Sunday, April 7, 2013

မိတ္ထီလာပဋိပက္ခအား အချို့က ယူဂျီမဟုတ်သော်လည်း ဗကပသြဇာခံများက အဓိက လှုံ့ဆော်ခဲ့ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း မြန်မာသံတော်ဆင့် ဂျာနယ်သို့ ဖြေကြားထား

4.7.10
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်ရှိ နေအိမ်တစ်ခုအား ၀င်ရောက်ဖျက်ဆီးနေကြသည်ကို မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်
လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ ပြီး ၃၀ ကျော်ခန့် ဒဏ်ရာရရှိခဲ့သော ဘာသာရေးဆိုင်ရာ အဓိကရုဏ်းများ ဖြစ်ပေါ်စေခဲ့သည့် မိတ္ထီလာပဋိပက္ခအား အချို့က ယူဂျီများ မဟုတ်သော်လည်း ဗကပသြဇာခံများ အဓိက လှုံ့ဆော်ခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ပြောကြားခဲ့သည်။
အဆိုပါ ပြောကြားချက်အား ဧပြီလ ၆-၁၂ ရက်စွဲဖြင့် ထုတ်ဝေခဲ့သည့် မြန်မာသံတော်ဆင့်သတင်း (အတွဲ ၂ အမှတ် ၄) တွင် ယင်းက ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။ မတ်လ ၂၉ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ပါတီဗဟို အတိုင်ပင်ခံ အဖွဲ့ဝင် ဦးအောင်သောင်း၊ အကြံပေးပုဂ္ဂိုလ် ဦးဝင်းမြင့်နှင့် ဌာနချုပ်ရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲလ်ရစ်မစ်ချယ်နှင့် တွေ့ဆုံခဲ့ကြောင်း အဆိုပါတွေ့ဆုံမှုတွင် မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်ပြီး တည်ငြိမ်အေးချမ်းမှုရအောင် ၀ိုင်းဝန်းဆောင်ရွက်မှု ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
မိတ္ထီလာပဋိပက္ခနှင့် စပ်လျဉ်း၍ ယင်း၏ပြောကြားချက်မှာ “မိတ္ထီလာကိစ္စက ဘယ်လိုအခြေအနေ ကြောင့်ဖြစ်သလဲ။ ဘာညာပေါ့ကွာ။ သူတို့ဟာသူတို့ မေးတယ်။ မေးတော့ ကိုယ်က ပြန်ပြောတာကတော့ တို့ကဘာလုပ်လုပ် ဆန့်ကျင်တဲ့ အင်အားစုတစ်စု ရှိနေတယ်လို့။ အဲ့ဒီအထဲမှာမှ မကြာခင်ကနေပြီးတော့မှ ထောင်ကလွတ်လာတဲ့ လူတွေလည်း ပါတယ်လို့။ တချို့ဆို ရဟန်းတွေလည်းပါတယ်။ တချို့လည်း ရဟန်းမဟုတ်တော့ဘူး ပေါ့လေ။ ဆိုတော့ အဲ့ဒီလူတွေလည်း ပါတယ်။ သူတို့ရဲ့ အခန်းကဏ္ဍကလည်း တော်တော် ကြီးမားတယ်။ နောက်တစ်ခုက ယူဂျီတွေပေါ့။ လက်ပံတောင်းတောင် ကိစ္စတို့၊ ပိုက်လိုင်းကိစ္စတို့၊ ကျောက်ဖြူ၊ ထားဝယ်ကိစ္စ၊ နောက်ပြီးတော့ စက်မှုဇုန်ကိစ္စ၊ မြေယာကိစ္စတွေ၊ နောက်တစ်ခုက တချို့က ယူဂျီမဟုတ်သော်လည်း ဗကပသြဇာခံတွေ။ အဲ့ဒီတော့ အဲ့ဒီအဖွဲ့တွေက လှုံ့ဆော်တဲ့ အဖွဲ့တွေပေါ့။ အဓိက လှုံ့ဆော်သူတွေကတော့ သူတို့ဖြစ်ဖို့ များပါတယ်”ဟု ဦးအောင်သောင်းက ပြောကြားခဲ့ကြောင်း မြန်မာသံတော်ဆင့်တွင် ဖော်ပြထားပါသည်။
ဦးအောင်သောင်းသည် တပ်မတော်အစိုးရ လက်ထပ်တွင် စက်မှု (၁)၀န်ကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး၊ မန္တလေးတိုင်း ဒေသကြီး တာဝန်ခံဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ရင်းတပည့် တစ်ဦးအဖြစ် န၀တ၊ နယကခေတ် တစ်လျှောက်လုံး နိုင်ငံရေးသြဇာ ကြီးမားသူတစ်ဦး ဖြစ်ခဲ့သည်။ ယခုအစိုးရသစ် လက်ထပ်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ အဖွဲ့ဝင်အဖြစ် ပါတီဒုတိယ ဥက္ကဋ္ဌထက် တစ်ဆင့်မြင့်နေရာတွင်ရှိပြီး ပါတီတွင်း နိုင်ငံရေးသြဇာ ရှိသူတစ်ဦးအဖြစ် နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။ အဓိကရုဏ်း ဖြစ်ပွားခဲ့သော မိတ္ထီလာ နယ်မြေသည် ဦးအောင်သောင်း အဓိက တာဝန်ခံကိုင်တွယ်ခဲ့ရာ မန္တလေးတိုင်း ဒေသကြီးအတွင်း ပါဝင်သည်ဟုလည်း မြန်မာသံတော်ဆင့်တွင် ဖော်ပြထားသည်။ ထို့ပြင်ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံခဲ့သည့် ၂၀၀၃ ခုနှစ် ဒီပဲယင်းကိစ္စနှင့် ပတ်သက်၍ အတိုက်အခံများဘက်မှ ၎င်းအား စွပ်စွဲခဲ့ကြသည်။ သို့သော် ယင်းကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ မရှိခဲ့သလို ယခုနောက်ပိုင်းတွင်လည်း ထပ်မံပြောဆိုမှုများ မရှိတော့ကြောင်း သိရသည်။
4.7.104.7.10
၁၉၉၀ ပြည့်နှစ်အတွင်းက ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခဲ့သည့် "နိုင်ငံတော်အာဏာ သိမ်းပိုက်ရယူရေးအတွက် ဗမာပြည် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရို၏ ကြံစည်မှုများနှင့် လုပ်ဆောင်ချက်များ" စာအုပ်မျက်နှာဖုံးနှင့် အတွင်းစာမျက်နှာတစ်ခု (ထိုစဉ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး(၁)ဗိုလ်မှူးချုပ်ခင်ညွန့်၏ ပညာရေးဆိုင်ရာ ၀န်ထမ်းများနှင့် တွေ့ဆုံပွဲ၌ တင်ပြခဲ့သည်များကို မြန်မာ-အင်္ဂလိပ် နှစ်စ်ဘာသာဖြင့် ဖော်ပြထားသည့် စာအုပ်ဖြစ်သည်။
ဦးအောင်သောင်းသည် ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ပြီး မြန်မာစီးပွားရေး လောကတွင် ထင်ရှားသော ကုမ္ပဏီတစ်ခုဖြစ်သည့် IGE ကုမ္ပဏီသည် ၎င်း၏သားဖြစ်သူ ဦးနေအောင်ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။ IGE ကုမ္ပဏီသည် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းလုပ်ကိုင်ခွင့် ရရှိခဲ့သလို ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်း၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်း စသည် လုပ်ကိုင်ခွင့်တို့ကို ဆက်တိုက်ရရှိခဲ့ပြီး နယ်ပယ်စုံ လုပ်ကိုင်သည့် ကုမ္ပဏီအုပ်စုကြီး တစ်ခုအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်၍ ရေအားလျှပ်စစ် ထုတ်ယူမည့် စီမံကိန်းတွင်လည်း ဦးအောင်သောင်း၏ သားဖြစ်သူ ပိုင်ဆိုင်သော IGE ကုမ္ပဏီပါဝင်ကြောင်း တရားဝင် ထုတ်ပြန်ထားချက်များအရ သိရသည်။
မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်သည် ရွှေဆိုင်တွင် ဖြစ်ပွားသော သာမန်ခိုက်ရန် ဖြစ်ပွားမှုမှ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိခဲ့ကြောင်း၊ အင်တာနက် လူမှုကွန်ရက် များမှတစ်ဆင့် ကောလာဟလများ ဖန်တီးကာ လှုံ့ဆော်မှုများ ရှိခဲ့ကြောင်း သိရသည်။ ယင်းသို့ လှုံ့ဆော်မှုများတွင် လူထုမောင်ကာဋ္ဌု၊ Opposite eye၊ MMN၊ Myanmar Express၊ ပလေတိုဒီမို အစရှိသူတို့ ပါဝင်နေကြောင်း သိရသည်။
မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်သည် မတ်လ ၂၀ ရက်နေ့က မိတ္ထီလာဈေး အတွင်းရှိ ၀ိန့်စိန်ရွှေဆိုင်တွင် ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုမှ အစပြုခဲ့ ခြင်းဖြစ်ပြီး မီးရှို့ဖျက်စီးမှုများ၊ တုတ်ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုများ၏ အပြန်အလှန် တိုက်ခိုက်မှုများ အထိရှိခဲ့ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရသည်။ ထို့နောက် အခြေအနေ ပိုမိုဆိုးရွား လာသောကြောင့် မတ်လ ၂၂ ရက်နေ့တွင် မိတ္ထီလာ အပါအ၀င် ၀မ်းတွင်၊ သာစည်၊ မလှိုင်မြို့နယ်တို့တွင် အရေးပေါ် အခြေအနေ ကြေညာကာ ဒေသလုံခြုံရေးအတွက် တပ်မတော်၏ အကူအညီကို ရယူခဲ့သည်။ ယင်းနောက် မိတ္ထီလာမြို့တွင် အခြေအနေ တည်ငြိမ်ခဲ့သော်လည်း ပဋိပက္ခ ဖြစ်ပွားမှုများသည် ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်းဒေသ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ မင်းလှ၊ အုတ်ဖို စသည့် ဒေသများတွင် ဆက်လက်ဖြစ်ပွားခဲ့သည်။ နောက်ဆုံးတွင် လုံခြုံရေးအရ ကိုင်တွယ်ဆောင်ရွက်မှုများ အားနည်းမှုကြောင့် ယခုကဲ့သို့ ဆက်တိုက်ဖြစ်ပွား နေခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ပြီး နိုင်ငံတော်သမ္မတက ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန် ရဲတပ်ဖွဲ့အနေဖြင့် ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။ ယင်းနောက် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားခဲ့ခြင်း မရှိ ခဲ့ပေ။
မိတ္ထီလာပဋိပက္ခ အပြီးတွင် အဆိုပါ ပဋိပက္ခ၌ ပါဝင်ပတ်သက်သည် ဟုဆိုကာ ဖမ်းဆီးခံရသူ အများအပြား ရှိနေပြီး ထိုသို့ ဖမ်းဆီးခံရသူများအား အမှန်တကယ် ကျူးလွန်သူများ ဟုတ်မဟုတ် တိကျသောစစ်ဆေးမှုများ ရှိနေသင့်ကြောင်း ဝေဖန်မှုများ ရှိနေသည်။
“ပြစ်မှုကျုးလွန်သူကို တိတိကျကျ ဖော်ထုတ်ဖို့ တောင်းဆိုတဲ့ အခါတိုင်း မဆိုင်တဲ့သူတွေစတေး ခံရတယ်။ ပြဿနာပြီးဆုံးဖို့ မဆိုင်တဲ့သူကို အရေးယူတာမျိုး မဖြစ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုလိုပါတယ်။ မြန်မာနိုင်ငံ အစဉ်အဆက်မှာလည်း ဒီလိုမျိုး စတေးခံလိုက်ရတဲ့ သမိုင်းကြောင်းတွေ ရှိနေပါတယ်” ဟု လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဥပဒေ ပညာရှင် ဒေါက်တာဒေါ်ညိုညိုသင်းက ပြည်တွင်းငြိမ်းချမ်းရေး စင်တာတွင် ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံနှင့် အရပ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ကွန်မြူနစ်များဟု စွပ်စွဲမှုများသည် ယခုမှဖြစ်ခဲ့ခြင်း မဟုတ်ဘဲ ၁၉၈၈ အရေးတော်ပုံတွင်လည်း ယင်းကဲ့သို့ စွပ်စွဲမှုများရှိခဲ့ကြောင်း ကိုယ်တွေ့ကြုံသူများ၏ ပြောကြားချက်အရ သိရသည်။
“၈၈ တုန်းက ဗကပ လှုံ့ဆော်တယ်ပြောတယ်၊ မဟုတ်ဖူး၊ ဗကပ ဆိုတာကိုလဲ တွေ့ဖူးဘူး၊ အန်တီတို့ အရွယ်ရောက်လာတဲ့ အချိန်မှာ အရမ်းဖိထားတယ်၊ ၁၉၈၇ မှာ ပိုက်ဆံတွေ သိမ်းလိုက်တယ်၊ တက္ကသိုလ်တွေ စာမေးပွဲဖြေမယ့် အချိန်မှ ငါးရက်နေ့ဆိုတော့ ကျောင်းသားတွေကို အိမ်က ပိုက်ဆံတွေပို့ထားပီ၊ အဲချိန်မှာကလေးတွေမှာ စားစရာကို မရှိတော့ဖူး၊ အဆောင်က ကျောင်းသားတွေ ဆူကြတယ်၊ ကျောင်းသားတွေစိတ်ထဲမှာ အန်တီတို့မှာ ခေတ်စနစ်ဆိုးကြားမှာ ကြီးလာတော့ ကိုယ့်စည်းစိမ် ဥစ္စာကအစ လုံခြုံမှု မရှိတော့ဖူး၊ မိဘတွေစုထားတဲ့ ပိုက်ဆံတွေက နေ့ချင်းညချင်း စက္ကူဖြစ်သွားတယ်၊ အန်တီတို့ ပတ်ဝန်းကျင်ရော၊ မျိုးဆက် တစ်ခုလုံးရော လူတော်တော်များများ အဲလိုအဖြစ်တွေ ကြုံရတဲ့အတွက် အရမ်း နာကြဉ်းသွားတယ်၊ မတ်လဖြစ်တဲ့ အချိန်မှာ ဖုန်းမော်တို့ကို ပစ်သတ်တယ်ဆိုတာ သိလာတဲ့အချိန်မှာ ငါတို့က မလုံခြုံဖူး၊ ငါတို့အစိုးရကို တော်လှန်မှဖြစ်မယ်ဆိုတဲ့ အသိက အန်တီတို့ မျိုးဆက်မှာ ရှိသွားတယ်” ဟု ၁၉၈၈ ခုနှစ် အရေးအခင်းအပေါ် ထိုစဉ်က ပထမနှစ်ကျောင်းသူအဖြစ် ပါဝင်ခဲ့သည့် ဒေါ်ခင်ငြိမ်းသစ်က ပြောပြပါသည်။
4.7.104.7.10
၁၉၈၈ ခုနှစ် အရေးအခင်းကာလနှင့် ပတ်သက်၍ ထွက်ရှိခဲ့သည့် ရှစ်လေးလုံးဗမာသွေး နေ့စဉ်သတင်းစာစောင်၏ ရေးသားဖော်ပြထားချက်တစ်ခုကို တွေ့ရစဉ်
“အဲဒီတုန်းက စက်ရုံဖောက်တဲ့ ကိစ္စတွေဆိုရင် အန်တီတို့ကိုယ်တိုင် မြင်တယ်၊ အန်တီတို့နားမှာလည်း စက်ရုံရှိတယ်၊ စက်ရုံဖောက်တဲ့နေ့ မနက် ၄ နာရီလောက်မှာ စစ်ကားနဲ့လာပြီး စစ်သားတွေက ဖောက်သွားတယ်၊ တံခါးတွေဖွင့်သွားတယ်၊ အဲရှေ့မှာ အပင်ကြီးရှိတယ်၊ အဲအပင်ကြီးမှာ တက်နေကြတယ်၊ လူတွေက တစ်ယောက်နှစ်ယောက် လာထုတ်တော့ ဘာမှမဖြစ်သေးဖူး၊ သုံးလေးယောက် လာထုတ်တော့မှ ပစ်ချတာ၊ အဲမှာပစ်တော့မှ သေတာ။ မေတ္တာမွန်တို့ ဘာတို့ ဖောက်တုန်းကလဲ စစ်တပ်ကပဲ ဖောက်တာ၊ အကုန်လုံး သူတို့ဖွင့်သွားတာ၊ အဲဒါလုံးဝ အတိအကျပဲ၊ အန်တီတို့ အရွယ်တော်တော် များများ အဲဒီကိစ္စ ဘယ်သူလုပ်တယ်၊ ဖောက်တယ်ဆိုတာ သိတယ်၊ ဘဘဦးဝင်းတင်တို့လည်း သိတယ်” ဟု ၎င်းက ဆက်လက် ပြောပြပါသည်။
မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်သို့ သွားရောက်ခဲ့သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး(စမ်းချောင်း)က “မိတ္ထီလာ ဖြစ်စဉ်မှာ ဒီဘက်ခေတ်မှာ မရှိတော့တဲ့ ဗကပလို အဖွဲ့အစည်းမျိုးကို လက်ညှိုး မထိုးသင့်ဘူးလို့ ထင်ပါတယ်။ ဒီဖြစ်စဉ်မှာ ဘယ်သူဘယ်ဝါရယ်လို့တော့ မပြောလိုပါဘူး။ အဖွဲ့အစည်း တစ်ခုခုကနေပြီးတော့ လှုံ့ဆော်တယ်ဆိုတာထက် စနစ်တကျ အစီအစဉ် တကျကို လုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးမှာ တရားခံကို မသိတိုင်း ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုး လုပ်နေတာကတော့ မသင့်တော်ဘူးလို့ ထင်တယ်။ အခုဖြစ်စဉ်တွေက ထောင်ချောက်တွေပါ။ ပြည်သူ ပြည်သားတွေ အနေနဲ့ ထောင်ချောက်တွေထဲ မ၀င်မိကြဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျက “အခုမိတ္ထီလာကိစ္စက တရားဥပဒေ စိုးမိုးမှု မရှိလို့ပါ။ လူအုပ်ကြီးက တုတ်တွေ၊ ဓားတွေနဲ့ လာတာကို တရားဥပဒေ စိုးမိုးမှုရှိရင် ဘယ်တော့မှ အခုလိုအဖြစ်မျိုး မဖြစ်ဘူး။ ကျွန်တော့် အတွေ့အကြုံ အရကတော့ မင်းဇေယျရဲ့ လှုပ်ရှားမှု၊ မကသရဲ့လှုပ်ရှားမှု၊ မကသဖရဲ့လှုပ်ရှားမှု အကုန်လုံးဟာ ဗကပနဲ့ ပတ်သတ်တာ လုံးဝမရှိဘူး။ ဘယ်ကွန်မြူနစ်ပါတီ ဘယ်ကွန်မြူနစ် သြဇာခံတွေမှ မဟုတ်ဘူး။ ကျောင်းသားစိတ်ဓာတ်စစ်စစ်၊ ကျောင်းသား လှုပ်ရှားမှုစစ်စစ်နဲ့ပဲ ပါဝင်ပတ်သက်ခဲ့တယ်။ ဒါကတော့ ကျွန်တော့်အတွေ့အကြုံ အစစ်အမှန်ပဲ။ ကျန်တဲ့ဆိုက်တွေမှာ ကွန်မြူနစ်တွေ စိမ့်ဝင်တယ် ဗကပလိုလားသူတွေ စိမ့်ဝင်တယ်ဆိုတဲ့ နေရာမှာ ရှစ်လေးလုံး အရေးတော်ပုံကြီး အရှိန်ရလာတဲ့အခါ စိမ့်ဝင်ရင် စိမ့်ဝင်နိုင်တာပဲ။ အာဏာရှင်ကို ဖြုတ်ချချင်ကြတဲ့ အ၀န်းအ၀ိုင်း ပေါင်းစုံက အရှိန်ရပြီး ၀င်ပါလာကြတာကိုး။ ကျွန်တော်အသေအချာ ပြောနိုင်တာက မဆလဖြုတ်ချခဲ့တဲ့ မတ်လအရေးအခင်းနဲ့ ဇွန်လအရေးအခင်းတွေမှာ ဗကပတွေ ဦးဆောင်ခဲ့တာ မဟုတ်ဘူး။ ဗကပတွေ လုပ်ခဲ့တာ မဟုတ်ဘူး။ မဆလရဲ့ လွဲမှားတဲ့ စီမံချက်နဲ့ ကျောင်းသားတွေကို တစ်ဖက်သက် နှိပ်ကွပ်ခဲ့တဲ့ အတွက်ကြောင့် ကျောင်းသားတွေရဲ့ မခံချင်စိတ်နဲ့ ဖြစ်လာရတာ။ အဲဒီလို ဖြစ်လာတဲ့အပေါ်မှာ သူတို့တွေက ထပ်ထပ်ဖိနှိပ်တော့ ပြည်သူတွေ ပါလာတယ်။ ကျောင်းသားတွေ ပါလာတယ်။ နောက်ပြီး နိုင်ငံတကာကပါ ပါလာတယ်။ ပြောရမယ်ဆိုရင် ရှစ်လေးလုံး အရေးတော်ပုံကြီး တစ်ခုလုံးကို ဗကပ ဦးဆောင်တယ်ဆိုရင် ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ်။ လုံးဝလက်မခံပါဘူး။ ဒီလိုပြောလိုက်တာဟာ ပြည်သူတွေရဲ့ ဆန္ဒတွေ စိတ်ဓာတ်တွေကို ချိုးနှိမ်ပစ်ရာ ရောက်ပါတယ်။ ဒီလိုအရေး အခင်းဖြစ်အောင် ဖန်တီးတာက မဆလ ကိုယ်တိုင်ဖြစ်ပါတယ်။ မဆလရဲ့ လက်သက်မွေးထားတဲ့ အတ္တကို ရှေ့တန်းတင်ထားတဲ့ လက်ပါးစေတွေက တရားခံအစစ်ပါ။ တစ်ပါတီ အာဏာရှင်အောက်မှာ လူတွေကို ဥပဒေအောက်မှာ ချုပ်နှောင်ထားတယ် ဥပဒေကို လိုသလိုပြင်တယ်။ ဒါကို ပြည်သူတွေက မခံချင်လို့ ၀ိုင်းဝန်းဆန့်ကျင်တဲ့ အခါမှာ တံဆိပ်အမျိုးမျိုး တပ်လိုက်တယ်။ ဒါဟာ အာဏာရှင်တွေ လုပ်နေကြ အလုပ်ပဲ” ဟုပြောကြားခဲ့သည်။
ကိုယ်တွေ့ကြုံသူများ၏ ပြောကြားချက်များ
“ကျွန်တော့်ရဲ့လည်ပင်းကို သံဃာတစ်ပါးက ဓားနဲ့ထောက်ထားပြီး အသက်ဘေးအန္တာရာယ် ကြုံတွေ့နေချိန်မှာ သံဃာရော လူရောပါတဲ့ အဖွဲ့ကြီးထဲမှာ သံဃာတွေက အတုလား အစစ်လားဆိုတာ အသက်ဘေးက လွတ်အောင်လုပ်ဆောင် နေရတော့ သေချာမခွဲခြားနိုင်ဘူး။ အဲဒီအသက်ဘေးက လွတ်မြောက်လာတဲ့ အကြောင်းအရင်းက ကျွန်တော်တို့အထဲမှာ မြို့ခံတစ်ယောက်ပါတယ်။ သူကမြို့ပေါ်မှာ သာရေးနာရေး လူမှုရေးကိစ္စတွေ လုပ်တဲ့သူဆိုတော့ ကြားဝင်ပြီး လူအုပ်ကြီးထဲက သူမျက်မှန်းတန်းမှန်းမိတဲ့ သံဃာသုံးပါးလောက်ကို ဖြေရှင်းပြလိုက်လို့ ကင်မရာ မန်မိုရီကဒ်လောက်ပဲ ဖျက်ဆီးတာခံရတယ်။ “သတ်ဟေ့ သတ်ဟေ့”၊ “အဲဒီကားကို မီးရှို့”ဆိုပြီး အော်ဟစ်သံတွေက အဲဒီလူအုပ်ကြီး အထဲက ကြားရတယ်။ ဘယ်သူတွေ အော်နေတာလဲ ဆိုတာတော့ ဒီဘက်မှာလည်း ကိုယ်ဘေးကိစ္စကို လွတ်အောင် ဖြေရှင်းနေရတဲ့ အတွက်ကြောင့် သေချာမကြည့်မိဘူး။ အဲဒါတွေကြောင့် အနောက်မှာ လှုံ့ဆော်မှုတွေ ရှိမယ်လို့ ထင်တယ်။ ကျွန်တော်တို့ကို မီဒီယာမှန်းသိပြီး ကျွန်တော်တို့ ရိုက်ကူးနေတဲ့သတင်းဓာတ်ပုံတွေထဲမှာ သူတို့ ပုံတွေပါသွားပြီး ဒီဖြစ်စဉ်တွေ ပြီးသွားတဲ့နောက်မှာ သက်ဆိုင်ရာက ဒီဓာတ်ပုံတွေနဲ့ သူတို့ကို ဖမ်းဆီးနိုင်တယ်လို့ထင်ပြီး သတင်းရယူ ရိုက်ကူးတာတွေကို ဆက်လုပ်လို့ မရအောင် အတင်းအကြပ် အနှောက်အယှက် ပေးတယ်လို့ ထင်ပါတယ်”                          
ဦးခင်မောင်ဝင်း (ဓာတ်ပုံသတင်းထောက်၊ အေပီသတင်းဌာန)

“အာဏာပိုင်တွေရဲ့ ထိန်းချုပ်မှု အားနည်းတာနဲ့ သံဃာတစ်ပါး အသတ်ခံရချိန်မှာတော့ မြို့ခံတွေနဲ့ ဒေါသထွက်နေတဲ့ ရဟန်းတချို့ပူးပေါင်းပြီး အကြမ်းဖက်လာပါတော့တယ်၊ နောက်နေ့မနက်မှာတော့ မြို့ခံအနည်းစုနဲ့ အနီးအနား ကျေးရွာတွေက တက်လာသူ အများစုက မြို့ပေါ်မှာ နေ့ခင်းကြောင်တောင် အကြမ်းဖက်လာပါတယ်၊ ဖျက်ဆီးဖို့ထက် လုယက်သူ များလာတာကို တွေ့ရပါတယ်၊ နေ့ခင်းပိုင်းမှာ သံဃာတွေရဲ့ ပါဝင်မှု မရှိသလောက်ပါပဲ၊ ညပိုင်းမှာတော့ အနီးအနား ကျေးရွာတွေက ဆူပူလိုသူတွေဟာ အခြေအနေတွေကို ပိုမိုဆိုးရွားလာအောင် လုပ်ဆောင်လာပါတော့တယ်၊ နောက်ဆုံး၂၃ ရက်နေ့ မနက်ခင်းပိုင်းမှာတော့ ရဟန်းငယ် ၁၀ ပါးလောက်နဲ့ ဆူပူလုယက်လိုသူတွေက ချမ်းအေးရပ်ကွက်ကို မိးရှို့ဖျက်ဆီး ပစ်လိုက်ပါတော့တယ်၊ အဲဒီနောက်ဆုံးရက်မှာတော့ မြို့ခံအများစု မပါဝင်တော့ဘဲ အနီးအနားကျေးရွာနဲ့ မြို့ဆင်ခြေဖုံးရပ်ကွက်က လုယက်လိုသူ အများစု ဖြစ်လာပါတယ်။”
ဝဏ္ဏစိုး (မိတ္ထီလာသတင်းထောက်၊ Weekly Eleven)

“မတ်လ ၂၈ ရက်နေ့ မိုးညိုက ဇောတိကရပ်ကွက်မှာ လူတစ်စုက ဗလီဖြိုမှုတွေ ပြုလုပ်နေတယ်လို့ သတင်းကြားတော့ ကျွန်တော်တို့ နေ့လည် ၃ နာရီဝန်းကျင် လောက်မှာ ဖြစ်ပွားတဲ့နေရာကို ရောက်သွားပြီး သတင်းသွားယူခဲ့တယ်။ အဲဒီဖြစ်စဉ်ကို စုံစမ်းကြည့်တဲ့ အခါမှာတော့ ဒေသခံတချို့ရဲ့ သုံးသပ်ချက်ကတော့ “ဖျက်ဆီးမှုတွေ လုပ်နေတဲ့ သံဃာတွေဟာဆိုရင် မျက်နှာစိမ်း သံဃာတွေဖြစ်တယ်။ သူတို့မြိုက မဟုတ်ဘူး။ ဘယ်ကရောက်လို့ ရောက်လာမှန်း မသိဘူး။ ဒီကဒေသခံ တစ်ချို့နဲ့ ပေါင်းပြီးလုပ်တာကို တွေ့ရတယ်။ နောက်ပြီးပါဝင်တဲ့ ဒေသခံတချို့က မသိနားမလည်တဲ့ တောဒေသကလူတွေ အများစုဖြစ်တယ်။ သူတို့တွေဆီမှာဆိုရင် ဘယ်ကရောက်လာ မှန်းမသိတဲ့အဖွဲ့အစည်း တစ်ခုခုကဆိုပြီး ပေးခဲ့တဲ့ ဗုဒ္ဓဘာသာ အမှတ်တံဆိပ်တွေနဲ့ ခွေတွေရယ် မိတ္ထီလာမှာ ဖြစ်သွားတဲ့ ဘုန်းကြီးကို သတ်ခံရတဲ့ ပုံတွေကို တွေ့ရပါတယ်”
ဝင်းမြင့်ကျော် (အကြီးတန်းသတင်းထောက်၊ Weekly Eleven)

No comments: