March 12, 2014 at 10:00am
တပွင့်ကြွေရင်နှစ်ပွင့်ဝေမယ်။
တို့ ပြည်သူကို ဖမ်းမယ်ဆို
မြန်မာပြည်ကို တံတိုင်းခတ်လိုက်......
တို့ ကျောင်းသားကို သတ်မယ်ဆို
ရန်ကုန်မြို့ ကို သုသာန်လုပ်လိုက်.....
ပြည်သူသည်သာ အခရာ
အရာရာကို ပြောင်းလဲနိုင်တယ်.......
အဲဒီအသံတွေ
လမ်းမတွေပေါ် လျှံဖူးတယ်....။
အဖြူရောင်စိတ်နဲ့  ပေါက်ကွဲမှုများ
မတရားမှုကို တွန်းလှန်ခဲ့ တဲ့
မတ်လရဲ့ နွေညများ
ကျုပ်တို့  သမိုင်း ဘယ်တော့မှ မရိုင်း
ထာဝရရှင်သန် နုသစ်ဆဲ...။
(၂၅)နှစ်အပြီး
ဤခရီး မနီးသေးပါ
အမျှမရသေးသော
အဖြူအစိမ်းဝတ်များ
ခွပ်ဒေါင်းအလံကိုင်
သွေးအိုင်တွင်း လဲခဲ့သော ကလေးငယ်လေးများ
မီးကျွမ်းသွားခဲ့သည့် လူမျိုးစု ရွာငယ်များ
စာသင်ကျောင်းမဲ့သွားရသည့် အနာဂတ်လူငယ်တို့ ဝေဒနာများ
ဖရိုဖရဲ လူငယ်တို့  အိပ်မက်များ....
မိတ်ဆွေတို့  ခြေစုံရပ်ရာနေရာ
ကျွန်ုပ်တို့  မြန်မာနိုင်ငံအတွက်
ရှစ်ဆယ့်ရှစ်စိတ်များ
ပြန်လည် နိုးကြားစေ...
ဒေါင်းသွေး ဒေါင်းမာန်
မြန်မာပြည်ကို ကိုင်လှုပ်
တို့ ခေတ်ရဲ့  အမှောင်ညများ
တို့ သွေးများနဲ လင်းလက်စေ...။
ဖိုးဇီဝ
၁၉၈၈ မတ်လ ကျဆုံးပြည်သူများသို့ 
No comments:
Post a Comment