အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ညွန့်ပေါင်းဖွဲ့မယ်လို့ သူရဦးရွှေမန်းကတော့
ပြောလိုက်ပြန်ပါပြီ။ အော်.... လျှာ အရိုးမရှိတိုင်း ပြောချင်ရာကို
ပြောတော့တာပါလား။
လွှတ်တော်ဥက္ကဌ ဗိုလ်ရွှေမန်းတယောက် အခြေခံဥပဒေမှ ဖတ်ဖူးရဲ့လား မသိ။ သူတို့ ဥပဒေထဲမှာ ဘယ်မှာ ညွန့်ပေါင်းဖွဲ့စရာ ပါလို့လဲ။
လွှတ်တော် ၂ ခုနဲ့ စစ်သားကိုယ်စားလှယ်တွေက ဒုသမ္မတ တစ်ယောက်စီရွေး။ အဲသလို ရွေးထားတဲ့ အထဲကနေ သမ္မတ တစ်ယောက်ရွေး။ အဲဒီသမ္မတကနေ အစိုးရဖွဲ့ရမယ် မဟုတ်လား။ အဲဒီ သမ္မတက အစိုးရဖွဲ့တဲ့အခါ သူကြိုက်ရာလူကို ရွေးပြီး အစိုးရဖွဲ့လို့ ရတယ်။ အဲဒါ အခြေခံဥပဒေက ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေပဲ။
အစိုးရအဖွဲ့ဝန်ကြီးတွေဟာ ပြည်သူက ရွေးကောက်ထားတဲ့သူ ဖြစ်ချင်ဖြစ်၊ မဖြစ်ချင်နေ၊ ကုန်ကုန်ပြောရရင် သူခိုးဖြစ်ချင်ဖြစ် ဂျပိုးဖြစ်ချင်ဖြစ် ဘာကြီးပဲ ဖြစ်ဖြစ် သမ္မတက ကြိုက်ရာ ရွေးလို့ရပါတယ်။ ကဲ.... ဒီတော့ ညွန့်ပေါင်း အစိုးရ ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ဦးမှာလဲ။
ကြံ့ဖွံ့က သမ္မတ ဖြစ်ပြီဆိုပါတော့။ သဘောထားကြီးကြီးထားပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလူတွေကို ဝန်ကြီးအဖွဲ့ထဲ ထည့်မတဲ့လား။ အဲသလို ပြောရင် ဘယ်သူတွေယုံမလဲ။ ထမင်းစားပြီးကြီးတဲ့လူတွေကတော့ ဘယ်သူမှ ယုံမယ်မထင်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သမ္မတဖြစ်ပြီ ဆိုပါတော့....။ ဘောင်းဘီချွတ် တွေကို ဝန်ကြီးအဖွဲ့ထဲ ထည့်မတဲ့လား။ ဒီချုပ်ခေါင်းဆောင်တွေကထည့်ချင်ရင်တောင် ပြည်သူက လက်ခံလိမ့်မယ် မထင်။ ဒီတော့ ညွန့်ပေါင်း အစိုးရဆိုတာ ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ။
ဗိုလ်ရွှေမန်းကြီး အခြေခံဥပဒေမဖတ်ဖူးလို့များ ကယောင်ကတန်းတွေ လျှောက်ပြောနေတာလား။ သမ္မတ လုပ်ချင်သူတယောက်အနေနဲ့ ဒီလောက်တော့လည်း အလိမ့်မယ်မထင်။ ဒါဆိုရင် ဘာသဘောနဲ့များ ဒီစကားတွေကို ကမ္ဘာလှည့်ပြီး သူပြောနေတာပါလိမ့်။
တခြား စကားလေးတွေနဲ့ပါ ဆက်စပ် စဉ်းစားလိုက်ရင် ပိုပြီး ပေါ်လွင်မယ် ထင်ပါရဲ့။ ၉၆၉ တွေရဲ့ စတစ်ကာ ကပ်လှုပ်ရှားမှုတွေကို အရေးယူသွားမှာ ဖြစ်ပါတယ်တဲ့။ သူဒီလိုပြောတော့ အားရသူတွေကလည်း အားရနေကြလေရဲ့။ မူအားဖြင့်တော့ ကြိုဆိုရမှာပါပဲ။ ဘာသာရေး အမုန်းပွားမှုတွေကို မီးထိုးမီးတိုက် လုပ်တဲ့ အရာတွေကို အရေးယူမယ်ဆိုတော့.....။ ဒါပေမဲ့ စဉ်းစားကြည့်ကြပါ။ ဦးရွှေမန်းကဘာလဲ။ သူက လွှတ်တော် ဥက္ကဌပါ။ ဆရာဇော်ဂျီရဲ့ ကဗျာထဲကလို သူ့ကိုယ်သူပင် ဘာထင်လေ မသိ လို့ ရွတ်ရတော့မလို ဖြစ်နေပါပေါ့လား။ လွှတ်တော်ဥက္ကဌမှာ ဟိုလူကို အရေးယူမယ်၊ ဒီလူကို အရေးယူမယ်လို့ လုပ်နိုင်တဲ့ အာဏာရှိလို့လား။ အရေးယူတဲ့အလုပ်ကို အစိုးရက လုပ်ရမှာမဟုတ်လား။ ဒါကို ရွာလွန် ရွက်တိုက်ပြီး သူက အရေးယူမလေး၊ဘာလေး လုပ်နေတာက ဘာ့ကြောင့်များပါလိမ့်။ စဉ်းစားစရာ တချို့ ဖြစ်လာတယ်။
အစိုးရလုပ်ပြီး တိုင်းပြည်အုပ်ချုပ်ရေးအာဏာကို အမှန်တကယ် လက်တွေ့ကျင့်သုံးနေတဲ့ သူတွေထဲမှာ သူများ ပါနေလေရော့သလား။ အခြေခံဥပဒေအရကတော့ဖြင့် လွှတ်တော် ဥက္ကဌက ပါစရာမရှိပေဘူး။ ဒါပေမဲ့ သူရ ဦးရွှေမန်းက ကာလုံ အဖွဲ့ဝင်တယောက်လည်း ဖြစ်နေပြန်ရဲ့။ ကာလုံအဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မှု မှန်သမျှက သတင်းအမှောင်ချထားလေတော့ အဲဒီကာလုံအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကများ အစိုးရကို လွှမ်းမိုးထားလေသလား။
ဒါမှ မဟုတ်၊ နောက်ထပ် စဉ်းစားစရာ တခုရှိတာက အခု လွှတ်တော် ဥက္ကဌတွေ၊ အစိုးရ အဖွဲ့ခေါင်းဆောင်တွေဆိုတာက အားလုံး အရင် အစိုးရ လူဟောင်းတွေချည်း မဟုတ်လား။ ဒီတော့ ကန့်လန့်ကာနောက်၊ ကန့်လန့်ကာရှေ့ကလူတွေအားလုံးတိုင်ပင် ပြီး တိုင်းပြည်ကို စီမံ ခန့်ခွဲနေရော့သလား။ ကဲဗျာ... တည့်တည့်ပြောရရင်ဖြင့် ဗိုလ်ချုပ်သန်းရွှေခေါင်းဆောင်တဲ့ ကော်မတီတခုကနေ နောက်ကွယ်မှာ အစည်း အဝေးထိုင်ပြီး တိုင်းပြည်ကို အုပ်ချုပ်နေသလားပေါ့။ အဖြစ်နိုင်ဆုံးက ဒါပါပဲ။ အဲသလိုမျိုးသာ ဖြစ်ခဲ့ရင်တော့ အဲဒီကော်မတီမှာ ဗိုလ်ရွှေမန်းလည်းပါ၊ ဗိုလ်သိန်းစိန်လည်းပါ၊ ဗိုလ်မင်းအောင်လှိုင်လည်းပါ၊ ဗိုလ်အောင်သောင်းလည်းပါမှာပဲ။ အဲသလိုမျိုး အုပ်ချုပ်စီမံခန့်ခွဲခွင့်ရသူတွေထဲမှာ သူလည်း ပါနေတော့ သူ့ကိုယ်သူ လွှတ်တော်ဥက္ကဌဆိုတာ မေ့ပြီး ဘာလုပ်လိုက်မယ်၊ ညာလုပ်လိုက်မယ်ဆိုပြီး ထကြိမ်းဝါးလိုက် တာ ဖြစ်နိုင်တယ်။
ဒါပေမဲ့ ဦးသိန်းစိန်တို့ ဦးအောင်မင်းတို့ ဦးစိုးသိန်းတို့တတွေက ပိုးမွေးသလို တသသ မွေးထားပြီး အသုံးချနေတဲ့ ၉၆၉ အုပ်စုကို သူကထပြီး ဘာလုပ်မယ်၊ ညာလုပ်မယ်ထပြောတာက မထူးပေဘူးလား။ ဦးသိန်းစိန်ကြီး ငုတ်တုတ် ထားပြီး မိမိလည်း သမ္မတလုပ်ချင်ပါတယ်ထပြောတာကရော မထူးပေဘူးလား။ အမျိုးသားပြန် လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေနဲ့ ပတ်သက်ရင် မိမိက တခြားသူတွေထက် စေတနာရော အရည်အချင်းရော ပိုရှိတယ်လို့ ရဲရဲကြီး ပြောရဲတယ်လို့လည်း ဆိုသွားပါသေးတယ်။ မထူးခြားဘူးလား။
၉၆၉ ကိစ္စကို သူဒီလိုပြောတာတွေ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ညွန့်ပေါင်းအစိုးရဖွဲ့မယ်ဆိုတာတွေဟာ တကယ်တန်း အခြေခံဥပဒေရှုထောင့်ကကြည့်ရင် စောစောက ပြောခဲ့သလိုပရမ်းပတာတွေချည်းပဲ။ တောရမ်းမယ်ဘွဲ့ လျှောက်ပြောနေတယ်လို့သာ ယူဆစရာရှိတော့တာပဲ။ ဒါပေမဲ့ ဒီလိုမဟုတ်ဘူးဗျ။ တကယ်တော့ သူဒီလိုပြောနေတာ အနောက်နိုင်ငံတွေကို မျက်စပစ်ပြနေတာ။ အမေရိကန်ကို ကြိတ်ပိုးပိုး နေတာ။ ဦးသိန်းစိန်ကိုပဲ ကြွေမနေပါနဲ့၊ မိမိလည်း ပြုပြင်ပြောင်းလဲရေး လိုလားသူပါပဲ။ မိမိကိုလည်း ထောက်ခံပါလို့ ပြောနေတာပါ။ ဦးသိန်းစိန်ကမှ ၉၆၉ တွေကို အသုံးချပြီး ဘာသာရေး ပဋိပက္ခတွေ လုပ်နေသေး တယ်။ မိမိသာဆိုရင် လူ့အခွင့်အရေးကို ပိုမို လေးစားတဲ့သူဖြစ်လို့ ၉၆၉ ကိုလည်း ချမ်းသာ မပေးဘူးလို့ ပြောပြလိုက်တာပါပဲ။ အမေရိကန်ကို လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် လုပ်ပြလိုက် တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညွန့်ပေါင်းဖွဲ့စရာရှိတယ်ဆိုတဲ့ ဘယ်လိုမှ ဖြစ်နိုင်စရာမရှိတဲ့ စကားကို ထပြောတာကလည်း ဒါပါပဲ။ မိမိက သဘောထားတင်းမာသူ မဟုတ်ပါဘူး။ အမေရိကန်အစိုးရက ကြိုက်တဲ့ နှစ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တောင် တည့်အောင် ပေါင်းနိုင်သူ ဖြစ်ပါတယ်လို့ ပြောချင်တာက လိုရင်းပါပဲ။
ဒါတွေကို ကြည့်ရင် သေချာပေါက် ကောက်ချက်ချနိုင်တာ တခုကတော့ သူရဦးရွှေမန်းတယောက်တော့ အာဏာငန်းဖမ်းနေပြီဆိုတာပါပဲ။ ရောဂါက တော်တော်ကျွမ်းနေပုံပါပဲ။ တော်တော်လေးကို အငမ်းမရဖြစ်နေ ပုံပါ။ လူနာ အမဲခြောက်တောင်းသလိုကို တောင်းနေတော့တာပါပဲ။
တကယ်တော့လည်း သူရဦးရွှေမန်းဆိုတာက ဦးသိန်းစိန်ထက် စီနီယာပါ။ ဖြစ်ချင်းဖြစ် သူသာ သမ္မတဖြစ် သင့်တာပေါ့။ ဒါပေမဲ့ ကြံ့ဖွံ့ပါတီကြီးက စီနီယာ ဦးရွှေမန်းကို ကျော်ပြီး ဦးသိန်းစိန်ကို တော်ကောက်တော်မူ သတဲ့။ ဒါလည်း မဆန်းဘူးလား။ ကြံ့ဖွံ့ ဗဟိုကော်မတီဆိုတာ တကယ်တော့ အားလုံးသိကြတဲ့ အတိုင်း စစ်တပ်ပဲ။ ဆိုလိုတာက ကြံ့ဖွံ့ ဗဟိုကော်မတီဆိုတာ စစ်အာဏာရှင်ဟောင်းတွေနဲ့ချည်း ဖွဲ့ထားတာ။ စစ်တပ် ပုံစံနဲ့ ဖွဲ့ထားတာ။ အထက်လူကို အောက်လူက ဘယ်လိုမှ ကျော်လုပ်လို့ မရဘူး။ ကြံ့ဖွံ့ပါတီထဲမှာ ဒီမိုကရေ စီဆိုတာ နှမ်းတလုံးစာတောင် မရှိဘူး။ ဒီလိုဗဟိုကော်တီက အထက်လူကို ကျော်ပြီး အောက်လူကို ရွေးရဲတယ် ဆိုတာ ဘာ့ကြောင့်လဲ။ စဉ်းစားကြည့်ရင် အသိသာကြီးပါ။ အဲဒီအထက်လူ ၊ အောက်လူ နှစ်လူ စလုံးရဲ့ အထက်မှာ စူ့ထက်စူ လူစွမ်းကောင်း ရှိနေသေးတယ်ဆိုတဲ့ သဘောပါ။ ဗိုလ်ချုပ်သန်းရွှေ အမိန့်ကြောင့်သာ မဟုတ်ရင် ဗိုလ်ရွှေမန်းကခံမတဲ့လား။
ခုဗိုလ်ရွှေမန်းက သူတကယ်သမ္မတဖြစ်ချင်ပြီလို့ ပြောနေပြီ။ ဗိုလ်ချုပ်သန်းရွှေ မီးစိမ်းပြလို့ ဖြစ်ချင်လည်း ဖြစ်မယ်။ ဒါမှမဟုတ် ဗိုလ်ချုပ်သန်းရွှေကြိုက်ကြိုက်မကြိုက်ကြိုက် သွေးတိုးစမ်းကြည့်တာလည်း ဖြစ်ချင်ဖြစ် မယ်။ ဗိုလ်ခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းပြီး အနောက်နိုင်ငံ အလိုကျ ပြုပြင်ပြောင်းလဲရေး ကယ်တင်ရှင်ကြီးလုပ်ဖို့ ကြံတုံးက ဦးသန်းရွှေက ဘာလုပ်သလဲ။ ဗိုလ်ခင်ညွန့်ကို သူခိုးစွပ်စွဲပြီးဖမ်းချုပ်ပစ် လိုက်တယ်။ ဒါပေမဲ့ ဦးရွှေမန်းက ဗိုလ်ခင်ညွန့်လိုလုပ်မယ်ဆိုရင်တော့ သူခိုးစွပ်စွဲပြီး ဖမ်းချုပ်ဖို့က ခက်ပြီ။ ဦးရွှေမန်းက လွှတ်တော်ဥက္ကဌကြီး၊ ဦးသန်းရွှေက ဘာကောင်မှ မဟုတ်တော့ဘူး။ ကျန်တဲ့ ဦးသိန်းစိန်တို့၊ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့၊ ဦးအောင်သောင်းတို့ ညီကြတယ်ဆိုဦးတော့ လွှတ်တော် ဥက္ကဌကို ဖမ်းချုပ်မယ်ဆိုရင် ဆင်ထားတဲ့ အကွက်အားလုံးပျက်တော့မှာပါ။
ဒီလိုပြောလို့ အခုကျနော့် သုံးသပ်ချက်တွေသာ မှန်ရင် အားရစရာကြီးဖြစ်နေပြီ၊ သူတို့ အချင်းချင်း ဆော်ကုန်တော့မယ်ဆိုပြီးတော့လည်း ထပြီး ဝမ်းမသာနဲ့ဦး။ သူတို့က အချင်းချင်းသာ မတည့်တာ၊ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ဖို့ ဆန့်ကျင်ဖို့ဆိုရင်တော့ တကယ့် အတွင်းသဘောမှာက ညီညွတ်ပြီးသား။
ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တဲ့ ဥပဒေကို ပြင်ပေးမလားလို့ မေးတော့ ဦးရွှေမန်းဘာဖြေသလဲ။ “အခြေခံဥပဒေမှာ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့ ကော်မတီဖွဲ့ပြီးသားပါတဲ့။ တယောက်တည်း အကျိုးစီးပွား မဟုတ်ဘဲ အများပြည်သူ အကျိုးစီးပွားရှိမယ့်ဟာကိုဆိုရင် ပြင်ဖို့ ဆောင်ရွက်ပါမယ်”တဲ့။ “ပြည်သူတွေက ရွေးကောက်တင်မြှောက်ရင် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်နိုင်ပါတယ်” ဆိုတဲ့ ဦးသိန်းစိန်စကားနဲ့ တထပ်တည်း။ နှစ်ယောက်စလုံး ဝေ့လည် ကြောင်ပတ်ချင်းအတူတူ။ ဒီစကားတွေဟာ အထက်ကညွှန်ကြား တဲ့ အတိုင်းပြောနေတယ်ဆိုတာ သိသာတယ်။ ဦးရွှေမန်းအာဏာလိုချင်တယ်ဆိုပေမဲ့ ဦးသန်းရွှေကို ပြောင်ပြောင်တင်းတင်းတော့ မဆန့်ကျင်ရဲသေးဘူးဆိုတာ ဒီအချက်ကပြနေတယ်။ တခြားစစ်အာဏာရှင်တွေ မကြိုက်မယ့် စကားကိုတော့ မပြောရဲသေးဘူးဆိုတာ ထင်ရှားတယ်။ နောက်ဆုံးကျတော့လည်း ဒီပုပ်ထဲက ဒီပဲပါပဲ။
မြစ်ဆုံကိစ္စပြန်လုပ်မှာလားမေးတော့ရော ဘာပြောလဲ။ မိမိတယောက်တည်း ဆုံးဖြတ်လို့ မရပါဘူးတဲ့။ ပညာရှင်တွေနဲ့ တိုင်ပင်ရဦးမှာတဲ့။ တကယ်တော့ အထက်က အဘရဲ့ အဘတွေနဲ့ တိုင်ပင်ရဦးမှာလို့ ဆိုလိုချင်တာပါပဲ။
သူရဦးရွှေမန်းဟာ လွှတ်တော်ထဲမှာ အခုဒေါ်အောင်ဆန်းစုကြည်နဲ့ အလုံးကြီးလုံးနေတာကိုလည်း အားလုံး မြင်နေကြတဲ့ အတိုင်းပါပဲ။ ဦးသိန်းစိန်တုံးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးသလို အခု ဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးပြနေတယ်ဆိုတာ စစ်အာဏာရှင်ချင်းအတူတူတောင် အမေရိကန်အကြိုက်စစ်အာဏာရှင်ကြီးဖြစ်ချင်တဲ့ သဘောပါပဲ။ အမေရိကန်ကြိုက်ရင် နိုဗဲဆုတွေဘာတွေ တောင် မှန်းလို့ရသေးတယ် မဟုတ်လား။
ဒါပေမဲ့ ဦးရွှေမန်းဆိုတာက တိုင်းမှူးကြီးတွေကို ဆော်တုံးကလည်း ရှေ့တန်းကပါဝင်ခဲ့သူ။ ဗိုလ်ခင်ညွန့်ကို ဆော်တော့လည်း သူပဲ။ မြောက်ကိုရီးယားနဲ့ဆက်သွယ်ပြီးစာချုပ်တွေဘာတွေချုပ်တာလည်းသူ။ နေပြည်တော် အောက်က လျှောမွေး နျူးကလီးယား စီမံကိန်းကြီးကို စိတ်ကူးယဉ်စဉ်ကလည်း အဓိက ဇာတ်ကောင်ပါ။ သူ့သားတွေကလည်း ဦးသန်းရွှေမြေးနဲ့ တောင် ပခုံးချင်းယှဉ်လိုက်ချင်သေး။ သူတို့စားထား၊ ခိုးထားတာတွေကလည်း ပြောင်ပြောင်တင်းတင်း။ ဒါတွေကြောင့်လည်း ဗိုလ်ချုပ်သန်းရွှေက ပြုပြင်ရေး ဗိသုကာ ရွေးတော့ သူ့ကို ကျော်ပြီး ဦးသိန်းစိန်ကိုရွေးခဲ့တာပါ။ ဒါပေမဲ့ခက်တာက ဗိုလ်ရွှေမန်းသိထား တာတွေက သိပ်များနေတယ်။ သူ့ကို မထိတထိလည်း လုပ်လို့မရ။
ဒီတော့ ကျနော်တို့ ပြည်သူတွေ အတွက် ဆိုရင်ရော။ ပြည်သူတွေ အတွက်ကတော့ ဗိုလ်ရွှေမန်း လာရင်လည်း နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲမယ့်ပုံပါ။ ရှေ့ကတယောက်က မီးလောင်ဗုံးဆို၊ နောက်ကတယောက်က အဆိပ်ဗုံးတွေ ဘာတွေမလုပ်ဘူး မပြောနိုင်တဲ့ အခြေအနေမျိုးပါ။
ပွဲကြိုက်ခင်တို့ကတော့ ဖိုးစိန်ကြီးဇာတ်နဲ့ ရွှေမန်းဇာတ်သာ အပြိုင်ရုံသွင်းမယ်ဆိုရင် ဘယ်ဇာတ်ကို အားပေးကြမလဲ မသိဘူး။ ကျနော့် သဘောကတော့ သူတို့တတွေ ဘယ်လိုပဲ အကကောင်းကောင်း ငှက်ပျောသီးမြင်ရင်တော့ မျောက်ခုန်ထခုန်မယ့် သူတွေချည်းပဲလို့ ထင်မြင်မိကြောင်းပါ။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
ဇွန်လ ၁၆ ရက်။ ၂၀၁၃။

No comments:
Post a Comment