Saturday, January 11, 2014

ဒေါ်စု ဟားခါးမြို့ ပြည်ထောင်စုရိပ်သာမှာ မတည်းခိုခဲ့တဲ့ အကြောင်းအရင်း အမှန်



ဒေါ်အောင်ဆန်းစုကြည်ချင်းပြည်နယ်ခရီးစဉ်အတွက် ဟားခါးမှာ ပြည်ထောင်စု ရိပ်သာမှာ အခန်း ၁၅ ခန်း ကြိုတင်ဘွတ်ခ်လုပ်ထားခဲ့တယ်လို့သိရပါတယ် ။ ဟားခါးကို ရောက်တဲ့ အချိန်မှာ ၆ ခန်းပဲ ရမယ်လို့ အကြောင်းပြန်ခဲ့ပါတယ် ။ အဆိုပါ ပြည်ထောင်စုရိပ်သာမှာ အခန်း ၃၄ ခန်းရှိပြီး အခန်း ၂ ခန်းမှာ နိုင်ငံခြား သားများ တည်းခိုနေတယ်လို့ သိရပါတယ် ။

အခန်းတွေ ရှိရက်သားနဲ့ ဘာကြောင့် ဘွတ်ခ်လုပ်ထားတဲ့ ကျန်အခန်းတွေကို မပေးနိုင်ဖူးလို့ ပြောတာလဲလို့ ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ် ၀န်ကြီးကို မေးတဲ့အခါမှာ ၊ ကျန်တာတွေက Reserve ထားရလို့ပါလို့ ပြန်ပြော ခဲ့ပါတယ် ။ ဘာအတွက် Reserve ထားတာလဲ ကြိုမှာ ထားလို့လား ၊ ဘယ်နိုင်ငံ မှာဖြစ်ဖြစ် ကြိုမှာထားမှ Reserve ထားရတာပါ ။ ကြိုမှာထားတာ မရှိရင် ရောက်လာတဲ့သူကို ဦးစားပေးရမှာပေါ့ လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပြီး အဖွဲ့သားအားလုံး တစ်စုတစ်စည်းထဲ တည်းခွင့်ရဖို့ပြောခဲ့ပါတယ် ။

ဒါပေမဲ့ ဘယ်လိုမှပြောမရပဲ ၆ ခန်းပဲပေးတဲ့အတွက် သတင်းထောက်များအတွက် စီစဉ်ထားတဲ့ ချယ်ရီ တည်းခိုခန်းမှာ သွားရောက်တည်းခဲ့တာဖြစ်တယ် လို့ စစ်ကိုင်းတိုင်း NLD ဥက္ကဌ ဒေါက်တာမြင့်နိုင်ထံမှ သိရပါတယ် ။ ဒေါက်တာမြင့်နိုင် ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီ ချင်းပြည်နယ်ဝန်ကြီး စကားပြောဆိုနေချိန် မှာ အနားမှာ အတူရှိနေခဲ့ပါတယ် ။

ဖြစ်စဉ်အရတော့ ဒေါ်အောင်ဆန်းစုကြည် ဖလမ်းအရောက်မှာ ၀န်ထမ်းတွေ ကို ဟောပြောပွဲ မတက်ရ ဖူးလို့ တားမြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ ပါတယ် ။ အဲဒီမှာ ၀န်ကြီးချုပ်က ရုံးချိန်မို့ပါ လို့ ပြောခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် က ကျမက မနက် ၈း၀၀ နာရီဟောမှာ ရုံးချိန် မဟုတ်ဖူး လို့ ပြန်ပြောခဲ့ပါတယ် ။ နောက်ပြီး ဆရာ/မတွေ ကျောင်းသားတွေ ကို ဟောပြောပွဲမသွားရလို့ တားမြစ်ထားတာကို သိရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပါတယ် ။ ကျောင်းသား နိုင်ငံရေးမလုပ်လို့ နိုင်ငံရေး အလေ့အကျင့်မရှိရင် နိုင်ငံကို ဘယ်သူက ဦးဆောင်မှာလဲ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ် ။ အဲဒီနောက်မှာ ကျောင်းထဲက ကျောင်းသားတွေကို လွှတ်ပေးခဲ့တယ်လို့ သိရ ပါတယ် ။ အဲဒီကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးချုပ်ကို သတိပေး စကားပြောခဲ့တယ်လို့ သိရပါတယ် ။ (ဟောပြောရာမှလဲ ထည့်သွင်းပြောဆိုခဲ့ပါတယ်)

အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ချယ်ရီတည်းခိုခန်းမှာ အဖွဲ့သားများ နဲ့အတူ တစ်စု တစ်စည်းထဲ သွားရောက်တည်းခိုခဲ့ပါတယ် ။ လတ်တလော သိရတဲ့သတင်းကို တင်ပေးတာဖြစ် ပါတယ် အတူလိုက်ပါသွားတဲ့ စစ်ကိုင်းတိုင်း NLD ဥက္ကဌ ဒေါက်တာမြင့်နိုင်ထံမှ ဖုန်းသတင်း ရတာဖြစ်ပါတယ် ။

-- ထင်လင်းဦး --

No comments: