“ဖေဖေ.. သားကို ဖိနပ်ဝယ်ပေးပါနော်..” လို့ မဝံ့မရဲနဲ့ ပူဆာမိလိုက်တဲ့ သားငယ်လေးရဲ့ နောက်မြီးပြတ်လုမတတ် ပါးနေတဲ့ ရာဘာဖိနပ် အဟောင်းလေးက ဝဲတက်လာတဲ့ မျက်ရည်များကြောင့် ကျွန်တော်အမြင်မှာ ဝေဝါးဝါးရယ်ပါ… ဒါပေမယ့် ကျွန်တော့်ထုံးစံအတိုင်း အပြုံးလေးနဲ့.. “အေးပါ သားရယ်.. အဖေလခ ထုတ်တဲ့နေ့ကြရင် ဝယ်ပေးမယ်နော်.. လောလောဆယ်တော့ ဒီဖိနပ်ကလေးကိုပဲ ခဏစီးထားလိုက်ပါ သားရယ်” လို့သာ ပြန်ပြောနိုင်ပါတယ်။ သားငယ်လေးရဲ့ စိတ်ထဲမှာတော့ ကျွန်တော် အမြဲပြောတဲ့ လခထုတ်တယ်ဆိုတဲ့ ရက်က ဘယ်ရက်ကို ဆိုလိုမှန်း သိနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း လက်ထဲမှာ တစ်ရက်ပြည့်အောင် မကိုင်ထားနိုင်တဲ့ လစာထုတ်ရက်ကို မမှတ်မိနိုင်တော့တာ အမှန်ပါ။ အိမ်ရဲ့ လိုအပ်ချက် အားလုံးကို လခထုတ်ရင် လုပ်ပေးပါ့မယ်လို့ပဲ လွယ်လွယ်ကတိပေး နှစ်သိမ့်တတ်ပေမယ့် ကျွန်တော့်ရဲ့ မဖြစ်စလောက် လစာငွေလေးက မိသားစု စားဝတ်နေရေးအတွက် အလျဉ်မီအောင် မထောက်ပံ့ပေးနိုင်ခဲ့ပါဘူး။
“မောင်နိုင်ရေ ကုန်စိမ်းကားတွေ ဝင်လာတော့မယ်နော်” ဟု အော်ပြောသွားသော ၂အိမ်ကျော်မှ ဦးကြီးမောင်၏ အသံကို ကြားမှပင် ကျွန်တော်လည်း ငိုင်နေရာမှ ကမန်းကတန်းထကာ ခနော်ခနဲ့ ကြမ်းများကို သတိထားကာဖြင့် အိမ်အောက်ရှိ ဆိုက်ကားရှိရာသို့ ပြေးဆင်းလိုက်ရပေတော့သည်။
ဒါတောင် အိမ်နောက်တွင် အထည်များကို အငှားလက်ချုပ် လိုက်နေသော မိန်းမဖြစ်သူအား “အေးရေ.. ငါ ကားဂိတ်ဘက်သွားပြီဟေ့ ကလေး၂ကောင်ကို ကြည့်ထားလိုက်ဦးနော်၊ အိမ်ရှေ့က မီးခွက်ကို မလိုရင် ငြှိမ်းထားလိုက်တော့” ဟု လှမ်းအော်ကာ ပြောခဲ့ရသေးသည်။ မဟုတ်ရင် မိအေးတစ်ယောက်က တကုပ်ကုပ်နဲ့ လက်ချုပ်လိုက်နေလျှင် အိမ်ရှေ့ကို အာရုံစိုက်တော့မှာ မဟုတ်ဘူးဆိုတာ သိနေမှကိုး၊
မိအေးကိုလည်း အပြစ်မပြောသာပါဘူး၊ သူ့ခမျာလည်း ပညာတတ်ရုံးစာရေးဝန်ထမ်းကို အထင်တကြီးနဲ့ ယူထားမိပြီးကာမှ အိမ်စရိတ်ကို ဖာထေးနိုင်အောင် တစ်နေကုန် အိမ်အလုပ်လုပ်၊ ကလေးထိန်း၊ ညဘက်ကျ အနီးအပါး စက်ချုပ်ဆိုင်မှ အထည်များကို အထည်ကောက်ဖြင့် လက်ချုပ်လိုက်ပြီး ကလေး (၄) ယောက်နှင့် အိမ်ထောင့်ဝန်ကို တစ်ပိုင်တစ်နိုင် ဝင်ထမ်းပေးနေရရှာတာလေ.. ကလေး တိုးလို့တွဲလောင်း ထိန်းရသည်က တစ်ဖက်၊ အိမ်မှုဗာဟီရကတစ်ဖက်နှင့်မို့ ညဦးပိုင်း ကလေးများ စာကျက်ချိန်မှသာ စတင်ပြီး လုပ်ရတာ ဆိုတော့ ကျွန်တော် ဆိုက်ကားသိမ်းပြီး ပြန်ချိန်အထိ မိအေးခမျာလည်း အိပ်ရသေးသည် မရှိတာများသည်။ မနက်ကျတော့လည်း ရုံးသွားဖို့ ပြင်ဆင်ပေးရတာနဲ့ဆိုတော့ မိအေးကိုလည်း သနားလှပြီ…
ကြီးတော်ကြီးဆီက မောင်နှမတစ်သိုက် အမွေခွဲတော့ ငွေလေးနည်းနည်းပါးပါးရလာတယ်.ဒါေ
ထိုအခါ ရပ်ကွက်ထဲရှိ မအေးသန်း၏ ကုန်စုံဆိုင်လေးသည်သာ ကျွန်တော်တို့ရဲ့ အားကိုးရာ ဖြစ်နေရသည်လေ။ တစ်လလုံးအတွက် တိုလီမိုလီများကို အကြွေးယူထားရသော မအေးသန်းဆိုင်လေးကို လစာထုတ်သည်နှင့် လစာအကုန်လုံးနီးပါး ထိုးပေးလိုက်ရသည်က များသည်၊ ပေးပြီးသည်နှင့် တန်းပြီး နောက်လအတွက် အကြွေးစာရင်း စဖွင့်ရသောကြောင့်လည်း မအေးသန်းဆိုင်တွင် အကြွေးကင်းသော ရက်ဟူသည် မရှိ၊ ဒါတောင် အစိုးရဝန်ထမ်းဟူသော ဂုဏ်ကို ယုံကြည်မှုဖြင့် အကြွေးပေးနေသည့် မအေးသန်းကိုပင် ကျေးဇူးတင်နေရသေးသည်၊ မဟုတ်ရင် တစ်လလုံး လိုအပ်ချက်များကို ဘယ်ကငွေဖြင့် ဝယ်ယူဖြည့်တင်းပေးရမည်ဆိုသည်ကို
ညစဉ် ညတစ်ပိုင်း ဆိုက်ကားနင်းရာမှ ရသော ငွေများမှာလည်း နေ့စဉ်စားစရိတ်ကိုပင် လောက်ငအောင် မထောက်ပံ့နိုင်ခဲ့၊ မိခင်ကြီး မကွယ်လွန်မီက ဆေးကုသစရိတ်များမှာလည်း အခုထိ ဆပ်လိုက်၊ မကျေလိုက် ဖြင့်ပင် သံသရာလည်နေသေးသည်၊ ဒါတောင် နောက်နှစ် သားအကြီးကောင်က (၅) တန်းတက်ပြီဆိုလျှင် ယခုထားထားသော ရပ်ကွက် မူလတန်းကျောင်းမှ ဟိုဘက်ရပ်ကွက်ရှိ အထက်တန်း ကျောင်းကို ပြောင်းရွှေ့ ကျောင်းအပ်ရဦးမည်၊ အဲဒီကျောင်းပြောင်းစရိတ်အတွက်လည
ဘာပဲဖြစ်ဖြစ် သားသမီးတွေ ပညာတင့်မှ နောင်တစ်ချိန် ဒီဘဝထဲက ရုန်းထွက်နိုင်မယ်ဆိုတဲ့ ခံယူချက်နဲ့ပဲ ကလေးတွေရဲ့ ပညာရေးကိုတော့ ဘယ်နည်းနဲ့မှ အထိခိုက်မခံနိုင်ခဲ့ပေ။ အနည်းဆုံးတော့ ကြီးစဉ် ငယ်လိုက် ကျောင်းဖတ်စာ စာအုပ်များ လက်ဆင့်ကမ်းပေးပြီး အသုံးပြုလို့ရနေသည့်အတွက် ခံသာနေ သေးသည်ဟု ပြောရမည်၊ ဒါတောင် အကုန်လုံး တစ်နှစ်တစ်တန်း နှစ်ချင်းပေါက် အောင်ပါမှ၊ မဟုတ်ရင် တစ်နှစ်တစ်နှစ် ကျောင်းစရိတ်ကလည်း ထောင်းသာလှသည် မဟုတ်၊ ငယ်တုန်းတော့ အကြောင်း မဟုတ်သော်လည်း ကြီးလာရင် ကျောင်းသင်ခန်းစာ တစ်ခုတည်းနှင့် နှစ်ချင်းပေါက် အောင်မြင် နိုင်ပါ့မလားရယ်လို့ စိုးရိမ်မိရသေးသည်၊ အော်.. သားသမီးများ ပညာမြင့်စေဖို့ ကျူရှင် ထားနိုင်ရေးလည်း ကြိုးစား ရှာရဦးမှာပေါ့လေ…
ရင်ထဲက အပူတွေကို သက်ပြင်းအဖြစ် မှုတ်ထုတ်၊ အတွေးစတို့ကိုဖြတ်ပြီး မောင်နိုင်တစ်ယောက် အိပ်ယာဝင်ချိန်က သန်းခေါင်ကို တော်တော်ကျော်နေခဲ့ပေါင်းလည်း များပြီ၊ ဘေးနားက ရင်နှစ်သည်းချာ များကတော့ ပိုးလိုးပက်လက်ဖြင့် နှစ်ခြိုက်စွာ အိပ်နေလိုက်ကြသည်မှာ အပူအပင်ကင်းမဲ့စွာ၊ သားသမီးများကို နှစ်လိုစွာဖြင့် ပြုံးကြည့်ရင်း တစ်ထည်တည်းသော စောင်လေးကို ကလေးများကို လွှားပေးပြီး ကျွန်တော်တို့ လင်မယားနှစ်ယောက်မှာ အေးအတူပူအမျှ လက်တွဲလာကြရတာလည်း ကြာခဲ့ပြီ
“ဟေ့ကောင် မောင်နိုင်၊ မင်းကြည့်ရတာလည်းကွာ နေ့တိုင်း ငူငူငိုင်ငိုင်နဲ့ ဘယ်လိုတွေများ ဖြစ်နေရတာတုန်း၊ ညည မအိပ်ရဘူးလားကွ ဟေ” ဟု စာရေးကြီးက သတိပေးမှပင် ကျွန်တော်လည်း အအိပ်ပျက်နေသောကြောင့် ရုံးတွင် ထိုင်ငိုက်နေသည့်အဖြစ်မှ သတိအနေအထားဖြင့် လုပ်ရန် အလုပ်များကို စတင် ကိုင်တွယ်ရန် ပြင်ဆင်ရသည်မှာလည်း ကျွန်တော်၏ နေ့စဉ် ရုံးတက်ရက်များ ဖြစ်လာခဲ့သည်။
အခုတလော အစိုးရက ကားပါမစ်များ ဖွင့်ပေးလိုက်သောကြောင့် အဆမတန်များပြားလာသော မော်တော်ယာဉ်များ လမ်းမပေါ်တွင် ဥဒဟို သွားလာနေသည်ကို ရုံးအဆင်း ဘတ်စ်ကားပေါ်မှ ငေးကြည့်ရင်း မောင်နိုင်တစ်ယောက် ဒေါသများဖြင့် စိတ်တိုလျှက်ရှိပေသည်။ ပိုက်ဆံရှိသောသူများအဖို့ ကိုယ်ပိုင်ကား များဖြင့် လွယ်ကူစွာ သွားလာနိုင်သည် မှန်သော်လည်း မိမိတို့လို လက်လုပ်လက်စား ဝန်ထမ်းများ၊ ဆင်းရဲသားများအဖို့ ဘတ်စကားကလွဲလို့ အသုံးပြုနိုင်သည်မှ မဟုတ်တာဘဲ၊ ဒီကြားထဲ တတ်နိုင်သည့် စရိတ်ဖြင့် နေထိုင်နိုင်ရေးအတွက် ပုလဲမြို့သစ်မှာ အိမ်ငှားနေရတော့ ရုံးတက်ရုံးဆင်းချိန် ပိုမို ကြပ်သပ်လာသည့် ကားများကြောင့် မနက်ကိုလည်း ယခင်ကထက် ပိုမိုစောစီးစွာ အိပ်ရာထရပြီး ညနေလည်း နေဝင်မိုးချုပ်မှသာ အိမ်သို့ပြန်ရောက်နိုင်ပေတော့သ
ဒီနေ့တော့ ခါတိုင်းထက် ပိုကြပ်နေတဲ့ ယာဉ်ကြောကြောင့် အိမ်ကို ပိုမိုနောက်ကျစွာ ပြန်ရောက်လာခဲ့သည်၊ အိမ်ရောက်သည်နှင့် လုံချည်အနွမ်းလေး ကောက်ဝတ်ကာ ဆိုက်ကားနင်းဖို့ ပြန်ထွက်ရန် ပြင်နေသည့် ကျွန်တော့်အား မိန်းမဖြစ်သူက ထမင်းစားသွားရန် ပြောသေးရာ အပြန်မှ စားတော့မယ်ဟု လှမ်းအော်ကာ ထွက်လာခဲ့သည်၊ ဟုတ်သည်လေ အုံနာ ကိုသာဝက အချိန်လွန်လို့ အခြားတစ်ယောက်ကို ပေးနင်းလိုက်ရင် ဒီညအတွက် ဝင်ငွေမရှိဖြစ်သွားလိမ့်မယ်၊ ဒါမျိုးတော့ အဖြစ်ခံလို့ မဖြစ်၊ ထမင်းက နောက်မှ စားလို့ ရသည်လေ၊
ဒီနေ့ ဆိုက်ကားဆွဲရတာ အဆင်ပြေတာရယ် စုထားတာလေးတွေရယ်နဲ့ လက်ထဲမှာ ငွေလေးပိုတာနဲ့ပဲ သားငယ်လေးမှာထားတဲ့ ဖိနပ်ကလေးကို လမ်းဘေးခင်းထားတဲ့ ဈေးဆိုင်လေးမှာ ဝင်ဝယ်၊ ဖိနပ်အသစ် ကလေးကို ခါးကြားမှာ ထိုးလို့ ဆိုက်ကားသိမ်းဖို့ ပြန်လာခဲ့တယ်၊ စိတ်ထဲမှာလည်း ဖိနပ်အပြတ် လေးစီးနေရတဲ့ နို့ညှာကောင်လေး ပျော်နေမှာ မြင်ယောင် နေမိသေးရဲ့၊ သားကြီးအတွက်တော့ နောက်လမှ ဝယ်ပေးနိုင်တော့မှာပဲ၊
ကျွန်တော့်ကိုယ်ရေးကိုယ်တာ ငွေကုန်ပေါက်ဆိုလို့ ကွမ်းယာတစ်ခုပဲ စွဲစွဲမြဲမြဲ စားတတ်ခဲ့တာ၊ ဘီယာကိုတော့ ကြိုက်ပေမယ့်လည်း အကြီးကောင်မွေးပြီးကတည်းက အနားကို မကပ်နိုင်တော့တာ ကြာပေါ့ဗျာ၊ အခုလည်း အရမ်းကြိုက်တဲ့ ကွမ်းယာကို သားသမီးတွေအတွက် ငွေစုတယ်လို့ သဘောထားပြီး ဖြတ်ထားခဲ့ရတာ ကြာနေပြီ၊ နောက်ပိုင်း အဆင်ပြေလာရင်တော့ ကွမ်းလေးဘာလေး နည်းနည်းပါးပါး ပြန်ဝါးဦးမှာပဲလို့ စိတ်ထဲမှာ တေးထားပြီး ဗိုက်ဆာတာနဲ့ပဲ အိမ်ကို ခပ်သုတ်သုတ် နင်းပြီး မိအေးရဲ့ နတ်သုဒါထမင်းဝိုင်းဆီ အသော့နှင်ပြီး ပြန်လာခဲ့လိုက်တယ်။
“ဒုန်း” ဆိုတဲ့ အသံနဲ့အတူ ကျွန်တော် လေထဲကို မြောက်တက်သွားတယ်၊ ကြိုးစားပြီး ပြန်ထဖို့ ကြိုးစားပေမယ့် ကျွန်တော်… ကျွန်တော်လေ လှုပ်ရှားလို့ မရတော့ဘူးဗျာ… “ဟာ ကားတိုက်သွားပြီ” “မတရားမောင်းတာကွာ ပြီးတော့ လှည့်တောင် မကြည့်ဘူး ထွက်ပြေးသွားတယ်” “ကားနံပါတ်တော့ မှတ်ထားလိုက်တယ်ဗျ၊ ပိုက်ဆံရှိတာနဲ့ ကားဝယ်စီးနိုင်တိုင်း စာနာစိတ်ကင်းမဲ့လိုက်တာ”. တစ်ယောက် တစ်ပေါက် ဝိုင်းပြောနေတဲ့ အသံတွေကို ကြားနေရတယ်၊
ကျွန်တော့် ဆိုက်ကားလေး ဘာဖြစ်သွားလည်းဗျာ၊ ပျက်စီးသွားရင် အုံနာက အလျော်တောင်းမှာ၊ ဘာနဲ့ ပေးရပါ့မလဲ၊ သားငယ်လေး ဖိနပ်လည်း ပေးရဦးမယ်၊ အေးရော လက်ချုပ်လိုက်နေရာကနေ ထမင်းဝိုင်းပြင်ပြီး စောင့်နေမှာလား၊ ကျွန်တော် ဘာမှ မစားခဲ့ရတော့ ဗိုက်ကလည်း ပိုဆာလာတယ်ဗျာ၊ ကလေးတွေရော အိပ်နေကြပြီလား၊ မနက်ကျောင်းသွားမှာဆိုတော့ အိပ်နေကျမှာပေါ့.. ကျွန်တော် ပြန်လာလို့ မရရင် သူတို့ စိတ်ပူနေမှာလား၊ ကျွန်တော် ကြိုးစားပြီး ပြန်ထကြည့်ပေမယ့် ကျွန်တော် လှုပ်ရှားလို့ မရဘူးဗျာ… လုပ်ကြပါဦး.. ကျွန်တော် အိမ်ပြန်ချင်တယ်.. ကျွန်တော် အိမ်ရောက်အောင် ပြန်ချင်တယ်ဗျာ….
ကျွန်တော်ရဲ့ အတွေးတွေ ကစဥ့်ကလျား ၊ အာရုံတွေထဲမှာ မိအေးနဲ့ အရွယ်မရောက်သေးတဲ့ ကလေး (၄)ယောက်ရဲ့ ပုံရိပ်တွေဟာ တဖြေးဖြေး မပီမပြင် ဝိုးတဝါးနဲ့ ကျွန်တော်ဟာ အမှောင်ကမ္ဘာဆီသို့……….
လေးစားလျှက်
ငြိမ်းချမ်းကျော်
No comments:
Post a Comment