တယ်ဆိုတာက လုပ်ငန်းစဉ်အသေးစိတ်မှာ ဝင်ရောက်စွက်ဖက်တာမျိုးပါ။ သွယ်ဝိုက်ခြယ်လှယ်တယ် ဆိုတာကတော့ သူတို့အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ ပေါ်လစီချတဲ့ NGO တွေကို ငွေကြေးထောက်ပံ့ပြီး သူတို့ အကျိုးနဲ့ မကိုက်တဲ့ NGO တွေကိုတော့ လူ့အဖွဲ့အစည်း အတွက် ဘယ်လောက်ပဲ အကျိုးရှိရှိ ပစ်ထားလိုက် တာမျိုးပါ။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် NGO အများစုဟာ သူတို့ လုပ်ငန်းစဉ် ( သူတို့ Agenda) အတိုင်း ဆောင်ရွက်တဲ့ အဖွဲ့တွေ ဖြစ်လာပါတယ်။ သတင်းအမှောင်ကျပြီး ခေတ်လည်း နောက်ကျ၊ ငွေလည်း ရှားပါး ဆင်းရဲတဲ့ နိုင်ငံမျိုးတွေမှာတော့ အမေရိကန်ဟာ ငွေကို လမ်းခင်းပြီး လွယ်လွယ်ကူကူ လုပ်ကိုင်သွား ပါတယ်။

ဒီနေ့ခေတ်မြန်မာနိုင်ငံကို ပြန်ကြည့်လိုက်တဲ့ အခါ မြန်မာဟာ အဲသလို နိုင်ငံ အမျိုးအစားစာရင်းမှာ အကြုံးဝင်လာနေတာတွေ့လာရပါတယ်။ ၈၈ ငြိမ်း၊ပွင့် အဖွဲ့အပါအဝင် မြန်မာနိုင်ငံက NGO အဖွဲ့အစည်းတွေရဲ့ ၉၀ ရာနှုန်းဟာ နိုင်ငံခြား ထောက်ပံ့ငွေနဲ့ မွေးဖွားကြီးပြင်းလာတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေတာကို တွေ့လာရတယ်။

၈၈ မျိုးဆက်အဖွဲ့ဆိုရင် သူတို့ အဖွဲ့နာမည်ကိုတောင် ပွင့်လင်း လူ့အဖွဲ့အစည်းလို့ နာမည်ပေးလိုက်ပါသေး တယ်။ ဒါဟာ ၈၈ မျိုးဆက်အဖွဲ့ရဲ့ နိုင်ငံရေးဗဟုသုတ ခေါင်းပါးမှုကို ပေါ်လွင်ထင်ရှားစေပါတယ်။ တကယ်လို့သာ ကမ္ဘာ့ ဒီမိုကရေစီ အင်အားစုတွေကြားမှာ ဂျော့ခ်ျဆိုးရော့စ်ရဲ့ Open Society Institute ဟာ ဘယ်လောက်နာမည်ပျက်တယ်၊ ဘယ်လောက်ငြင်းခုန်မှုတွေ ဖြစ်နေတယ်ဆိုတာကို သိရင် ၈၈ မျိုးဆက်အဖွဲ့ဟာ ဒီနာမည်ကို ခံယူလိမ့်မယ် မထင်ဘူး။

တကယ်တော့ CSO လို့ခေါ်ကြတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ NGO လို့ခေါ်ကြတဲ့ အစိုးရနဲ့ မပတ်သက်တဲ့ အဖွဲ့အစည်းတွေဟာ သူတို့အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်တွေကြောင့် အငြင်းပွားစရာ ပြဿနာတွေ တက်နေကြတာ မဟုတ်ဘူး။ အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်တွေကတော့ များသောအားဖြင့် ရည်ရွယ်ချက်ကောင်းတွေပဲ။ အဖွဲ့အစည်း ရည်ရွယ်ချက်တွေကြောင့် Fifth Column ခေါ် ပဉ္စမံ တပ်သား အဖြစ် နိုင်ငံတကာမှာ စွပ်စွဲ ပြောဆိုခံနေရတာ မဟုတ်ဘူး။ သူတို့ကို ဒီလို စွပ်စွဲပြောဆိုခံနေရတာဟာ သူတို့ကို ငွေပေးပြီး ကြိုးကိုင်နေတဲ့ ဒိုနာ အဖွဲ့အစည်းတွေရဲ့ အရိပ်ထိုး လွှမ်းမိုးမှုတွေကြောင့်ပါ။

ငွေယူတာ အပြစ်မဟုတ်ဘူး။ ငွေကို အလွဲသုံးစားလုပ်တာကသာ အပြစ်ဖြစ်တယ်လို့ တချို့က ပြောပါတယ်။ ဒီစကားဟာ မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမဲ့ အပြည့်အဝ မမှန်ဘူး။ ငွေကို အလွဲသုံးစား မလုပ်ပေမဲ့ အန္တရာယ်ရှိနိုင်သေးတယ်။ ငွေရဖို့ အတွက် ငွေရှင် အကြိုက်မူဝါဒတွေအောက် ရောက်မှန်းမသိ ရောက်ကုန် ကြတဲ့ အဖွဲ့အစည်းတွေ အများကြီးပဲ။ အဲသလို အဖွဲ့တွေ အများစုဖြစ်လာတဲ့အခါ ငွေကို အလွဲသုံးစား မလုပ် သည့်တိုင်အောင် ကိုယ်ဟာ ကြိုးကိုင်ခံ အဖွဲ့အစည်း ဖြစ်မှန်း မသိဖြစ်လာတတ်ပါတယ်။ ငွေမျက်နှာကြောင့် သူ့မူဟာ ကိုယ့်မူဖြစ်လာတတ်တယ်။ သူ့အလုပ်ဟာ ကိုယ့်အလုပ်ဖြစ်လာတတ်တယ်။ ကြာလာတော့ ကိုယ့်ကိုယ်ကိုယ် ဘာမှန်း မသိတော့တဲ့ ဘဝအထိ ရောက်သွားတတ်ပါတယ်။

အဲသလို ငွေပေးကြိုးကိုင်ခြယ်လှယ်တတ်တဲ့ အဖွဲ့အစည်းတွေကတော့ Open Society Institute (OSI) ၊ National Endowment for Democracy (NED) နဲ့ ဥရောပက အဖွဲ့အစည်းတချို့ပါ။


OSI

"NGO အဖွဲ့အစည်းတွေကို အစိုးရတွေက ပဉ္စမံတပ်သားလို့ ယူဆပြီး ကြောက်ရွံ့လာကြတယ်။ အဲသလို အစိုးရတွေရဲ့ စွပ်စွဲ ကြောက်ရွံ့ခြင်းခံရတဲ့ NGO တွေရဲ့ အများစုကတော့ ဂျော့ခ်ျ ဆိုးရော့စ်က ငွေကြေးထောက်ပံ့နေတဲ့ အဖွဲ့တွေဖြစ်ပါတယ်" လို့ The Christian Science Monitor ရဲ့ ပင်တိုင် ဆောင်းပါးရှင် ဒန်မာဖီက သူ့ရဲ့ "NGO ထောက်ပံ့လှူဒါန်းငွေကို သူတို့ဘာလို့ ကြောက်ကြသလဲ" ဆောင်းပါးမှာ ရေးသားထားပါတယ်။

ဆိုးရော့စ်ဟာ သူ့ကိုယ်သူ ပရဟိတ သမား အလှူ့ရှင်ကြီး အဖြစ် ရည်ညွှန်း ပြောဆိုတတ်တယ်။

ဆိုးရော့စ်ဟာ The Council of Foreign  Relations,  The World Economic Forum, နဲ့ Human Rights Watch (HRW) တို့မှာ ထိပ်တန်းနေရာတွေကို ယူထားသူဖြစ်သလို နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး အဖွဲ့ International Crisis Group ကိုထူထောင်သူလည်း ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဦးသိန်းစိန် အစိုးရတို့ကို ICG ကစောစောစီးစီး ထောက်ခံခဲ့တာတွေဟာ ဆိုးရော့စ်ရဲ့ လက်ရာတွေလို့ ဆိုနိုင်ပါတယ်။ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ကမ္ဘာကပြောလာအောင် ဦးဦးဖျားဖျား အသံထုတ် နှပ်ကြောင်းပေးခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

အမေရိကန်အစိုးရလို နိုင်ငံကြီးတခုအနေနဲ့  ဦးသိန်းစိန်ကို ထောက်ခံဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်း လုပ်ဖို့ဆိုတာ အရင်က ပြောထားတဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး စံချိန်စံညွှန်းတွေကို ချက်ချင်းခါချပြီး ငါစိတ်ပြောင်းသွားပြီ၊ ငါမင်းတို့ကို ထောက်ခံလိုက်တော့မယ်၊ အရင် ဒီမိုကရေစီသမားတွေ နေရစ်ခဲ့ကြတော့လို့ ပစ်ပစ်ခါခါ ပေါ်ပေါ်ထင်ထင် ကောက်လုပ်လိုက်လို့ ရတာမျိုး မဟုတ်ဘူး။ ဦးသိန်းစိန်ကို ထောက်ခံဖို့အတွက် တဘက်မှာ ဦးသန်းရွှေ ၊ ဦးသိန်းစိန်တို့ကို အပြောင်းအလဲ လေသံ ထုတ်ပေးဖို့ ၊ ဟန်ပြဖြစ်ဖြစ် ပြောင်းလဲပြဖို့ နားချရပါတယ်။ ဒါနဲ့တွင် မရသေးပါဘူး။ ဦးသိန်းစိန်ကောင်းကြောင်း ဦးသိန်းစိန် ဒီမိုကရေစီ အပြောင်းအလဲတွေ လုပ်နေပြီဖြစ် ကြောင်း ရှေ့ကနေ နှပ်ကြောင်းပေး လမ်းဖွင့်ပေးမယ့် လူတွေ အသံထုတ်ပေးမယ့်လူတွေ လိုအပ်တယ်။ အဲဒီလို အလုပ်မျိုးတွေကို ဆိုးရော့စ်ရဲ့ ICG လိုအဖွဲ့မျိုးက အရင်ဆုံး ဦးဆောင်လုပ်ပေးခဲ့တယ်။ ဆိုးရော့စ် နဲ့ ထဲထဲဝင်ဝင် ပတ်သက်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့  HRW (Human Right Watch) လိုအဖွဲ့မျိုးက တဖြည်းဖြည်း နောက်ကလိုက်ပေး တယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့  HRW တို့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး အဖွဲ့ ICG တို့ဆိုတာ မီဒီယာကို ရှေ့က ဦးဆောင်နိုင်သူတွေလည်း ဖြစ်ကြတယ်။ HRW တို့ ICG တို့ ဆိုတာ သူတို့က ကြေညာချက် တစောင် ထုတ်ပြီး အဲဒီကြေညာချက်မှာ မြန်မာဆိုတဲ့ စာလုံးတလုံးပါတာနဲ့ ပြည်ပ အသံလွှင့် ဌာနတွေက သတင်းချက်ချင်းရေး အင်တာဗျူးချက်ချင်းမေးပြီး အသံလွှင့်ကြတဲ့ အဖွဲ့အစည်းမျိုးဖြစ်တယ်။ HRW တို့ ICG တို့ဟာ မီဒီယာကို ထိန်းချုပ်ထားနိုင်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြတယ်။ သတင်းကို ဖန်တီးပေးနိုင်တဲ့ သြဇာရှိ အဖွဲ့အစည်းတွေ ဖြစ်ကြတယ်။ ဒီလိုနည်းမျိုးနဲ့ ဆိုးရော့စ်ရဲ့ အဖွဲ့အစည်းတွေဟာ ဦးသိန်းစိန်ကို ပြုပြင်ရေးသမား နာမည်ထွက်အောင် ဆောင်ရွက်ခဲ့တယ်။

ဆိုးရော့စ်ဟာ အရင်းအနှီးရဲ့ မျက်နှာ တခုတည်းပဲ ကြည့်တတ်သူဖြစ်ပါတယ်။ သူ့အနေနဲ့ နိုင်ငံတွေရဲ့ နိုင်ငံ ရေးမှာ ပါဝင်စွက်ဖက်သမျှဟာလည်း အဲသလို စွက်ဖက်ပြီးရင် အဲဒီနိုင်ငံကနေ သူလှူထား၊ ရင်းထားသမျှရဲ့ အဆပေါင်းများစွာ ပြန်လည်ရအောင် ယူခဲ့တာချည်းပဲ ဖြစ်တယ်။ အခုသူဟာ မြန်မာပြည်မှာ ဒီမိုကရေစီ အစိုးရပေါ်လာမှာကို မစောင့်နိုင်တော့ဘူး။ အတိုက်အခံတွေက ဒီမိုကရေစီအစိုးရ ဖြစ်အောင် မလုပ်နိုင်တော့တဲ့အခါ ဆိုးရော့စ်ဟာ ဦးသိန်းစိန်ကို ဒီမိုကရေစီနာမည်တပ်ပြီး မြန်မာပြည်မှာ စီးပွားရေး ဝင် လုပ်ဖို့ ခြေလှမ်းလာတာဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ သူဟာ အာရှစီးပွားရေးကို ကမောက်ကမ ဖြစ်အောင်လုပ်ခဲ့ဖူးတယ်။ ထိုင်းစီးပွားရေး ပြိုလဲတဲ့အထိ စတော့ရှယ်ယာ ဈေးကစားခဲ့တယ်။ ထိုင်းနိုင်ငံရေးသမား တယောက်က ဂျော့ခ်ျဆိုးရော့စ်ဟာ ဒရက်ကူလာလို့ခေါ်တဲ့ သွေးစုပ်ဖုတ်ကောင်ပါပဲ လို့ဆိုတယ်။ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကလည်း ၁၉၉၇ အာရှ စီးပွားရေးပျက်စီးရတာတခုလုံးဟာ ဆိုးရော့စ်ရဲ့ Quantum Fund လက်ချက်လို့ ပြစ်တင်ဝေဖန်ခဲ့တယ်။

ယူဂိုစလားဗီးယားနိုင်ငံမှာ အသက်များစွာပေးဆပ်ခဲ့ရပြီး နိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ရတဲ့ ဖြစ်စဉ်မှာ လည်း ဘဏ္ဍာရေး ကဏ္ဍကနေ အဓိက လှုပ်ရှားခဲ့သူဟာ ဂျော့ခ်ျဆိုးရော့စ် ဖြစ်ပါတယ်။

၁၉၉၂ စက်တင်ဘာမှာတော့ ဗြိတိသျှ ပေါင်စတာလင်ငွေကို ဘဏ္ဍာရေး ဈေးကွက်မှာ သူဝင် ငွေကစားပြီး တနေ့တည်းနဲ့ ဒေါ်လာသန်း တထောင် အမြတ်ယူခဲ့ဖူးတယ်။ ပေါင်စတာလင်ငွေကြေးကတော့ ကမောက်ကမ ဖြစ်ပြီး ငွေတန်ဖိုး ထိုးကျသွားခဲ့တယ်။ အဓိပ္ပါယ်ကတော့ အင်္ဂလိပ်လူမျိုးတယောက်ချင်းစီရဲ့ ငွေဟာ အင်္ဂလိပ်တွေ မသိလိုက်ရဘဲ ဆိုးရော့စ် အိတ်ထဲရောက်သွားတာပါပဲ။ ဒါပေမဲ့ သူ့ကြောင့် အင်္ဂလိပ်ဆင်းရဲသားတွေ ဘယ်လောက် ဒုက္ခရောက်သွားမလဲဆိုတာကို ဆိုးရော့စ်က မစဉ်းစားပါဘူး။

ဒါနဲ့ ပတ်သက်လို့ "ဘဏ္ဍာရေး ဈေးကွက်မှာ ငွေကစားတဲ့အခါ လုပ်သင့်မလုပ်သင့် ဆိုတာတွေ ကိုယ်ကျင့်တရားစံနှုန်းတွေနဲ့ ကိုက်မကိုက် ဆိုတာတွေကို ကျုပ်ဘယ်တော့မှ မစဉ်းစားဘူး" လို့ ဆိုးရော့စ် ကိုယ်တိုင်က ပြောခဲ့ဖူးပါတယ်။ "စီးပွားရေး လုပ်တဲ့အချိန်မှာ ကျင့်ဝတ်တွေ သိက္ခာတွေကို ထည့်တွက်နေ တာဟာ ကိုယ့်လက်ကိုယ် ကြိုးနဲ့ တုတ်ထားတာဖြစ်တယ်။ အောင်မြင်မှုမရနိုင်ဘူး" လို့ ၂၀၀၃ ခုစက်တင်ဘာ လက အင်တာဗျူးတခုမှာ သူကိုယ်တိုင် ထုတ်ပြောခဲ့တယ်။

ကျနော်တို့ဟာ နိုင်ငံတော် အစိုးရတွေက ဒါပဲသုံး၊ ဒါပဲ တရားဝင်တယ်လို့ သတ်မှတ်ပေးထားတဲ့ ငွေစက္ကူလေးတွေကို ကျပ်တသောင်းနှစ်သောင်း ရဖို့အရေး ၊ လေးငါးဒေါ်လာရဖို့ အရေး ချွေးပြိုက်ပြိုက် ကျအောင် အလုပ်လုပ်နေချိန်မှာ ဆိုးရော့စ်လို သန်းထောင်ချီချမ်းသာတဲ့ သူဌေးကြီးတွေက ကျနော်တို့ ရမယ့်ငွေကို စက္ကူစုတ်ဖြစ်အောင် လုပ်ပစ်ပြီး သူတို့ အတွက် အမြတ်အစွန်း ရှာဖွေနေပါတယ်။

ပြင်သစ်ဘဏ်ရဲ့ စတော့ရှယ်ယာကို ၁၉၈၈ ခုနှစ်တုန်းက အတွင်းသတင်းနှိုက်ပြီး ဈေးကစားခဲ့မှု (Insider trading ) နဲ့ ၂၀၀၂ ခုနှစ်မှာ သူ့ကို ပြင်သစ် အစိုးရက တရားစွဲပြီး ဒေါ်လာ ၂ သန်းဒဏ်ငွေရိုက်တာလည်း ခံခဲ့ရတယ်။

တကြိမ်မှာတော့ အမေရိကန် သမ္မတဖြစ်လာမယ့် ဂျော့ခ်ျဘုရှ် အငယ်ရဲ့ Spectrum 7 ကုမ္ပဏီ ခွက်ခွက်လန် ရှုံးပြီး ဒေါ်လာ သန်းချီကြွေးတင်မယ့်အချိန်မှာ ဆိုးရော့စ်ဟာ အမှိုက်ဖြစ်တော့မယ့် ရှယ်ယာတွေကို ဝယ်ပြီး အသက်ဆက် ပေးခဲ့ဖူးတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆိုးရော့စ်က ဘယ်လိုပြောခဲ့သလဲ ဆိုတော့ "ကျုပ်ဝယ်လိုက်တာဟာ နိုင်ငံရေးသြဇာကို ပိုက်ဆံပေးဝယ်လိုက်တာ" လို့ ပြောခဲ့တယ်။

ဆိုးရော့စ်ဟာ အာဖရိက၊ လက်တင်အမေရိက၊ ကရစ်ဘီယံ၊ အာရှတို့မှာရှိတဲ့ တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ ပညာရှင်တွေကို ဝယ်ယူပါတယ်။ နောင်တချိန်မှာ နိုင်ငံရေးအာဏာရလာမယ့်သူ၊ ဒါမှ မဟုတ် နောင်တချိန်မှာ နိုင်ငံရေး သြဇာရှိလာမယ့်သူလို့ သူယူဆတဲ့သူတွေကို ငွေကြိုပေးစနစ်နဲ့ ဝယ်ယူတာ ဖြစ်ပါတယ်။ အဲသလိုဝယ်ယူတဲ့အခါမှာလည်း များသောအားဖြင့် ဗြောင်ငွေပေး ဝယ်ယူလေ့ရှိပါတယ်။

ဆိုးရော့စ်ဟာ သူ့ကိုယ်သူ အမေရိကန်နဲ့ မပတ်သက်သူလို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ဘက်တော်သား အများစုကတော့ သူ့ကို စီအိုင်အေလူလို့သာ သတ်မှတ်လေ့ရှိပါတယ်။

နယူးယောက်က သမိုင်းဘာသာသင်တဲ့ အထက်တန်းပြဆရာမတယောက်လည်း ဖြစ်ပြီး နိုင်ငံရေးတက် ကြွ လှုပ်ရှားသူ တယောက်လည်း ဖြစ်တဲ့ ဟဲသာ ကော့တင် က ဆိုးရော့စ်နဲ့ ပတ်သက်ပြီး ရေးသားတဲ့ နယ်ချဲ့ဝါဒ မှော်ဆရာ သို့မဟုတ် နှစ်ဖက်ချွန် သူလျှို ဆိုတဲ့ ဆောင်းပါးမှာ အခုလို ရေးခဲ့တယ်။

          "စီအိုင်အေနဲ့ ဆိုးရော့စ်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ တထပ်တည်းဖြစ်ပါတယ်။ သူတို့နှစ်ဖွဲ့စလုံးဟာ     ဆိုရှယ်လစ် ဝါဒ ပျက်စီးရေး ရည်မှန်းချက်နဲ့ ဆောင်ရွက်သူတွေသာဖြစ်ပါတယ်။      တောင်အာဖရိကမှာ စီအိုင် အေက ကွန်မြူနစ် အတိုက်အခံတွေကို ရှာဖွေဖော်ထုတ်ရာမှာ          ဆိုးရော့စ်ရဲ့ အကူအညီကို ရယူခဲ့တယ်။ ဟန်ဂေရီ၊ ပိုလန်၊ ဆိုဗီယက်ယူနီယံ တို့မှာ စီအိုင်အေ၊         NED ၊ AFL-CIO ၊ USAID တို့ဟာ ဆိုးရော့စ်ရဲ့ Open Society Fund ကခန့်ထားတဲ့ ဝန်ထမ်းတွေ    ရဲ့ အကူအညီရယူပြီး ကွန်မြူနစ် ဆန့်ကျင်ရေး လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။     ဆိုးရော့စ် ကိုယ်တိုင်ကလည်း "နိုင်ငံတိုင်းမှာ ရှိတဲ့ အဖွဲ့အစည်းတွေ ဟာ           ဘာနိုင်ငံရေးအရောင်အသွေး ရှိသလဲဆိုတာ ကျုပ်ကလေ့လာပြီး ကျုပ်နဲ့ နိုင်ငံရေး           အမြင်တူသူတွေဆိုရင် ထင်ရှားသူဖြစ်စေ၊ မထင်ရှားသူဖြစ်စေ၊ အဲဒီလိုလူတွေကို ရှာဖွေ စုစည်း            ထောက်ပံ့ပေးနေတယ်" လို့ ဖွင့်ပြောပါတယ်။" 

ရုရှား ဘီလျံနာ သူဌေးကြီး ဘောရစ် ဘရက်ဇော့ဗ်စကီ ကတော့ ဆိုးရော့စ်ဟာ စီအိုင်အေဖြစ်ကြောင်း သူသိခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားပြီး "ဆိုးရော့စ်ဟာ စီအိုင်အေ သူလျှိုဆိုတာကို သိလိုက်ရတော့ ကျနော်ဖြင့် သတိမေ့မတတ် လန့်သွားမိတယ်" လို့ ဆိုပါတယ်။


တကယ်တန်း ဆိုးရော့စ်ဟာ စီအိုင်အေ သူလျှိုပါလို့ အထောက်အထားပြပြီး အတိအကျ လက်ဆုပ်လက်ကိုင် ပြောဖို့ ခက်ပေမဲ့ သူ့အဖွဲ့ အစည်းတွေမှာ သူခန့်ထားတဲ့လူတွေကို ကြည့်ရင်တော့ သူဘယ်လိုလူဆိုတာကို ခန့်မှန်းလို့ရပါတယ်။

ဆိုးရော့စ် အဖွဲ့တွေထဲမှာ သြဇာအကြီးဆုံး အဖွဲ့တဖွဲ့က ၁၉၈၆ ခုမှာ တည်ထောင်ခဲ့တဲ့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး အဖွဲ့ပါ။ အဲဒီအဖွဲ့ကို အမေရိကန် နိုင်ငံရေးနဲ့ ထောက်လှမ်းရေးဆရာကြီးတွေနဲ့ ဖွဲ့စည်း ထားပါတယ်။ ဒါရိုက်တာအဖွဲ့ထဲမှာ အမေရိကန် သမ္မတတွေရဲ့ နိုင်ငံရေး အကြံပေး ဇဘစ်နျူးဘာဇင်စကီ ပါပါတယ်။ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း မော်တန် အဘရာမိုဝစ်ဇ်၊ နေတိုး ရဲ့ ဥရောပ စစ်ဦးစီးချုပ်ဟောင်း ဝက်စလီ ကလပ်၊ အမေရိကန် လုံခြုံရေး အကြံပေးဟောင်း ရစ်ချတ်အယ်လင်၊ တို့ပါဝင်ပါတယ်။ ရစ်ချတ်အယ်လင်ဟာ အီရန်ကွန်ထရာ အရေးမှာ နာမည်ပျက်နဲ့ ကျော်ကြားခဲ့သူပါ။

ဆိုးရော့စ်ဟာ ဟင်နရီ ကစ်ဆင်းဂျား ၊ ဗားစလပ်ဟာဗယ်၊ ပိုလန်ဗိုလ်ချုပ် ဗွိုက်ချက် ယာရူဇက်ဆကီ တို့ရဲ့ မိတ်ဆွေကြီးလည်း ဖြစ်ပါတယ်။ ဒလိုင်းလားမားနဲ့ ရုရှား သမ္မတဟောင်း မီဟိုင်း ဂေါ်ဘာချော့ဗ် တို့ကိုတော့ ဆန်ဖရန်စစ္စကိုမှာ အင်စတီကျုတွေ၊ ဖောင်ဒေးရှင်းတွေဖွင့်ဖို့ အဆောက်အဦးပေးထားပါတယ်။ တရုတ်နိုင်ငံ က ဒလိုင်းလားမား ၊ ရုရှားနိုင်ငံက ဂေါ်ဘာချော့ဗ်တို့ကို ဒီလို မြှောက်စားထားတာ အကြောင်းရှိပါလိမ့်မယ်။

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ၊ Waldorf-Astoria ဟိုတယ်မှာ World Economic Forum က အစည်းအဝေးလုပ်နေချိန်မှာ လူထုအမြောက်အများက ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ဆန္ဒပြပွဲ ဆင်နွှဲခဲ့ တယ်။ အဲဒီအချိန်မှာ ဆိုးရော့စ်ဟာ အမေရိကန်ရဲ့ တခြားအရေးပါတဲ့ ဝါဒဖြန့်ချိသူတွေဖြစ်ကြတဲ့ ဇဘစ်နျူး ဘာဆင်စကီ၊ ဆင်မြူရယ် ဟန်တင်တန်၊ ဖရန်စစ် ဖူကူယားမား တို့နဲ့ အတူ မိန့်ခွန်းပြောဖို့ စောင့်ဆိုင်းနေ ချိန်ပါ။ သူတို့အားလုံးဟာ အမေရိကန် မွေးထားတဲ့ လက်ရွေးစင် ဝါဒဖြန့်ချိရေးသမားတွေ ချည်းပါပဲ။ ဆိုးရော့စ်ဟာ အမေရိကန်ရဲ့ ပေါ်လစီဖန်တီးသူတွေ ၊ ဝါဒဖြန့်ချိသူတွေ၊ စီအိုင်အေ၊ NED လို အဖွဲ့တွေနဲ့ နီးနီးကပ်ကပ်လက်တွဲ အလုပ်လုပ်သူဖြစ်ပါတယ်။

အထက်မှာ ပြောခဲ့သလိုပဲ ဆိုးရော့စ်ဟာ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးကို ဖျက်စီးပြီး သူ့အတွက် ဒေါ်လာ သန်းထောင်ချီ အမြတ်ထွက်အောင် လုပ်တတ်သလို အမေရိကန်သမ္မတလောင်းအပါအဝင် ကမ္ဘာတဝန်းက တော်လှန်ရေးသမား၊ နိုင်ငံရေသမားတွေကို ဒေါ်လာ သန်းချီပေးဝယ်တတ်သူတယောက်လည်း ဖြစ်ပါတယ်။

ဒီလို ငွေပုံပေါ်ထိုင်ပြီး နိုင်ငံရေးသမားတွေကို ခိုင်းစားတတ်တဲ့ ဆိုးရော့စ် အတွက်တော့ ဗမာပြည်က နိုင်ငံရေးသမားတွေဟာ သိပ်ဈေးချိုပါလား၊ သိပ်အရတော်လှပါလားလို့ တွေးနေမှာ ဧကန်ဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့ ဆိုးရော့စ် ဘယ်လိုလူလဲ ဆိုတာ ထင်ထင်ရှားရှား မြင်သာအောင် သူပြောတဲ့ စကားတခွန်းကို ကိုးကားချင်ပါတယ်။ "ရှေးတုန်းက ရောမခေတ်မှာ ရိုမန်တွေပဲ မဲပေးခွင့်ရတယ်။ အဲဒါဟာ ရောမခေတ်ဒီမိုကရေစီပဲ။ ဒီနေ့ ဂလိုဘယ် အရင်းရှင်ခေတ်မှာတော့ တကမ္ဘာလုံး အတွက် အမေရိကန်တွေပဲ မဲပေးခွင့်ရတယ်။ အဲဒါဟာ ဒီနေ့ခေတ် ဒီမိုကရေစီပဲ" လို့ ဆိုးရော့စ် ပြောတဲ့စကားဟာ ဆိုးရော့စ် ဘယ်လိုလူဆိုတာကို အကောင်းဆုံး သရုပ်ဖော်နိုင်တဲ့စကားဖြစ်ပါလိမ့်မယ်။

နောက်တပိုင်းမှာ NED အကြောင်းရေးပါမယ်။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

ကိုးကား

George Soros : Imperial Wizard / Double Agent by Heather Cottin
George Soros : Prophet of an "Open Society"  by Karen Talbot
George Soros's and the Neo-Cons' Control of Washignton's Propaganda Program by Wayne Madsen
George Soros background / bio by Susannah
NGOs and the fifth column by Bharat Jhunjhunwala
Why do they hate our NGO funding? by Dan Murphy
Newstatesman Profile of George Soros by Neil Clark
Open Society Institute by sourcewatch website


နိုင်ငံရေးသမားရောင်းရန်ရှိသည် အပိုင်း ၄ နိဂုံး (မြန်မာနိုင်ငံရေးသမားတွေနဲ့ NED ကွန်ရက်)

January 9, 2014 at 12:14pm
နိုင်ငံရေးသမားရောင်းရန်ရှိသည် အပိုင်း ၄ နိဂုံး
(မြန်မာနိုင်ငံရေးသမားတွေနဲ့ NED ကွန်ရက်)

နာမည်နဲ့ လုပ်ရပ် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ အဖွဲ့တဖွဲ့ကတော့ NED ပါ။ နာမည်က National Endowment for Democracy ဒီမိုကရေစီ ကူညီထောက်ပံ့ရေး အဖွဲ့ပါ။ လက်တွေ့ဆောင်ရွက်ချက်တွေက တော့ ဒီမိုကရေစီကို ဟန့်တားတဲ့ လုပ်ရပ်၊ သူတပါး နိုင်ငံရဲ့ နိုင်ငံရေးကို ကိုယ့်အကျိုးစီးပွားနဲ့ တသားတည်းဖြစ်အောင် ခြယ်လှယ်တဲ့ လုပ်ရပ်တွေချည်းပါပဲ။

နာမည်ခံတာက ဒီမိုကရေစီ ၊ လက်တွေ့လုပ်တာက သူတို့ အကျိုးပါ။ သူတို့ အကျိုးဆိုတာ အမေရိကန် ပြည်သူတို့ရဲ့ အကျိုးစီးပွားလို့ အဓိပ္ပါယ် မထွက်ပါဘူး။ အရင်းရှင် ကော်ပိုရေးရှင်းကြီးတွေ ၊ ကမ္ဘာ့ အချမ်းသာဆုံး လက်တဆုပ်စာ လူတွေရဲ့ အကျိုးစီးပွားလို့သာ အဓိပ္ပါယ်ထွက်ပါတယ်။ NED တို့ CIA တို့ဟာ အဲဒီ ကမ္ဘာ့အချမ်းသာဆုံး ကော်ပိုရေးရှင်း၊ ကမ္ဘာ့အချမ်းသာဆုံး လက်တဆုပ်စာကိုပဲ ကိုယ်စားပြုပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး လက်တဆုပ်စာကို ကိုယ်စားပြုပြီး၊ အများစု အလုပ်သမား ၊ လယ်သမားတွေကို ဆန့်ကျင်ခြင်း၊ ကမ္ဘာ့ဆင်းရဲသားထုကြီးကို ဆန့်ကျင်ခြင်းကိုယ်၌သည်ပင် ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက် ဖြစ်လာပါတယ်။

ကော်ပိုရေးရှင်းကြီးတွေ အတွက်တော့ အမြတ်အစွန်းဟာ အဓိက ရည်မှန်းချက် ဖြစ်ပြီး အဆုံးစွန် မျှော်လင့်ချက်က ဘာမဆို ရောင်းနိုင်ခွင့် ဘာမဆိုဝယ်နိုင်ခွင့် ဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာ အမေရိကန်ပဲလို့ ထင်နေသူတွေ ၊ အမေရိကန်ဆိုတာ ဒီမိုကရေစီပဲလို့ ထင်နေသူတွေ အတွက်တော့ National Endowment for Democracy ဒီမိုကရေစီ ကူညီထောက်ပံ့ရေး အဖွဲ့ ဆိုတဲ့ နာမည်လှလှလေးကြောင့် ချက်ချင်းကြွေသွားလောက်ပါတယ်။ အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီ ဖျက်ဆီးတဲ့လုပ်ရပ်တွေကို စောင့်ကြည့်နေသူ အမေရိကန်ပြည်တွင်း ဒီမိုကရက်နဲ့ ကမ္ဘာတဝန်းက ဒီမိုကရက်တွေ အတွက်တော့ NED ဟာ ကြောက်စရာကောင်းလောက်အောင် အန္တရာယ်ကြီးတဲ့ အဖွဲ့အစည်း တခုဖြစ်နေပါတယ်။

NED ကို ၁၉၈၃ ခုနှစ် သမ္မတ ရေဂင် လက်ထက်မှာ ဖွဲ့စည်းခဲ့တယ်။ ၁၉၇၀ ကျော်ကာလမှာ ဝါးတားဂိတ် အရေး ပေါ်ပေါက်ပြီး သမ္မတ နစ်ဆင်ဟာ သူ့ရဲ့ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်ကြောင့် ရာထူးက နှုတ်ထွက် သွားရတယ်။ ဒီဖြစ်စဉ်ရဲ့ နောက်မှာ စီအိုင်အေဟာ လွှတ်တော်ကော်မတီပေါင်းစုံရဲ့ ဆက်တိုက် စုံစမ်း စစ်ဆေးမှုတွေကို နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရတယ်။ သီတင်းပတ်တိုင်းလောက်မှာ စီအိုင်အေ သတင်းတွေ တက်နေတယ်။ စီအိုင်အေရဲ့ ဥပဒေချိုးဖောက်မှုတွေသာမက၊ တခါတရံမှာ ရာဇဝတ်မှုကျူးလွန်တာတွေပါ ပေါ်ထွက်လာတယ်။ စီအိုင်အေအဖွဲ့ဟာ အကြီးအကျယ်နာမည်ပျက်ပြီး အုပ်ချုပ်သူ အစိုးရအဖွဲ့အတွက် လည်း အရှက်ရစရာ ဖြစ်လာတယ်။

ဒီလိုအခြေအနေမှာ တခုခုလုပ်မှ ဖြစ်တော့မယ်လို့ အမေရိကန်အစိုးရက စဉ်းစားမိလာတယ်။ မှန်ပါတယ်။ သူတို့ တခုခုလုပ်ခဲ့ပါတယ်။ အဲဒီတခုခုဟာ စီအိုင်အေရဲ့ ဆိုးဝါးလှတဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်လိုက် တာလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ တကယ်လုပ်လိုက်တာက စီအိုင်အေရဲ့ ဆိုးဝါးလှတဲ့ လုပ်ရပ်တချို့ကို နာမည်လှလှ ပေးထားတဲ့ အဖွဲ့အစည်းသစ်ကို လွှဲပြောင်းပေးပြီး လုပ်ခိုင်းလိုက်တာပါပဲ။ အဲဒီအဖွဲ့ကတော့ တခြား မဟုတ်ဘူး။ ဒီမိုကရေစီ ကူညီထောက်ပံ့ရေးဆိုတဲ့ NED ပါပဲ။ တချိန်က စီအိုင်အေက လျှို့ဝှက်လုပ် ဆောင်တဲ့ အလုပ်တွေကို ဗြောင်လုပ်ခွင့်ရတဲ့ အဖွဲ့အစည်းဟာ NED ဖြစ်လာပါတယ်။

စီအိုင်အေ အရာရှိဟောင်း ဖြစ်တဲ့ ဖိလစ် အေဂျီး (Philip Agee) က "စီအိုင်အေ အရာရှိဟောင်း တဦးပြောပြသော အရပ်ဘက် အဖွဲ့အစည်းများကို အသုံးပြု၍ အစိုးရများကို ဖြုတ်ချရန် အမေရိကန်၏ ကြံစည်ဆောင်ရွက်မှုများ" ဆိုတဲ့ ဆောင်းပါးမှာ NED စတင်ပေါ်ပေါက်လာပုံနဲ့ ပတ်သက်ပြီး အခုလို ရေးသားခဲ့ပါတယ်။

          "၁၉၈၃ ခုနှစ်မှာ လုပ်ငန်းစဉ်အသစ်တွေကို ဆောင်ရွက်ဖို့ NED ဆိုတဲ့ အဖွဲ့အစည်းသစ်ကို     ဖွဲ့စည်းလိုက်တယ်။ လုပ်ငန်းစဉ်အသစ်ဆိုပေမဲ့ တကယ်တန်း အသစ်တွေတော့ မဟုတ်ပါဘူး။    ၁၉၄၇ ခုနှစ်က စပြီး စီအိုင်အေဟာ အစိုးရမဟုတ်တဲ့ နိုင်ငံခြား အဖွဲ့အစည်းတွေကို      လျှို့ဝှက်ငွေထောက်ပံ့ပြီး ကြိုးကိုင်ကစားတဲ့ အလုပ်တွေ လုပ်ခဲ့ပြီးသားပါ။
          စီအိုင်အေရဲ့ အဲဒီကြီးမားတဲ့ စစ်ဆင်ရေး ကြီးဟာ ကမ္ဘာနဲ့ချီကျယ်ပြန့်ပြီး နိုင်ငံရေးပါတီတွေ၊    အလုပ်သမား သမဂ္ဂတွေ၊ စီးပွားရေး အဖွဲ့အစည်းတွေ၊ လူငယ်နဲ့ ကျောင်းသား အဖွဲ့အစည်းတွေ၊        အမျိုးသမီးအုပ်စုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဘာသာရေး အစည်းအရုံးတွေ၊    ပညာရှင်အဖွဲ့တွေ၊ ယဉ်ကျေးမှု အဖွဲ့တွေနဲ့ သတင်းလုပ်ငန်းတွေကို ပစ်မှတ်ထားချဉ်းကပ်ခဲ့ပါတယ်။           ပြည်တွင်းရော ပြည်ပမှာပါ ကွန်ရက်ဖြန့်ကျက် ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
          နှစ်ပေါင်းများစွာကာလတွေ အတွင်းမှာ စီအိုင်အေဟာ ကန့်လန့်ကာနောက်ကွယ်ကနေ        သြဇာလွှမ်းမိုးပြီး တနိုင်ငံပြီး တနိုင်ငံ တဖွဲ့ပြီး တဖွဲ့မှာ အားကောင်းတဲ့ လူပုဂ္ဂိုလ်တွေကို အသုံးပြုပြီး        လက်ဝဲအဖွဲ့အစည်းတွေ ကို ချေမှုန်းခဲ့တယ်။ အစိုးရတွေကို ဖြုတ်ချခဲ့ပါတယ်။
          စီအိုင်အေရဲ့ အဲဒီအလုပ်ကို NED လက်လွှဲလိုက်တာဖြစ်ပါတယ်။"

NED ဖွဲ့စည်းရေး ဥပဒေမူကြမ်းကို ရေးဆွဲရာမှာ ပါဝင်ခဲ့သူ အယ်လင် ဝိန်းစတိန်းကလည်း ၁၉၉၁ ခုနှစ်မှာ ပြောကြားရာမှာ "အခုအချိန်မှာ NED ကလုပ်နေတဲ့ အလုပ်အများအပြားဟာ အရင်တုန်းက စီအိုင်အေက ပုန်းလျှိုးကွယ်လျှိုး လုပ်ခဲ့တဲ့ အလုပ်တွေပါပဲ" လို့ပြောခဲ့ပါတယ်။

NED ဝက်ဘ်ဆိုက်စာမျက်နှာမှာ ရေးသားထားချက်အရ NED ဟာ လူ့အခွင့်အရေး ဆောင်ရွက်တဲ့ သူတွေ ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ ဥပဒေစိုးမိုးရေး ဆောင်ရွက်သူတွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ( လူထုအခြေပြုအဖွဲ့အစည်းတွေ)ကို တိုက်ရိုက်ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။

NED ဟာ ကမ္ဘာတလွှားက ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို ပုဂ္ဂလိကနည်း၊ အစိုးရနဲ့ မသက်ဆိုင်တဲ့နည်း နဲ့ ထောက်ပံ့ကူညီဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလို့လည်း ဆိုပါတယ်။ ဒီနေရာမှာ "အစိုးရနဲ့ မသက်ဆိုင်တဲ့" ဆိုတဲ့စကားကို အထူးသတိပြုဖို့လိုပါတယ်။ NED ဟာသူ့ကိုယ်သူ အစိုးရနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းပါ NGO ပါလို့ ရည်ညွှန်းပြောဆိုလေ့ရှိပါတယ်။ ဒါဟာ သူ့အဖွဲ့အစည်းက ကိုယ့်ကိုယ်ကိုယ် ပြောတဲ့အပြော၊ ကိုယ့်ကိုယ်ကိုယ် ပုံဖော်တဲ့ ပုံရိပ်ဖြစ်ပါတယ်။ ဒါပေမဲ့ NED ငွေအားလုံးနီးပါးဟာ အစိုးရဆီကလာတဲ့ ငွေတွေ ဖြစ်ပါတယ်။ NED ဟာ NGO မဟုတ်ပါဘူး။ GO ပါ။ အစိုးရအဖွဲ့အစည်းဖြစ်ပါတယ်။

NED ဟာ အမေရိကန် ကွန်ဂရက် ဆီကနေ နှစ်စဉ်အချိုးကျ ခွဲတမ်းရပါတယ်။ ကွန်ဂရက်စ်ကနေ အဲသလို ခွဲဝေပေးနိုင်ဖို့ အဓိကငွေကြေးထောက်ပံ့ပေးသူတွေကတော့ National Democratic Institute for International Affairs ( ဒီမိုကရက်တစ်ပါတီနဲ့ ချိတ်ဆက်နေတဲ့ အဖွဲ့အစည်း) ၊ The International Republican Institute (ရီပတ်ဘလစ်ကင်ပါတီနဲ့ ဆက်စပ် အဖွဲ့အစည်း) ၊ American Center for International Labor Solidarity (နိုင်ငံတကာ လက်ဝဲ အလုပ်သမား အဖွဲ့ အစည်းတွေကို ချေမှုန်းဖို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်း) ၊ Center for International Private Enterprise (အမေရိကန် ကုန်သည် ကြီးများအသင်း) တို့ဖြစ်ပါတယ်။

ဒါဆိုရင် NED ဟာ ဘာ့ကြောင့် သူ့ကိုယ်သူ NGO လို့ ပြောချင်တာပါလဲ။ ပထမအချက်က အမေရိကန် အစိုးရရဲ့ နိုင်ငံတကာမှာ ကျူးကျော်စွက်ဖက်တဲ့ ဆောင်ရွက်ချက်တွေနဲ့ NED နဲ့မဆက်စပ်ချင်လို့ပါ။ နောက်တချက် ကတော့ ပိုအရေးကြီးပါတယ်။ နိုင်ငံတော်တော်များများမှာ နိုင်ငံခြားအစိုးရတွေဆီက ရတဲ့ငွေနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ ၊ ကန့်သတ်တဲ့ ဥပဒေပြဌာန်းချက်တွေရှိနေလို့ပါ။ အမေရိကန် အစိုးရကိုယ်တိုင်မှာလည်း အဲသလို ဥပဒေမျိုးရှိပါတယ်။ နိုင်ငံခြားအစိုးရတွေကနေ ငွေကြေးထောက်ပံ့ပြီး နိုင်ငံရေးစွက်ဖက်မှုလုပ်မှာကို ကာကွယ်တားဆီးတဲ့ ဥပဒေပါ။ အမေရိကန်မှာ နိုင်ငံခြား အစိုးရ ထောက်ပံ့ငွေ အသုံးပြုတဲ့ လူတဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ရှေ့နေချုပ်ဆီမှာ မှတ်ပုံတင်ရတယ်။ အသေးစိတ် ဆောင်ရွက်လှုပ်ရှားမှုနဲ့ ဘဏ္ဍာရေး အသေးစိတ် အစီရင်ခံစာ တွေကို ၆ လတကြိမ်တင်ရတယ်။  NED ဟာနိုင်ငံခြားမှာ သူတို့ပေးတဲ့ငွေကို သက်ဆိုင်ရာနိုင်ငံတွေမှာ ပြဌာန်းထားတဲ့ အဲသလို အလားတူ ဥပဒေတွေနဲ့ ကင်းလွတ်ချင်လို့ သူ့ကိုယ်သူ NGO ပါလို့ ပြောနေတာဖြစ်ပါတယ်။

တကယ်တော့ NED ရနေတဲ့ ငွေဟာ အထက်မှာ ပြောခဲ့သလိုပဲ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလစ်ကင် ပါတီတို့ဆီက ငွေက အများစုပဲ။ အဲဒီလို အမေရိကန် အဓိက ပါတီကြီးတချို့ရဲ့ ထောက်ပံ့ငွေကို NED ကနေ တဆင့် တခြားနိုင်ငံက ပါတီတွေကို ထောက်ပံ့နေတာဟာ တကယ်တော့ အမေရိကန် ဥပဒေနဲ့ကို မညီညွတ်ပါဘူး။ အမေရိကန်ထဲက နှစ်ပါတီက တခြားနိုင်ငံက ပါတီတွေကို ကွန်ဂရက်စ်က တဆင့် NED ကတ ဆင့် လွှမ်းမိုးခွင့်ရတယ်ဆိုတာ အမေရိကန် ပါတီအချင်းချင်းကြားမှာ အခွင့်ကောင်းယူတဲ့ လုပ်ရပ် ၊ မမျှတတဲ့ လုပ်ရပ်ပါ။ ဒါဥပဒေနဲ့ မညီပါဘူး။

ဒါ့အပြင် NED က တခြားနိုင်ငံတွေမှာ ငွေထောက်ပံ့သလိုမျိုး တခြားနိုင်ငံက အမေရိကန်မှာ လာလုပ်ရင်လည်း အမေရိကန်က လက်ခံမှာ မဟုတ်ပါဘူး။ ဆိုပါစို့။ တရုတ်နိုင်ငံကနေ သူတို့နဲ့ နီးစပ်တဲ့ အမေရိကန် သမ္မတလောင်း ဒါမှ မဟုတ် အမေရိကန် နိုင်ငံရေးပါတီကို ငွေကြေးအမြောက်အများ ထောက်ပံ့မယ် ဆိုရင် အမေရိကန် အနေနဲ့ ဘယ်လို တုန့်ပြန်မလဲ။ အမေရိကန်ဟာ ပြင်းပြင်းထန်ထန် အရေးယူမှာ မုချ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲသလို လုပ်ရပ်မျိုးနဲ့ အလားသဏ္ဍန်တူတဲ့ လုပ်ရပ်ပေါင်းများစွာကို NED ဟာကမ္ဘာတလွှားမှာ ပြုလုပ်ခဲ့တယ်။

NED ဟာ နိုင်ငံတကာက ရွေးကောက်ပွဲတွေမှာ သူတို့ဟာ ရွေးကောက်ပွဲအကြောင်း ကောင်းကောင်း နားမလည်တဲ့သူတွေကို ရွေးကောက်ပွဲ အကြောင်း ကကြီး ၊ ခကွေး သင်တန်းပေးနေသလို ပြောဆိုလေ့ရှိပါ တယ်။ ဒါပေမဲ့ သူ့သက်တမ်းတလျှောက်မှာ တကယ်တန်းလုပ်တာကတော့ ရွေးကောက်ပွဲတွေမှာ သူလိုချင်တဲ့ဘက်က အနိုင်ရအောင် ငွေအားသုံးပြီး အမျိုးမျိုး ကြိုးကိုင်ခြယ်လှယ် ဆော့ကစား သွားခဲ့တာပဲဖြစ်ပါတယ်။ ဥပမာ တချို့ကို ပြောရရင် ၁၉၉၀ နီကာရာဂွါ ရွေးကောက်ပွဲ၊ ၁၉၉၆ မွန်ဂိုလီးယား ရွေးကောက်ပွဲတို့မှာ သူတို့ကြိုက်တဲ့ အစိုးရ တက်နိုင်အောင် ကူညီထောက်ပံ့ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ ဘူလ်ဂေးရီးယား နိုင်ငံမှာ ဒီမိုကရေ စီနည်းကျကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို သူတို့ မကြိုက်တဲ့ အတွက် ဖြုတ်ချနိုင်အောင် ကူညီခဲ့ပါတယ်။ ၁၉၉၁ နဲ့ ၁၉၉၂ ခုနှစ် အယ်လ်ဘေးနီးယားမှာလည်း အလားတူပြုလုပ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် စလိုဗက်ကီးယား မှာတော့ အမေရိကန် မလိုလားတဲ့ ဝန်ကြီးချုပ် ရှုံးနိမ့်သွားအောင် ငွေကြေးအင်အား သုံးပြီး ဆောင်ရွက်ခဲ့တယ်။ ဗင်နီဇွဲလားနိုင်ငံ သမ္မတ ဟူးဂိုးချားဗက်ဇ် ဟာ အမေရိကန် အစိုးရက အင်မတန် မုန်းတီးသူဖြစ်ပါတယ်။ သူမုန်းတီးတဲ့ ချားဗက်ဇ်ကို သမ္မတရွေးကောက်ပွဲမှာ ရှုံးအောင်၊ အခြေခံ ဥပဒေဆန္ဒခံယူပွဲမှာ ရှုံးအောင် ငွေကြေးအင်အား အလုံးအရင်း အမြောက်အများ အသုံးပြုပြီး အတိုက်အခံ ပါတီကို အကြီးအကျယ် ထောက်ပံ့ခဲ့ပါတယ်။ ဒါပေမဲ့ ဗင်နီဇွဲလားမှာ မအောင်မြင်ခဲ့ပါဘူး။

ဟေတီနိုင်ငံမှာ တိုးတက်တဲ့ ၊ ဒီမိုကရေစီကျတဲ့ အမြင်ရှိသူ သမ္မတ ယွင်း ဘာထရန် အရစ္စတိုက် ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ ညွန့်ပေါင်းအုပ်စုဆိုတဲ့ အဖွဲ့ကို ၁၉၉၀ နောက်ပိုင်းမှာ NED ကတောက်လျှောက် ငွေ ကြေးထောက်ပံ့ကူညီခဲ့ပါတယ်။

NED ဟာ ရံဖန်ရံခါမှာ သူတို့ရဲ့ ငွေကြေးဘက်လိုက်ကူညီမှု အတွက် အကြောင်းပြချက်ပေးရာမှာ သူတို့ဟာ ဗဟုဝါဒကို အားပေးတာ ဖြစ်တယ်၊ အတိုက်အခံနိုင်ငံရေး ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးတာပါလို့ ဆင်ခြေပေးလေ့ရှိပါတယ်။ "နိုင်ငံရေး စနစ်တခုအတွင်းမှာ မိမိအသံကို ထုတ်ဖော်ပြောဆိုခွင့်မရသူတွေ အတွက် ကျနော်တို့က  ထောက်ခံအားပေးနေတာပါ" လို့ NED ရဲ့ အရာရှိ လူဝီဆာ ကုန်းက ပြောပါတယ်။ ဒါပေမဲ့လည်း မက္ကဆီကို၊ အယ်လ်ဆာဗေးဒိုး၊ ဂွါတီမာလာ၊ နီကာရာဂွါ၊ တို့မှာရှိတဲ့ လက်ဝဲ အင်အားစုတွေ ကိုတော့ သူတို့ အသံထွက်ခွင့်ရအောင်၊ အတိုက်အခံအဖြစ် ရပ်တည်နိုင်အောင် အကူအညီ မပေးပါဘူး။ သူတို့ကို အသံမထွက်နိုင်အောင် ငွေကြေးအင်အားသုံးပြီး ဖိနှိပ်ပါတယ်။ ကျူးဘားက အတိုက်အခံကိုတော့ ငွေကြေး အမြောက်အများ ထောက်ပံ့ကူညီပါတယ်။

ကျူးဘားကို ထောက်ပံ့ကူညီပုံဟာ ဆိုရင် အင်မတန် ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။ Cuban-American National Foundation အမေရိကန်ရောက် ကျူးဘားနိုင်ငံသားများ ဖောင်ဒေးရှင်းအဖွဲ့ဆိုတဲ့ ကက်စထရို ဆန့်ကျင်ရေး အဖွဲ့ CANF ကို NED က ဒေါ်လာ ၂ သိန်းခွဲ ထောက်ပံ့ခဲ့ပါတယ်။ CANF အဖွဲ့က လူးဝစ် ပိုဆဒါ ကာရိုင်းစ် ကို ငွေကြေးပြန်လည် ထောက်ပံ့တာဝန်ပေးခဲ့ပါတယ်။ အဲဒီ လူးဝစ် ပိုဆဒါ ကာရိုင်းစ် ဟာ ခေတ်သစ်ကာလ အကြမ်းဖက်မှု သမိုင်းမှာ အကြင်နာတရား အကင်းမဲ့ဆုံး အရက်စက်ဆုံး အကြမ်းဖက် သမား တယောက်ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကျူးဘားလေယာဉ်ကို ဖောက်ခွဲဖျက်ဆီးခဲ့ရာမှာ လူပေါင်း ၇၃ ယောက်သေဆုံးခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ ဟားဗားနား ဟိုတယ်မှာ ဗုံးတွေ ဆက်တိုက်ဖောက်ခွဲ ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ ပနားမားမှာ ကျူးဘား သမ္မတ ဖီဒဲလ် ကက်စထရို မိန့်ခွန်းပြောကြားစဉ် ဗုံးဖောက်ခွဲ လုပ်ကြံခဲ့ပါတယ်။ မအောင်မြင်ပါဘူး။ အဲဒီပွဲမှာကျမှာ သူဟာ ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။

၁၉၉၄ ခုနှစ်ကနေ ၁၉၉၆ ခုနှစ် အတွင်းမှာ NED ဟာ အမေရိကန်ပြည်ထောင်စု လွတ်လပ်တဲ့ လုပ်သား ဖွံ့ဖြိုးရေး အဖွဲ့  Amreican Institute for Free Labour Development အဖွဲ့ကို ၁၅ ကြိမ် ငွေကြေးထောက်ပံ့ခဲ့တယ်။ စုစုပေါင်း ထောက်ပံ့ငွေ ဒေါ်လာ ၂ သန်းခွဲရှိတယ်။ အဲဒီအဖွဲ့ဟာ အမေရိကန် ပြည်တွင်းနဲ့ နိုင်ငံတကာက တိုးတက်တဲ့ အလုပ်သမားသမဂ္ဂတွေကို နှိမ်နင်းဖို့ စီအိုင်အေက ဆယ်စုနှစ် ပေါင်း များစွာ အသုံးပြုခဲ့တဲ့ အဖွဲ့အစည်းပါပဲ။

NED ဟာ နိုင်ငံတကာမှာလည်း အဲဒီနိုင်ငံတွေရဲ့ လက်ဝဲ အလုပ်သမားသမဂ္ဂတွေ ၊ အလုပ်သမား အကျိုး စီးပွား ဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်တဲ့ သမဂ္ဂတွေကို နှိမ်နင်းဖို့ လက်ယာ အလုပ်သမားသမဂ္ဂတွေ ကို ငွေကြေးထောက်ပံ့တယ်။ အဲသလို လုပ်ရပ်တွေကို ပြင်သစ်၊ စပိန် ၊ ပေါ်တူဂီနဲ့ တခြားနိုင်ငံတချို့မှာ လုပ်ခဲ့တယ်။ ၁၉၈၃ ၊ ၁၉၈၄ ခုနှစ်တုန်းက ပြင်သစ်ပြည်မှာ လက်ဝဲယိမ်း ပါမောက္ခတွေရဲ့ အဖွဲ့အစည်းကို ဖြိုခွဲနှိမ်နင်းဖို့ လက်ယာ ပါမောက္ခတွေနဲ့ ကျောင်းသားတွေရဲ့ သမဂ္ဂကို NED ကငွေကြေးထောက်ပံ့ပေးခဲ့ တယ်။

ဒီတော့ မြန်မာနိုင်ငံမှာလည်း ဒီအလားအလာတွေဟာ သတိထားစရာတွေ ဖြစ်လာပါပြီ။  အလုပ်သမား အရေး၊ လယ်သမား အရေးကို တစိုက်မတ်မတ် ဆောင်ရွက်မယ့်သူတွေ ၊  လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ ရေးမူမှာ သန္နိဌာန်ခိုင်ခိုင်မာမာနဲ့ ရေရှည် ဇောက်ချ ဆောင်ရွက်မယ့် သူတွေဟာ တချိန်မှာ NED ရဲ့ ရန်သူဖြစ်လာကြလိမ့်မယ်။ NED က တိုက်ရိုက်ဖြစ်စေ၊ သူထောက်ပံ့ထားတဲ့ လူနဲ့ အဖွဲ့အစည်းတွေ ကနေတဆင့် သွယ်ဝိုက်ပြီးတော့ဖြစ်စေ ချေမှုန်းခံရသူတွေ ဖြစ်လာကြလိမ့်မယ်။

တချိန်က CIA ၊ NED ဟာ မြန်မာစစ်အာဏာရှင်တွေက မုန်းတီးသူဖြစ်ခဲ့ကြတယ်။ စစ်အစိုးရလက်ထက်မှာ စီအိုင်အေကို ဆန့်ကျင်တဲ့ ဆောင်းပါးတွေ ရေးခဲ့ဖူးတာကို မှတ်မိကြမယ် ထင်ပါတယ်။ ဘာ့ကြောင့် အပြန်အလှန် မုန်းခဲ့ကြသလဲ။ အခုဘာ့ကြောင့် ချစ်ကုန်ကြသလဲ။ ဒီအချက်ကို ကျနော်တို့ အလေး အနက်ထား စဉ်းစားကြဖို့ လိုပါတယ်။

အမေရိကန်က စစ်အာဏာရှင်တွေကို မကြိုက်ဘူး ဆိုတာဟာ သူတို့ အရင်းအနှီးတွေ ရင်းနှီးမြှုပ်နှံခွင့် မရတဲ့ အာဏာရှင်တွေကိုသာ မကြိုက်တာဖြစ်ပါတယ်။ ဆော်ဒီအာရေးဗျလို သူတို့ အကျိုးနဲ့ ကိုက်ညီတဲ့ အာဏာရှင်မျိုးဟာ အမေရိကန်ရဲ့ မဟာမိတ်ပါ။ မူဘာရက်လို အီဂျစ် အာဏာရှင်မျိုးဟာလည်း အမေရိကန်ရဲ့ မဟာမိတ်ပါ။ သူတို့ အကျိုးနဲ့ ကိုက်ညီရင် အာဏာရှင်ပေမဲ့ မဟာမိတ်ဖြစ်နိုင်ပါတယ်။ ဆဒန် ဟူစိန်လို အီရတ် အာဏာရှင်တောင်မှ သူတို့ အကျိုးနဲ့ ကိုက်ညီခဲ့စဉ်က အမေရိကန်ရဲ့ မဟာမိတ်ပါ။ လူ ၈ သိန်းလောက်သတ်ပြီး အာဏာရလာတဲ့ အင်ဒိုနီးရှားဆူဟာတိုဟာလည်း နောက်ဆုံးအချိန်အထိ အမေရိကန်ရဲ့ မဟာမိတ်ပါ။ ချီလီပီနိုချေးဟာလည်း သမ္မတ အာယန်းဒေးကို ဖြုတ်ချဖို့ အမေရိကန် တင်ပေးထားတဲ့ အာဏာရှင်ပါ။  အာဏာရှင်တိုင်းကို အမေရိကန်က မမုန်းတတ်ပါဘူး။ အမေရိကန်ဘက်က အာဏာရှင်ကို တကယ်မုန်းပြီဆိုရင် အဲသလို မုန်းတာဟာ သူတို့ကော်ပိုရေးရှင်းကြီးတွေကို လက်ဝါးကြီးအုပ်ခွင့် မပေးတဲ့ အာဏာရှင်မို့သာ ဖြစ်ပါလိမ့်မယ်။

စစ်အစိုးရဘက်ကလည်း အမေရိကန်ကို မုန်းခဲ့တယ်။ ဘာလို့ မုန်းတာလဲ။ သူတို့ဘက်က အစဉ်တစိုက် လိုလားတောင့်တခဲ့ပါလျက်ကယ်နဲ့ ဥပေက္ခာပြုရက်လွန်းလို့ပါ။ ကိုယ့်နေရာမှာကိုယ် ကိုယ့်ဖာသာ  ဗိုလ်ကျစိုးမိုးနေတာကို လွတ်လွတ်လပ်လပ် ဗိုလ်ကျစိုးမိုးခွင့် မပေးလို့ပါ။ သူတို့ကို ဖြုတ်ချမယ် တကဲကဲ လုပ်နေလို့ပါ။ အမေရိကန်ဘက်ကရော ဘာ့ကြောင့် ဖြုတ်ချဖို့ လုပ်ခဲ့သလဲ။ ၈၈ အရေးအခင်းကြီးမှာ ပြည်သူလူထုကြီးတရပ်လုံးက ခါးခါးသီးသီး မုန်းတီးစက်ဆုပ်မှုကို ပြသခဲ့တဲ့ အစိုးရမို့ပါ။ ဒီလိုလူထု မုန်းတဲ့ အစိုးရကို ဖြုတ်ချနိုင်ရင် အမေရိကန်ကို ပြည်သူလူထုက ထောက်ခံကြလိမ့်မယ်ဆိုတာကို သိထားလို့ပါ။

ဒါပေမဲ့ အခုတော့ ဒါတွေဟာ အတိတ်ဖြစ်သွားပါပြီ။ အမေရိကန်ဟာ အာဏာရအောင် မယူနိုင်တဲ့ မြန်မာဒီမို ကရေစီသမားတွေကို မစောင့်နိုင်တော့ပါဘူး။ ဦးသိန်းစိန်ကို ဒီမိုကရေစီ တံဆိပ်ကပ်ပေးလိုက်ပါပြီ။ ဦးသိန်းစိန်နဲ့ အပေါင်းအပါများကလည်း အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ကမ်းလှမ်းကြိုထားပြီး ပါပြီ။ သူတို့အတွက် ဆုံမှတ်တခုကို ရှာတွေ့သွားပါပြီ။ အမေရိကန်အတွက်တော့ ဦးသိန်းစိန် ဒီမိုကရေစီပဲဖြစ်ဖြစ် ၊ ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။ ဒီမိုကရေစီအတုပဲဖြစ်ဖြစ် ၊ ဒီမိုကရေစီ အစစ်ပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။ သူတို့ စီးပွားရေး ဝင်လုပ်ရဖို့က အဓိက ဖြစ်လာပါပြီ။ ပထဝီနိုင်ငံရေးအရ အချက်အချာကျတဲ့ မြန်မာကျားကွက်ကို မဟာဗျူဟာ အရ စိုးမိုးထားရေးက အဓိကဖြစ်နေပါပြီ။

ဒါပေမဲ့ လက်ပံတောင်းလို အဖြစ်အပျက်မျိုးဖြစ်လာရင် အမေရိကန် ကော်ပိုရေးရှင်းကြီးတွေကို အကာအကွယ်ပေးဖို့ မြန်မာအစိုးရက အာမခံရပါလိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ် ပေးတဲ့ စာချုပ်စာတမ်းတွေကို အစိုးရဘက်က ကြိုကြိုတင်တင် ချုပ်ဆိုပေးရပါမယ်။ တချိန်တည်းမှာပဲ အလုပ်သမားအရေး ၊ လယ်သမားအရေး လှုပ်ရှားမယ့်သူတွေ၊ လူ့အခွင့်အရေး ၊ ပတ်ဝန်းကျင်အရေး တောင်းဆိုမယ့်သူတွေနဲ့ ရင်ဆိုင်လာရရင် ကူညီ ဟန့်တားပေးနိုင်မယ့်သူတွေ အမေရိကန်နဲ့ ရင်းနှီးသူတွေ လိုအပ်ပါတယ်။ အဲသလိုလူတွေကို တော့ NED ကငွေပေးမွေးမြူနေပါပြီ။

အမေရိကန် အရင်းရှင်တွေလာရင် တရုတ်အရင်းရှင်တွေလို ခြံစည်းရိုးဖြဲပြီး ဂမူးရှူးထိုး ၊ အငမ်းမရ မလာပါဘူး။ အုံနဲ့ကျင်းနဲ့ လာပါတယ်။ လိုချင်တဲ့ အခင်းအကျင်း ၊ အကွက်အကွင်းကို ကြိုတင်ပြင်ဆင်ပြီးမှ လာပါတယ်။

လိုချင်တဲ့ အခင်းအကျင်း၊ လိုချင်တဲ့ အကွက်အကွင်းဆိုတာ ဘယ်လိုဟာမျိုးလဲ။ အမေရိကန် ကော်ပိုရေးရှင်းကြီးတွေကို အကာအကွယ်ပေးမယ့် ရင်းနှီးမြှုပ်နှံမှု ဥပဒေမျိုးချုပ်ဆို ပေးထားရပါမယ်။ အဲသလို ဥပဒေမျိုး ချုပ်ဆိုနိုင်ဖို့ အမေရိကန် အခြေစိုက် Transnational Institute နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက စည်းရုံးဆောင်ရွက်နေပါပြီ။ အဲဒီ ဥပဒေဟာ လက်ပံတောင်းမှာလို လူထုနဲ့ ပြဿနာ တက်လာရင် ကော်ပိုရေးရှင်းကြီးတွေဘက်က ခိုင်အောင် ၊ ကော်ပိုရေးရှင်းကြီးတွေကို ထိရင် နိုင်ငံတကာ ခုံရုံးအထိတက်ပြီး အရေးဆိုနိုင်အောင် အပိုင်ချုပ်မယ့် စာချုပ်မျိုးပါ။ မြန်မာခရိုနီနဲ့ စစ်အာဏာရှင်ကြီးများရဲ့ အကျိုးကိုသာ ကြည့်တဲ့ ခေါင်းဆောင်ကြီးများကလည်း အဲသလိုစာချုပ်မျိုးကို လက်ခံဖို့ အသင့်ဖြစ်နေပါပြီ။ အဲဒီဥပဒေကြမ်းကို မကြာခင် မြန်မာနိုင်ငံ လွှတ်တော်မှာ အသစ်တင်ဖို့ရှိပါတယ်။ ဒါ့အပြင် အမေရိကန် ဆော့ဖ်ပါဝါဖြစ်တဲ့ NED ရဲ့ကွန်ရက် ဖြန့်ကျက်ပြီးသား ရှိရပါမယ်။ ဒီ့အတွက်လည်း ပိုက်ဆံရရင် ကောင်းတာပဲလို့ လွယ်လွယ်တွေးတဲ့ ဘုမသိဘမသိ နိုင်ငံရေးသမား တော်တော်များများကို စုဆောင်းနေပါပြီ။ နောင်တချိန်လက်တွေ့ အသုံးပြုတဲ့အခါ ကလန်ကဆန်လုပ်မယ့်သူ ၊ အမေရိကန် ဘက်ကနေပြောရရင် စားပြီးနားမလည် လုပ်မယ့်သူဟာ နည်းနည်းပါးပါးလောက်သာ ရှိပါလိမ့်မယ်။ အများစုဟာ သူ့ဆန်စားထားတော့ ရဲရပါတော့မယ်။

ဒီလိုမျိုးလုပ်ရပ်တွေကြောင့် ကမ္ဘာမှာ ဒီမိုကရက်တွေ၊ အလုပ်သမားအရေး ၊ လယ်သမားအရေး လှုပ်ရှားသူ တွေ၊ ဆိုရှယ်ဒီမိုကရက်တွေ၊ အစိုးရမဲ့ဝါဒီတွေ၊ သဘာဝထိန်းသိမ်းရေး အစိမ်းရောင်ပါတီတွေ၊ ဆိုရှယ်လစ်တွေ၊ ကွန်မြူနစ်တွေ၊ စစ်ဆန့်ကျင်ရေးသမားတွေ၊ အမျိုးသမီးရေးလှုပ်ရှားသူတွေက NED ကိုဆန့်ကျင်ကြပါတယ်။ သူတို့ရဲ့ ဆန့်ကျင်မှုဟာ အရင်မြန်မာစစ်အစိုးရက အမေရိကန်ကို ဆန့်ကျင်တဲ့ ဆန့်ကျင်မှုနဲ့ အနှစ်သာရအားဖြင့် ကွဲပြားပါတယ်။

မြန်မာဟာ တရုတ်နိုင်ငံနဲ့ ကပ်ရက်နိုင်ငံဖြစ်ပါတယ်။ တောင်အာရှနဲ့ အရှေ့တောင်အာရှရဲ့ ပေါင်းကူး တံတား ဖြစ်ပါတယ်။ အဲသလို မြန်မာ့မြေမှာ အမေရိကန် ၊ တရုတ် ၊ အိန္ဒိယတို့လို အင်အားကြီးတွေ လာရောက်အားပြိုင်ကြမယ့် ကာလတခုကို ရောက်လာပါပြီ။ ဒီလိုကာလမျိုးမှာ ကျနော်တို့ဟာ ဒေသအမြင်သက်သက်နဲ့ ရေတိုကြည့်လို့ မလုံ လောက်တော့ပါဘူး။ နိုင်ငံတကာအမြင်နဲ့ ကြည့်ဖို့လိုပါပြီ။ နိုင်ငံတကာမှာ သူတို့ ဘယ်လိုလုပ်ခဲ့ကြသလဲ။ အတိတ်ကာလမှာ သူတို့ ဘယ်လို လုပ်ခဲ့ကြသလဲဆိုတာ မသိရင် ရှေ့လာမယ့် အနာဂတ်မှာ သူတို့ ဘာတွေ လုပ်မယ်ဆိုတာကို ကျနော်တို့ ကြိုမြင်နိုင်မှာ မဟုတ်ပါဘူး။

အမေရိကန် ၊ ဥရောပ လက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေ၊ တရုတ်လက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေ ၊ အိန္ဒိယ လက်ဝါးကြီးအုပ် အရင်းရှင်ကြီးတွေကနေ မြန်မာအလုပ်သမားလယ်သမားတွေရဲ့ ဘဝကို တိုက်စား ချေမွသွားမယ့် ရန်ကို ကျနော်တို့ ကာကွယ်နိုင်မှသာ ကျနော်တို့ရဲ့ နောင်မျိုးဆက်ဟာ ရှင်သန်ရပ်တည် နိုင်ပါလိမ့်မယ်။ ဒီလိုမလုပ်နိုင်ရင် ခရိုနီနဲ့ အာဏာရှင်ဟောင်းတွေ နိုင်ငံခြားသား အရင်းရှင်ကြီးတွေက ကျိကျိတက် ချမ်းသာပြီး အများစုပြည်သူကြီးက ဆင်းရဲသထက်ဆင်းရဲတဲ့ ခေတ်ဆိုးကြီးကို ကျနော်တို့ ကြုံတွေ့ရပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ငွေဆိုတာ အလကားရရင် ကောင်းတာပဲ ဆိုပြီး ရသမျှငွေကို အားရဝမ်းသာ ယူနေသုံးနေ ကြတဲ့ နိုင်ငံရေးသမား ကြီး/ငယ်တွေ အတွက် အခုအချိန်မှာ ခဏလောက်ရပ်ပြီး ပြန်လည် စဉ်းစားသုံးသပ် ကြဖို့ အချိန်ကျရောက်ပါပြီ။ အလကားရတယ်ဆိုတာ ဘာမှ မရှိပါဘူး။ တခုခုယူထားရင် တခုခု ပြန်ပေးရ ပါလိမ့်မယ်။ ကိုယ့်ထက်လည်တဲ့ နပ်တဲ့လူတွေက ဖောချင်းသောချင်းပေးနေတဲ့ ငွေဟာ ပိုလို့တောင် အလကား မဟုတ်သေးတယ်ဆိုတာ ကျနော်တို့သတိပြုရပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံရေးသမားကြီး/ငယ် တွေဟာ ငွေနဲ့ရက်ထားတဲ့ ကွန်ရက်ထဲမှာ ရုန်းမထွက်နိုင်တဲ့ ယင်ကောင်ငယ်လေးတွေလို ဖြစ်မှာကို အစိုးရိမ်ကြီး စိုးရိမ်မိပါတယ်။
နိုင်ငံရေးသမားရောင်းရန်ရှိသည် အပိုင်း ၄ ပိုင်းပြီးပါပြီ။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

ကိုးကား
1 - Trojan Horse: The National Endowment for Democracy by William Blum
2 - Perverting Elections by William Blum
3 - A Concise History of US Global Interventions, 1945-present by William Blum
4 - Former CIA Agent Tells : How US Infiltrates "Civil Society" To Overthrow Governments by Phillip Agee
5 - National Endowment for Democracy : Paying to Make Enemies of America by Ron Paul www.antiwar.com
6 - On The National Endowment For Democracy by Michael Barker

No comments: