Thursday, April 4, 2013

မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက်ဆရာတော်

~မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက်~

လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော်က မေတ္တာဘာဝနာ အရာတွင် ထင်ရှားကျော်ကြားခဲ့သော
ဆရာတော်ကြီးတစ်ပါးမြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့ဖူးသည် ။
တန်အလေးချိန် အလွန်ကြီးမားသော ဗုံးကြီးသုံးလုံး လေယဉ်ပျံဖြင့် ကြဲချခဲ့သော်လည်း
ဆရာတော့်ကျောင်းဝိုင်းထဲ ကျသည်နှင့် ပန်းကုံးသဖွယ် ဖြစ်သွားကြရသည် ။ တစ်လုံးမှ မကွဲခဲ့။

တစ်ဖန် စင်္ကြံလျှောက်နေသော ဆရာတော်ရောစင်္ကြံကျောင်းကိုပါအဝေးမှပစ်လိုက်သော အမြောက်ဆံတစ်ခုက တည့်တည့်စွတ်မှန်ခဲ့သည် ။ အမြောက်ဆံကွဲသံနှင့်အတူ မီးခိုးလုံးကြီးများ ထပြီး စင်္ကြံကျောင်း မီးစွဲလောင်သည် ။ ကျောင်းခန်းတွင်းတစ်ခုလုံးမှာလည်း အမြောက်ဆံမှ ဖြာထွက်လာသည့် သံတိုသံစများက မြင်မကောင်းအောင် စိုက်ဝင်နေကြသည် ။ သို့သော် စင်္ကြံလျှောက်နေသော ဆရာတော်ကိုကား ဘာတစ်ခုမှ မထိမှန်ခဲ့ ။

ထို့သို့သောလက်တွေ့သတင်းများကြောင့် ဒုတိယကမ္ဘာစစ်အတွင်းကအထက်၊ အောက် စစ်ပြေးဒုက္ခသည် သုံးသောင်းကျော်တို့ ဆရာတော်၏ မေတ္တာရိပ်အတွင်းမှာ လပေါင်းများစွာ ခိုလှုံခဲ့ကြရသည် ။

ထိုအချိန်က ဒေါသ၏ လှုံဆော်မှုကြောင့် အဆီးအတားမဲ့ သတ်ချင်တိုင်း သတ်နေကြသော အီတလီနှင့် အဘိဆီးနီယား (ယခု အီသီယိုးပီးယား) နှစ်နိုင်ငံ၏ စစ်ပွဲကိုလည်း (၅)ရက်အတွင်း ပြီးဆုံးအောင် မေတ္တာဓာတ်ဖြင့် တန့်ရပ်စေခဲ့ဖူးသည် ။

ထိုဆရာတော်ကြီးကား အခြားမဟုတ် ။
ကမ္ဘာ့အံ့ချီးဖွယ်ရာ စေတီတစ် ဆူဖြစ်သည့် သမ္ဗုဒ္ဓေစေတီတော်ကြီးကိုတည်ထားကိုးကွယ်တော် မူခဲ့သည့်မုံရွာမြို့ ၊ မိုးညှင်းဆရာတော်ကြီး ပင်ဖြစ်ပေတော့သည် ။

၎င်းဆရာတော်ကြီး၏ ဒဿနသဘောပါသော ထူးထူးခြားခြား သြဝါဒ တစ်ခုက
တစ်ဝမ်းတစ်ခါးအတွက် အကုသိုလ်ကို မလုပ်မဖြစ် လုပ်နေကြသော တံငါ ၊ မုဆိုးများအတွက် အားဆေးတစ်ခွက်ဖြစ်ခဲ့ရသည် ။

ထိုသြဝါဒကား ...
''တစ်ဝမ်းတစ်ခါးတွက် အခြားဘာမှလုပ်မစားတက်လို့ ငါးပဲ ဖမ်းစားရပါတယ် ဘုရား ဆိုရင်လည်း ဖမ်းပါ ။
ငှက်ပဲထောင်စားရပါတယ် ဘုရားဆိုရင်လည်း ထောင်ပါ ။
တားလို့မရတော့မယ် အတူတူတော့ ဘုန်းကြီးက အပြစ်ပြောမနေတော့ဘူး ။
သက်သာမယ့် နည်းလမ်းလေးတစ်ခုပဲ ပေးလိုက်တယ် ။
အဲဒါက ငါးဖမ်းတာလည်းဖမ်းပါ ။ ဒါပေမယ့် ငါးဖမ်းရင်း သရဏဂုံသုံးပါရွတ်ဆိုဆောက်တည်ပါ ။ ငှက်ထောင်လည်း ထောင်ပါ ။ ဒါပေမယ့် ငှက်ထောင်ရင်း ဂုဏ်တော်(၉)ပါး ရွတ်ဖတ်သရဇ္ဈာယ်ပါ ။

ဘာလို့ ဒီလို တိုက်တွန်းရသလဲဆိုရင်အကုသိုလ်ကြားထဲမှာကုသိုလ်လေးညှပ်ပါသွားစေချင်လို့ပဲ ။အကုသိုလ်က မကောင်းကျိုးပေးမယ် ၊ ကုသိုလ်က ကောင်းကျိုးပေးမယ် ။
မကောင်းကျိုးတွေ ကြားထဲမှာ ကောင်းကျိုးလေးပါသွားတော့ နည်းနည်း သက်သာခွင့် ရသွားတာပေါ့ ။

အဲဒါ တချို့လူတွေက ဘုန်းကြီးကို ဝေဖန်ကြတယ် '' မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဘုန်းကြီးတဲ့ '' သူတို့ဝေဖန်တဲ့စကားကို ဘုန်းကြီး လက်ခံပါတယ် ။ ဘာဖြစ်လို့ လက်ခံရသလဲဆိုတော့ စဉ်းစားကြည့်ပါ ။

မီးစချည်းပဲဆိုရင် ဘယ်မှာလောင်လို့ ပြီးတော့မလဲ ။ ရေမှုတ်လေး တစ်ဖက်ပါတော့ အလောင်သက်သာတာပေါ့ ။ ဒါကြောင့် ဘုန်းကြီးကို မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဘုန်းကြီးလို့ ပြောတဲ့စကားကို ဘုန်းကြီးက ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ် ''


post by နှင်းဆီဖူးလေးများ-Love BUDS
note by (မုံရွာမြို့ ၊ မိုးညှင်းဆရာတော်ဘုရားကြီး)
မေတ္တာရှင် (ရွှေပြည်သာ)ဖယောင်းတိုင်တစ်တိုင်၏ အလင်းနှင့် ဒဿနဝတ္ထုတိုများ (စာ ၇၆-၇၇) မှ

မူရင်း Ukhin Crays မှ ကူးယူဖော်ပြအပ်ပါတယ်။

No comments: