Friday, January 10, 2014

ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ခရီးစဉ်အတွင်း တည်းခိုမှု အခြေအနေနှင့် ပတ်သက်၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ရှင်းလင်း


Saturday, January 11.2014

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်အတွင်း ဟားခါးမြို့တွင် ပြည်ထောင်စုရိပ်သာ၌ တည်းခိုခွင့် မရခြင်းနှင့် ပတ်သက်၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဇန်န၀ါရီ ၁၀ ရက် ညပိုင်းတွင် ၎င်း၏ Facebook မှတစ်ဆင့် ရှင်းလင်းခဲ့သည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ တည်းခိုနေထိုင် ခဲ့ရမှုအား ပြည်နယ်အစိုးရက စီစဉ်ပေးမှုမရှိဟု သတင်းများ ထွက်ပေါ်နေမှုများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအား ဆက်သွယ်မေးမြန်း ထားခြင်းအား ပြန်လည်တင်ပြခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

“ဒေါ်အောင်ဆန်းစုကြည် တည်းခိုနိုင်ဖို့အတွက် ပြည်နယ်အစိုးရက ပြည်ထောင်စုရိပ်သာ အခန်း(၂)အား ဒေါ်အောင်ဆန်းစုကြည် အတွက်လည်းကောင်း၊ PSO နှင့် လုံခြုံရေးယူသူပေါင်း ၁၀ ဦးအတွက် ယခင်က၀န်ကြီးများ လာရောက်လျှင် တည်းခိုနေထိုင်လေ့ရှိသော နှစ်ယောက်ခန်း အမှတ် (၄/၅/၆) နဲ့ PSO ခန်း COMMON HALL အားပေးခဲ့ပါသည်။ အခန်းအရေအတွက်သာ လျာထားပေးခဲ့ခြင်းဖြစ်ပြီး နေရာချထားမှုကို NLD အစီအစဉ်ဖြင့် ဆောင်ရွက်ရန် စီစဉ်ပေးခဲ့ပါတယ်။ အခန်း(၁)ကတော့ အစဉ်အလာအရ နိုင်ငံတော် အကြီးအကဲအတွက် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒုသမ္မတနဲ့ ပြည်ထောင်စုလွှတ်တော် နာယကကြီးတို့ လာရောက်စဉ်မှာလည်း အခန်း (၂) မှာပဲ တည်းခိုနေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က ပြည်ထောင်စု ရိပ်သာမှာ ဟိုတုန်းကတည်းက ရောက်ရှိတည်းခိုနေတဲ့ နိုင်ငံခြားသား လေးဦးအပါအ၀င် ဧည့်သည်များကိုတော့ ရိပ်သာရဲ့ နောက်ဘက် အခန်းငယ်များမှာ နေရာချထား ပေးခဲ့ပါတယ်။ ဒါ့အပြင် ပန်းကန်ခွက်ယောက်များ ငှားရမ်းရန် ပြောကြားတဲ့အတွက် ၁၅ ဦးစာ ပန်းကန်ခွက်ယောက်များနဲ့ ရိပ်သာမှာ ချက်ပြုတ်နိုင်ရန် စီစဉ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဇန်န၀ါရီ ၇ ရက် ညနေမှာ ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးရာကျုံးက ရိပ်သာမှာ မနေတော့ဘဲ ချယ်ရီတည်းခိုခန်းမှာပဲ နေထိုင်မယ်လို့ လာရောက် အကြောင်းကြား ခဲ့ပါတယ်” ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လိုက်ပါသွားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်တစ်ဦးက “ကျွန်တော်တို့ကို အစကတည်းက အခန်းရမယ် မရဘူး တိတိကျကျ မပြောဘူး။ တာဝန်ခံမရှိဘူး ဆိုပြီးတော့ ကောင်လေးတစ်ယောက်က အခန်းလိုက်ပြတော့လည်း ဖွင့်မပြဘူး။ အပြင်ကပဲ ချောင်းကြည့်ရတယ်။ ရရင်ငှားမယ်ဆိုပြီး စာရင်းတွေ ပေးခဲ့ရတယ်။ နောက်ခရီးစဉ်စတော့ တီးတိန်ရောက်တဲ့ညမှ အခန်းမရဘူးဆိုတာ သိရတာ။ ရိပ်သာမှာ အခန်း ၃၀ ကျော်ရှိပြီး အဲဒီအချိန်က ဧည့်သည် နည်းနည်းပဲ ရှိတယ်လို့ သိရတယ်။ သူတို့မှာ အခန်းလွတ်တွေရှိရင် ငှားရမှာပေါ့။ နှစ်ခန်းပဲငှားတော့ ကျွန်တော်တို့ လူတွေနဲ့ မလောက်ဘူး” ဟု ပြောကြားသည်။

Eleven Media Group

No comments: