Saturday, June 15, 2013

(၂၅)နှစ်ရဲ့ အစကို တူးဆွခြင်း။


by အောင် မင်း (Notes) on Saturday, June 15, 2013 at 8:05am
(၂၅)နှစ်ကြာခဲ့ပြီ ဆိုပေမဲ့ (၈၈)အရေးအခင်းကြီးက မနေ့ကမှဖြစ်ခဲ့သလိုဘဲ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာက နောင်မကြာသောအချိန်မှာ (၂၅)နှစ်တင်းတင်းပြည့်တော့မှာ။
ပြန်စဉ်းစားကြည့်တယ် ပြီးခဲ့တဲ့ (၂၅)နှစ်ရဲ့ အစကနေပြီး ငါတို့ဘာတွေရနိုင်သလဲ ? မျက်မှောက်ခေတ်လူငယ်တွေကို ဘာတွေပေးနိုင်သလဲ ? ဒို့ခေတ်မှာ တိုင်းပြည်ကို မတရားအုပ်ချုပ်ခဲ့တဲ့ အစိုးရတရပ်ကို လူထုအားနဲ့ဖြုတ်ချနိုင်ခဲ့တယ်ဆိုတဲ့ အသိကိုပေးမှာလား ? ဒါလဲမဟုတ်သေးဘူး လူထုအားကို (၈၈)လို တစုတစည်းထဲ တသံတည်း ရဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူး။ ဒါဆိုရင် (၈၈)တုန်းက ရဟန်း၊ရှင်၊လူ၊ကျောင်းသား၊ပြည်သူတွေ ဘာကြောင့် တစိတ်တဝမ်းတည်း တသံတည်းဖြစ်ခဲ့ကြတာလဲ ? ဟုတ်တယ် အဲ့ဒီမေးခွန်းရဲ့ အဖြေဟာ ဒီနေ့ခေတ် လူငယ်တွေကို ပေးရမဲ့ (၈၈)ရဲ့ အမွေဘဲ ! ! !
မြန်မာ့လွတ်လပ်ရေးသမိုင်း၊ မြန်မာ့တပ်မတော်သမိုင်း ဘယ်အကြောင်းကိုဘဲပြောပြော ကျောင်းသားတွေရဲ့ အခန်းဂဏ္ဍကို ဖယ်ပြီးပြောလို့မရဘူး။ ဘာကြောင့်လဲ ? တစ်ချိန်တုန်းက ဘုန်းကြီးကျောင်းသားကစပြီး တက္ကသိုလ်ကျောင်းသားအထိ ကျောင်းသားတွေဟာ တိုင်းပြည်ရေး အမျိုးသားရေးနဲ့ ပက်သက်ရင် ကိုယ်နဲ့မဆိုင်သလိုမနေဘဲ လူထုရှေ့က မာမာမတ်မတ်ရပ်တည်တိုက်ပွဲဝင်ခဲ့ကြတာကြီးဘဲ။ ဒါကြောင့် မြန်မာလူထုကြီးက ကျောင်းသားလို့ ပြောလိုက်တာနဲ့ လေးစားတယ်။ ဂုဏ်ယူတယ်။ တန်းဖိုးထားတယ်။ အားကိုးတယ်။
ကျောင်းသားတွေကလဲ ပြည်သူလူထုကို စံနမူနာကောင်းတွေပေးတယ်။ အချင်းချင်းစည်းလုံးတယ် ၊ လေးစားတယ် ၊ ဥမကွဲသိုက်မပျက်နေတယ်၊ အရေးရှိရင် စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းတယ်။
ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားတွေ စည်းလုံးညီညွတ်မှု့ရဲ့ ပြရုပ်တခုဖြစ်ခဲ့တယ်။ ကျောင်းသားတွေ စည်းလုံးညီညွတ်အောင် ကျောင်းသားသမဂ္ဂကြီးတည်ထောင်တာမဟုတ်ဘူး။ ကျောင်းသားတွေ စည်းလုံးညီညွတ်မှု့ကြောင့် ကျောင်းသားသမဂ္ဂပေါ်ပေါက်လာရတာ။ ဒါကြောင့် ကျောင်းသားသမဂ္ဂကြီးကို ဒီမိုကရေစီအစိုးရ အဆက်ဆက်က လေးလေးစားစားဆက်ဆံခဲ့တယ်။
(၁၉၆၂) ဦးနေဝင်းတိုင်းပြည်အာဏာသိမ်းပြီးနောက်မှာ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို အင်အားသုံးပြီး ဖျက်စီးခဲ့တယ်။ ဒါပေမဲ့ ကျောင်းသားသမဂ္ဂကြောင့် ကျောင်းသားတွေစည်းလုံးနေတာမဟုတ်ဘူး၊ ကျောင်းသားတွေစည်းလုံးမှု့ကြောင့်သာ ကျောင်းသား
သမဂ္ဂကြီး ပေါ်ပေါက်လာရတာဖြစ်လို့ အဆောက်အဦးကြီးကိုသာ ဖြိုဖျက်လို့ရပေမဲ့ ကျောင်းသားတွေရဲ့စည်းလုံးညီညွတ်မှု့စိတ်ဓါတ်ကို ဘယ်လိုမှရိုက်ချိုးလို့မရခဲ့ဘူး။ ဒီလိုဘဲ ပြည်သူလူထုရဲ့ ကျောင်းသားတွေအပေါ် လေးစား တန်ဖိုးထားတဲ့ စိတ်ဓါတ်ကိုလဲ ရိုက်ချိုးလို့မရခဲ့ဘူး။
(၁၉၈၀)နှေင်းပိုင်းကာလမှာ ပြည်သူတွေက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) အစိုးရကို အယုံအကြည်နဲလာကြတယ်။ ဒါပေမဲ့ (၁၉၈၇/၈၈)မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအရေးအခင်းတွေမှာ ပြည်သူတွေဟာ ကျောင်းသားတွေရဲ့ ဦးဆောင်မှု့နောက်က စည်းလုံးညီညွတ်စွာ လိုက်ပါခဲ့ကြတာဟာ (မဆလ)အစိုးရအပေါ် ပြည်သူတွေရဲ့ အယုံအကြည်နဲ့မှု့ကြောင့် မဟုတ်ဘူးဆိုတာကိုတော့ တထစ်ချပြောရဲတယ်။ ဘာကြောင့်လဲဆိုရင်(၁၉၆၂)ဦးနေဝင်း အာဏာသိမ်းစဉ်ကတည်းက ပြည်သူလူထုက ဦးနေဝင်းအစိုးရကို မထောက်ခံပေမဲ့ (၁၉၆၂)ခုနှစ်နဲ့ (၁၉၇၇) ခုနှစ်တွေမှာ ကျောင်းသားနဲ့ အစိုးရကြားမှာ အားပြိုင်မှု့တွေ ရှိခဲ့ပေမဲ့ ပြည်သူတွေဟာ (၁၉၈၈)လို ကျောင်းသားတွေဘက်က ပြတ်ပြတ်သားသား ရပ်တည်မှု့မရှိခဲ့ကြဘူး။ ဘာကြောင့်လဲဆိုရင် ကျောင်းသားတွေဘက်မှာ စည်းလုံးညီညွတ်မှု့အားနဲခဲ့မှု့နဲ့ ကျောင်းသားအချင်းချင်းကြားမှာ ကွန်မြူနစ် ၊ ဒီမိုကရက် စတဲ့အယူဝါဒစွဲတွေရှိနေပြီး အချင်းချင်းကြား စစ်မှန်တဲ့ စည်းလုံးညီညွတ်မှု့တွေမရှိခဲ့ကြလို့ ဖြစ်တယ်။
(၁၉၈၈)မှာတော့ ကျောင်းသားတွေဟာ အမှန်နဲ့အမှား နှစ်ခုထဲက ဘယ်ဟာကိုရွေးမလဲဆိုတာ ပြည်သူလူထုကို တိတိကျကျ ချပြနိုင်ခဲ့သလို ကျောင်းသားအချင်းချင်းကြားမှာလဲ ညီညွတ်မှု့ ၊ စည်းလုံးမှု့ ၊ သံသယကင်းစွာ တဦးအပေါ်တစ်ဦးယုံကြည်မှု့တွေကို လက်တွေ့ကျကျ ကျင့်သုံးနိုင်ခဲ့လို့ ပြည်သူလူထုကြီးဟာ ကျောင်းသားတွေရဲ့ ဦးဆောင်မှု့ကို ပျတ်ပျတ်သားသား ခံယူခဲ့တာဖြစ်တယ်။
(၁၉၈၈) မတ်လ ရန်ကုန်တက္ကသိုလ်(ပင်မ)ထဲက ဆန္ဒပြ သဘိတ်စခန်းကို ကျွန်တော်ရောက်သွားတော့ ကိုမိုးသီးနဲ့ အဖြူအစိမ်းဝတ် ကျောင်းသားတွေ စကားပြောနေတာကိုတွေရတယ်။ ကိုမိုးသီက ကျွန်တော့်ကိုမြင်တော့ သူ့နဲ့အတူ သေဖေါ်သေဖက် ရဲဘော်အရင်းအချာ တစ်ယောက်ကို မြင်သလို  "ညီလေးလာ ဆန္ဒပြဖို့လာတာလား ညီလေးတို့ အထက်တန်းကျောင်းသားတွေ ဒီမှာခဏ စုကြ" ဆိုပြီးရင်းရင်းနှီးနှီးပြောတယ်(ထိုအဖြူအစိမ်း ကျောင်းသားများထဲတွင် ပါဝင်ပြီး ယနေ့အထိ မိတ်ဆွေ အဖြစ်ဆက်လက် ရှိနေသူမှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေသူ ကိုဇေယျာဝင်း ဖြစ်သည် ကျန်သူများကို မမှတ်မိတော့။စကားချပ်) ဒါပေမဲ့ ကျွန်တော်က အဲ့ဒီနေ့ကမှ ကိုမိုးသီးကို မြင်ဘူးတာ။ အဲ့ဒီလိုဘဲ ရွေတိဂုံ ဘုရားပေါ်မှာ(၁၉၈၈) ဂျွန်လနဲ့ ဂျူလိုင်လတွေအတွင်းမှာ ကျွန်တော်တို့ မျိုးချစ်ကျောင်းသားတပ်ဦး အဖွဲ့ဝင်တွေ ဆန္ဒပြကြတော့ အစပိုင်းမှာ တစ်ဦးနဲ့တစ်ဦး ဘယ်တုန်းကမှမသိကြသလို တစ်ခါမှလဲ မမြင်ဘူးကြဘူး။ ဒါပေမဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ယုံကြည်လေးစားမှု့တွေနဲ့ တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲ့ဒီအချိန်က ကျောင်းသားကြီးအများစုက မြေအောက်တော်လှန်ရေးအသွင်လုပ်ဆောင်နေပေမဲ့ ကျွန်တော်တို့ အထက်တန်းကျောင်းသားတွေက လူမြင်ကွင်းမှာ ပေါ်ပေါ်တင်တင်တော်လှန်ရေးလုပ်တယ်။ ညီညီညွတ်ညွတ်တော်လှန်ရေးလုပ်တယ်။ တစ်ဦးနဲ့တစ်ဦးတခါဘူးမျှ မမြင်ဘူးကြပေမဲ့ သေဖေါ်သေဖက် ရဲဘော်ရဲဘက်စိတ်ထားပြီး တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချမှု့တွေနဲ့ လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူတွေရဲ့ ကျောင်းသားတွေအပေါ် စိတ်ချယုံကြည်စိတ်က ပိုမိုမြင့်မားပြီး (၈၈)အရေးတော်ပုံကြီးဟာ လူထုအရေးတော်ပုံကြီးအသွင် ဆောင်နိုင်ခဲ့ကြတယ်လို့ ယူဆတယ်။
(၁၉၈၈) အရေးတော်ပုံကြီးကို စစ်တပ်က ဖြိုခွဲလိုက်အပြီး (၁၉၈၉)နှစ်ဦးပိုင်းမှာ လူ့ဘောင်သစ်ပါတီက သူငယ်ချင်းတစ်ယောက်ရဲ့ ဆက်သွယ်ပေးမှု့နဲ့ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ(အကသ)ရန်ကုန်တိုင်း ဖွဲ့ဖို့ ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်ရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းအိမ်ကို ကျွန်တော်တစ်ယောက်ထဲသွားခဲ့တယ်။ ဒေါ်ချိုချိုကျော်ငြိမ်းခြံဝန်းထဲက ဂိုထောင်ကြီးတစ်ခုထဲက ဖျာကြမ်းတွေ ခင်းထားတဲ့အပေါ်မှာ ကျွန်တော်နဲ့ ရွယ်တူ အမျိုးသမီးအမျိုးသားတွေ ဝိုင်းဖွဲ့ထိုင်နေကြတာကိုတွေ့ရတယ်။ ကျွန်တော့်ကိုမြင်တော့ "လာထိုင် ကျွန်တော်တို့ အစည်းအဝေးမစသေးဘူး " ဆိုပြီး အဲ့ဒီထိုင်နေတဲ့ လူတွေကြားထဲက ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ သူတစ်ယောက်က ကျွန်တော့်ကို ရင်းရင်းနှီးနှီး ကြိုဆိုတယ်။(ထိုကြိုဆိုသူမှာ လက်ရှိ (NHK) သတင်းဌာနတွင် တာဝန်ထမ်းဆောင်နေသော ကိုသီဟသွယ် ဖြစ်သည်။စကားချပ်)
အဲ့ဒီနောက် အတူတကွ စည်းဝေးတိုင်းပင်ကြတယ်။ အဲ့ဒီအချိန်တွေက တစ်ဦးနဲ့တစ်ဦး ယုံကြည်ဖို့ဆိုတာ အလွန်ခဲရင်းတဲ့ အချိန်တွေ။ ဘာကြောင့်လဲဆိုရင် ရန်သူရဲ့ လူတစ်ယောက်လောက်သာ ဒီလိုအဖွဲ့ထဲမှာပါခဲ့မယ်ဆိုရင် နေရာတင် တထိုင်ထဲ ပွဲပြီးသွားနိုင်လို့ဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်က တော်လှန်ရေးမှာ ပါဝင်သူအများစုဟာ မိမိကိုယ်ကို မိမိ ယုံကြည်မှု့ရှိကြသလို တစ်ဦးအပေါ်တစ်ဦး သံသယ ကင်းကင်းနဲ့ အလုပ်လုပ်ခဲ့ကြလို့ လုပ်ဆောင်ချက်တိုင်းဟာ ထိရောက်အောင်မြင်မှု့တွေ ရှိခဲ့သလို ပြည်သူလူထုရဲ့ အပြည်အဝ ထောက်ခံမှု့နဲ့ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်မှု့တွေကို ရရှိခဲ့တယ်လို့ သုံးသပ်ချင်တယ်။ ဒါကြောင့် (၈၈)ရဲ့ စိတ်ဓါတ်အမှန်ဟာ မိမိကိုယ်မိမိ ယုံကြည်မှု့နဲ့ မိမိနဲ့ ပူးပေါင်းဆောင်ရွက်လာသူမှန်သမျှအပေါ် သံသယကင်းကင်းနဲ့ ရည်မှန်းချက် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်မှု့ဘဲ ဖြစ်တယ်လို့ ကောက်ချက်ချချင်တယ်။
ဒါပေမဲ့ ယနေ့ခေတ်မှာ (၈၈)စိတ်ဓါတ်တွေ မရှိတော့ဘူးလို့ ပြောချင်တယ်။ မြန်မာပြည်ထဲက လူကိုမပြောနဲ့ မြန်မာပြည်နဲ့ မိုင်ထောင်ချီတဲ့နေရာမှာ တော်လှန်ရေးလုပ်နေသူတွေလဲ တဦးချင်းအရည်အချင်းလျှော့နဲလာသလို တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု့လဲမရှိကြတော့တဲ့အပြင် ရန်သူ့လူလို့ အပြန်အလှန်စွပ်ဆွဲချက်တွေရှိလာကြတယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ငန်းစဉ်တွေဟာ ထိရောက်အောင်မြင်မှု့တွေနဲလာသလို သူတို့ရဲ့ စည်းလုံးညီညွတ်မှု့ မရှိမှု့ဟာ ရန်သူကို အရောင်တင်ပေးသလို ဖြစ်နေသလို မိမိရဲ့ အားနဲချက်ကို ရန်သူကို ဖွင့်ပြနေသလို ဖြစ်နေတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ ကျောင်းသားလို့ ပြောလိုက်ရင် ပြည်သူလူထုက ကိုကိုကြီး၊ ကိုမင်းကိုနိုင်ကလွဲပြီး ဘယ်သူ့ကိုမှ ပြည့်ပြည့်ဝဝ ထောက်ခံမှု့မပေးဘူး။ နိုင်ငံရေးသမား ၊ လူထုခေါင်းဆောင် လို့ ပြောလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ကလွဲပြီး ကျန်တဲ့သူတွေကို ပြည်သူက အသိအမှတ်မပြုဘူး။ ဒါဘာကြောင့်လဲ ကျန်တဲ့သူတွေမှာ ၊ ကျန်တဲ့အဖွဲ့အစည်းအများစုမှာ (၈၈)စိတ်ဓါတ်တွေမရှိကြသလို (၈၈)စိတ်ဓါတ်ဆိုတာ ဘာလဲတောင် မသိကြဘူး။ အဲ့ဒီထဲက အများစုက ကိုယ်နဲမသိရင် ရန်သူ့လူထင်မယ်။ ပြည်သူလူထုရှေ့မှာ မိမိရဲ့ အရည်အချင်းကို ထုတ်မပြရဲသလို မိမိရဲဘော်ရဲဘက်တွေကို ယုံကြည်စိတ်ချစွာ တာဝန်လဲမပေးရဲကြဘူး။ မိမိအဖွဲ့အစည်းအတွင်းမှာ စည်းလုံးညီညွတ်မှု့ကို မတည်ဆောက်နိုင်သလို မိမိရဲ့ပတ်ဝန်းကျင်မှာရှိသူတွေကိုလဲ စည်းလုံးညီညွတ်မှု့နဲ့ ညီညွတ်ခြင်းရဲ့အင်အားကို ပြနိုင်စွမ်းမရှိကြဘူး။ အလုပ်ခွဲဝေလုပ်ကိုင်ခြင်း အပြန်အလှန်တာဝန်ယူမှု့နဲ့ မိမိကိုယ်မိမိတာဝန်ယူမှု့ ကို နားမလည်ကြဘူး။
ဒီလိုဖြစ်ပျက်နေမှု့တွေက ရှေ့မှာပေါ်ပေါက်လာနိုင်တဲ့ လူထုလှုပ်ရှားမှု့တွေမှာ ပြည်သူလူထုကြီးတရပ်လုံးက အမှန်တကယ်အားကိုး ယုံကြည်ရတဲ့ အဖွဲ့အစည်းဆိုတာ အာဏာပိုင်အဖွဲကလွဲပြီး ဘယ်သူမှမရှိဘူလို့ထင်သွားအောင်  အနာဂတ်ရဲ့ ကြယ်ပွင့်တွေဖြစ်တဲ့ ယနေ့လူငယ်တွေကို နမူနာဆိုးတွေ လုပ်ပြနေသလို ဖြစ်နေတယ်။
အကယ်၍ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီး ပြန်တည်ဆောက်နိုင်ရင်တောင်မှ ကျောင်းသားတွေရဲ့ အမှန်တကယ် စည်းလုံးညီညွတ်မှု့ကြောင့် ပေါ်ပေါက်လာတာမဟုတ်တဲ့အတွက် မင်းကိုနိုင်လက်ထက်မှာ တည်ဆောက်နိုင်ရင် မင်းကိုနိုင် ကျောင်းသားသမဂ္ဂ ၊ ကျော်ကိုကိုလက်ထက်မှာ တည်ဆောက်နိုင်ရင် ကျော်ကိုကို ကျောင်းသားသမဂ္ဂ ဘဲဖြစ်နေမှာဘဲ။ ဘယ်ကျောင်းသားထုကိုမှ ကိုယ်စားမပြုသလို သမဂ္ဂခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ ပြည်သူလူထုလောက်ကသာ ကျောင်းသားသမဂ္ဂကို အသိအမှတ်ပြုကြမှာဖြစ်ပြီး ကျန်ပြည်သူတရပ်လုံးကတော့ သူတို့နဲ့ မဆိုင်သလို နေနေကြမှာဘဲ ဖြစ်တယ်။
ဒါကြောင့် နောက်ဆုံးအနေနဲ့ ပြောချင်တာက (၈၈)လှုပ်ရှားမှု့ကြီးမှာ ပြည်သူလူထုကြီးတရပ်လုံး အပြည့်အဝ ပူပေါင်းပါဝင်လာတာဟာ လှုပ်ရှားမှု့မှာပါဝင်ခဲ့ကြသူတွေရဲ့ တဦးအပေါ်တစ်ဦး ယုံကြည်မှု့ ၊ တဦးခြင်းအရည်အချင်းရှိမှု့၊ မိမိကိုယ်မိမိယုံကြည်မှု့နဲ့ မိမိအဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေကို ယုံကြည်မှု့နဲ့ လှုပ်ရှားမှု့မှာ ပူးပေါင်းပါဝင် လာသူမှန်သမျှကို လေးစားစွာ အသိအမှတ်ပြုမှု့တွေကို ပြည်သူတွေကို လက်တွေ့ပြနိုင်ခဲ့တဲ့အတွက်(၈၈)အရေးတော်ပုံကြီးဟာ မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်းမှာ စာတင်ရလောက်အောင် ကြီးမားစွာ အောင်မြင်ခဲ့ခြင်းဖြစ်တယ်လို့ ယနေ့ခေတ်လူငယ်တွေကို လက်ဆင်ကမ်းပြောကြားရင်းနဲ့ ဒီဆောင်းပါးကို အဆုံးသက်ချင်တယ်။


(၁၉၈၈)ဂျွန်လအနှင့် ဂျူလိုင်လအတွင်းရွေတိဂုံ စေတီတော် အောင်မြေတွင် မကြောက်တရားဟောနေသော မျိုးချစ်ကျောင်းသားတပ်ဦး အဖွဲ့ဝင်များ။

သမဂ္ဂအစည်းအဝေးတစ်ခုတွင် ဆွေးနွေးနေသော စာရေးသူ။

No comments: