Sunday, March 10, 2013

"စစ်ပွဲဖြင့် စီးပွါး ဖြစ်သူများ"နှင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရင် ဘာတွေ ဆက်ဖြစ်မလဲ


မာတလိ (မဲဆောက်)
-၁၁- ၃ -၂၀၁၃

အားမနာတမ်း-တည့်တည့် တွေးကြည့်ရအောင် ။ ငြိမ်းချမ်းရေး တကယ်ရရင် ဘာဖြစ်မလဲ။
သေချာတာကတော့ ---

၁--ပြည်သူတွေ ဘ၀ တိုးတက်မှာမုချ ဧကန် ဖြစ်တယ်။

၂--ဒါပေမယ့် နယ်စပ်ဒေသမှာ မင်းမူပြီး လက်နက်ပြ ဗိုလ်ကျ စာေးသာက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေ သစ်-သယံဇာတတွေ ခိုးရောင်း မရတော့မှာ သေချာတယ်။

၃--တိုင်းမှူး-တပ်မမှူး ဆိုတဲ့ ဗိုလ်အုပ်ကြီးတွေ၊ ဗိုလ်ခုတ်ကြီးတွေ လည်း သယံဇာတ ခိုးရောင်းချ စားသောက်နေတဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေဆီက ဝေစားမျှစား မိုက်ကြေးခွဲ စားရတဲ့ ဘ၀က စားခွက်ပျောက်မှာ သေချာတယ်။



ကျွန်ုပ်တို့ ငယ်စဉ်က " ခေတ်မှီသူတိုင်း ပင်လယ်ငါး စားကြသည် " ဆိုတဲ့ စကား ရေပန်းစား ခဲ့တာ မှတ်မိကြဦးမယ်။
အခုလည်း " ခေတ်မှီသူတိုင်း ၊ နှလုံးသား ရှိသူတိုင်ဲးငိမ်းချမ်းရေး စကားပြောကြသည်" ဆိုတဲ့ စာတမ်း မြန်မာပြည်မှာ ချိတ်ဆွဲရမယ့် ခေတ် ရောက်နေပါပြီ။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတွေလည်း မိုင်းပေါင်း ရာချီ ခရီးပေါက်ခဲ့ပြီး လိုင်ဇာရောက်ဖို့ တနာရီကျော် လောက်ပဲ ကြာမယ့် ခရီးတိုပဲ ကျန်တော့တဲ့ အနေအထားကို ဆိုက်ရောက်နေပါပြီ။ ဒီအဖွဲ့ မှာသံဃာတော် (၉)ပါး၊ အမျိုးသမီး (၁၁)ဦး၊ အမျိုးသား (၃၇)ဦး ပါတယ်လို့ သိရတယ်။


တလောက ညိုအုန်းမြင့်တို့၊ အောင်နိုင်ဦးတို့ ပါဝင်တဲ့ ရန်ကုန်က အစည်းအဝေးခေါ်မလား၊ ရှင်းလင်းပွဲ ခေါ်မလား စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာ ပွဲတပွဲမှာ- "စစ်ပွဲဖြင့် စီးပွါး ဖြစ်သူများ" ဆိုပြီး ထောက်ပြ ပြောဆို သံတွေလည်း ထွက်ခဲ့တယ်။
ဒီအချိန်မှာ တရုတ်ပြည်မှာ ဆွေးနွေးပွဲ ထပ်ပါဦးမယ်။

ဒီကနေ့(၁၀။၃။၂၀၁၃)မှာ တော့ ဦးအောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ဗိုလ်ချုပ်ဂွမ်မော် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ဟာ ရွှေလီမြို့မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးနေကြပြီးတော့ မနက်ဖြန် တရားဝင် ဆွေးနွေးတဲ့အခါမှာ အိမ်ရှင် တရုတ်နိုင်ငံ အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဝေါင်း လည်း တက်ရောက်မယ်လို့ သိရပါတယ်။

မနက်ဖြန် (မတ်လ ၁၁ ရက် ၂၀၁၃ )နေ့မှာ ကျင်းပမယ့် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ဆွေးနွေးပွဲမှာ လေ့လာသူအဖြစ် တက်ရောက်ဖို့ရှိတဲ့ ထိုင်းအခြေစိုက် UNFC ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဝင် စောဒေးဗစ်တာကပေါ ကတော့ ကေအန်ယူ အထီးကျန်ဖြစ်ခဲ့သလို KIO မဖြစ်ရအောင် ၀န်းရံကြဖို့ တာဝန်ရှိတယ်လို့ ခုလို သုံးသပ်ပါတယ်။

“၁၉ နှစ်ကာလတုန်းက ကျနော်တို့ အထီးကျန်ဖြစ်ပြီးတော့ စစ်ရေးအရ ချေမှုန်းဖို့ အဲဒီလိုဖြစ်ခဲ့တယ်။ အခုလည်း ကျနော်တို့တွက်တာက KIO က အထီးကျန်ဖြစ်ပြီးတော့ စစ်ရေးအရ ချေမှုန်းမယ် တဘက်ကလုပ်တယ်ပေါ့။ အဲဒါ မသင့်တော်ဘူး။ ကျနော်တို့အနေနဲ့ ဒါကြောင့် ဒီမှာရနေရင် ဟိုမှာတိုက်၊ ဟိုမှာရနေရင် ဒီမှာတိုက် မဖြစ်ဖို့ပေါ့။ အဲဒါ အားလုံး စေတနာသန့်သန့်နဲ့ သဘောထားကြီးကြီးနဲ့၊ အစကတည်းက ကျနော်တို့ သဘောထားကြီးကြီးလုပ်ပါ တိုင်းရင်းသားနဲ့ပတ်သက်လာရင်။ အဲဒါကို ပြန်ပြီးတော့ ကြိုးစားရမှာပေါ့လေ။”တဲ့။

ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် ၁၉ ဦး၊ ဦးစွန်လွတ်ဂံနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ ဦးဆောင်တဲ့ KIO ကိုယ်စားလှယ်အဖွဲ့ဝင် ၁၁ ဦး၊ SSPP-SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော်၊ RCSS-SSA ရှမ်းပြည်တောင်ပိုင်း တပ်မတော်နဲ့ UWSA ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ NDAA မိုင်းလားအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာလည်း မနက်ဖြန် ဆွေးနွေးပွဲကို တက်ရောက်ကြမှာဖြစ်ပါတယ်တဲ့။
 
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်မှာ မြန်မာပြည်သားတွေ ပါဝင်စေချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းပြည်က လေးစားတဲ့ မင်းကိုနိုင်တို့ အပါအ၀င် တိုင်းပြည်က လေးစားတဲ့ သူတွေတော့ ဒီဆွေးနွေးပွဲမှာ ပါဝင်ခွင့် မရကြ သေးပါဘူး။

ပြည်ထောင်စုနေ့  ဗွီဒီယို မိန့် ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လိုကြောင်း၊ ဒါပေမယ့် ကာယကံရှင်တွေက လိုလိုလားလား တောင်းဆိုမှ ပါဝင်သင့်တယ်လို့ ထင်ကြောင်း ထပ်မံ ကမ်းလှမ်းခဲ့ပါတယ်။

တိုင်းရင်းသား တပ်ပေါင်းစုမဟာမိတ် အဖွဲ့ ဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှပြောခွင့်ရ ဦးခွန်ဥက္ကာကတော့ သူတို့ အနေနဲ့ ဒေါ်အောင်ဖန်းစုကြည်ပါဝင်ဖို့ ၂၀၁၁ ခုနျစ်ကတည်းက စာပို့ပြီး ကမ်းလှမ်းခဲ့သလို အဲဒီကမ်းလှမ်းမှုကို ခုအချိန်အထိ မရုပ်သိမ်းသေးဘူးလို့ ၁၃-၂- ၂၀၁၃ မှာ ဘီဘီစီ မြန်မာပိုင်း သတင်း မေးမြန်းချက်းမှာ ထုတ်ဖော်ပြောဆိုပါတယ်။

ဦးယွပ်ဇော်ခေါင်က တော့ -- ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ကို စည်းရုံးရေးခရီးစဉ်လာရောက်စဉ်ကလည်း ပြည်နယ်ငြိမ်းချမ်းရေးရရှိဘို့ပြောဆိုခဲ့ဘူးကြောင်း ကချင်ပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည် ပစ်ပယ်ထားလိမ့်မယ်လို့ မမျှော်လင့်ကြောင်း (PCG ) ကချင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ က ဦးယွပ်ဇော်ခေါင်မှ Jan 6, 2013 နေ့က အာအက်ဖ်အေ သတင်းဌာနကို ပြောဆိုပါတယ်။

ဖေဖော်ဝါရီ ၄ ရက်ကလည်း တရုတ်နိုင်ငံ ရွှေလီမြို့ (Ruili) တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မြန်မာအစိုးရ အဖွဲ့ဟာ မြန်မာနိုင်ငံ၏ အထိအရှ အများပြားဆုံးသော တိုင်းရင်းသား ပဋိပက္ခ တစ်ရပ်ကို အဆုံးသတ်ရန်နှင့် တုံ့ဆိုင်းနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ဆက်လက် ရှင်သန်စေရန် ကြိုးစားသည့် အနေဖြင့် ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အဖွဲ့နှင့် ပြန်လည် စတင်ကျင်းပခဲ့ပြီးပြီ ဖြစ်ပါတယ်။
 
ဆွေးနွေးပွဲသို့ မြန်မာအစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သလို ကချင် လွတ်မြောက်ရေး (ကေအိုင်အို)ဘက်မှ အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်နှင့် အဖွဲ့ဝင် ၄ ဦး ပါ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။ အောက်တိုဘာလ ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ခြင်း မရှိသော ကေအိုင်အေမှ ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်လာခဲ့ခြင်း ကလည်း ထိုဆွေးနွေးပွဲ၏ ထူးခြားမှုတစ်ရပ် ဖြစ်တယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သံအမတ်ကြီး Mr. Luo Zhaohui၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင် (၁)ဦး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် အဖွဲ့ဝင် (၂)ဦး၊ ဦးဟန်ညောင်ဝေနှင့် ဦးဗစ်တာဗျက်လျန်တို့ သက်သေများ အဖြစ် တက်ရောက်ခဲ့ကြကြောင်း ဆက်လက်သိရတယ်။
 
ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်း

အဲဒီဆွေးနွေးပွဲတွင် နှစ်ဖက် ဆက်သွယ်ရေး လမ်းကြောင်း ထားရှိရေး၊ နှစ်ဖက် စစ်ရေး တင်းမာမှုများ လျှော့ ချနိုင်ရေး၊ နောက်တစ်ကြိမ် အစည်းအဝေး အတွက် ပြင်ဆင်မှု၊ နောက်တစ်ကြိမ် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေအဖြစ် ပါဝင်နိုင်မည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေး တို့ကို ဆွေးနွေး ခဲ့ကြကြောင်း၊ နောက် တစ်ကြိမ် ဆွေးနွေးပွဲကို KIO အဖွဲ့အစည်း အနေဖြင့် UNFC နှင့် ညှိနှိုင်းပြီးနောက် ဖေဖော်ဝါရီလ မကုန်မီ ကျင်းပရန်နှင့် အစိုးရနှင့် KIO ကြား နိုင်ငံရေး ဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားကြရန် သဘောတူကြောင်းနှင့် အစိုးရနှင့် KIO ကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျှင်အမြန် အကောင် အထည်ဖော်နိုင်ရန် ပဋိပက္ခ ဖြစ် ပွားသော နေရာ များကို လေ့လာ စောင့်ကြည့် စီစစ်ရေး စနစ် ပေါ်ပေါက်ရန် ဆက်လက် ဆွေးနွေး ဆောင်ရွက်ရန် သဘောတူညီကြောင်း ပူးတွဲ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့တယ်။

မြန်မာ အစိုးရနှင့် ကေအိုင်အို အကြား နောက်ဆုံး အကျော့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲပြုလုပ်ပြီး နောက်ပိုင်း တွင် ကေအိုင်အို ထိန်းချုပ်ရာ ဒေသများရှိ IDP ၄၅,ဝဝဝ ကျော်အား အစားအစာ၊ အမိုးအကာ၊ ကျန်းမာရေးနှင့် သန့်ရှင်းရေး အကူအညီများကို ဒေသခံ အန်ဂျီအိုအဖွဲ့ ၁၃ ဖွဲ့ စုစည်းထားသည့် အဆိုပါ ကွန်ရက်က ထောက်ပံ့ပေး နေသည်။ ထိုနေရာ၌ နိုင်ငံတကာ အန်ဂျီအိုနှင့် ကုလသမဂ္ဂအေဂျင်စီများ မရှိဘဲ အစိုးရ ထိန်းချုပ်ရာ ဒေသများ၌ သာ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အန်ဂျီ အို လက်တစ်ဆုပ်စာက အလုပ်လုပ် နေကြပါတယ်။

နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး Espen Barth Fide ကလည်း သမိုင်းဝင်သော ထာဝရငြိမ်းချမ်းရေး အတွက် အခွင့်အရေး များကို အသေအချာ ဆုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်းနှင့် အစိုးရနှင့် တိုင်းရင်းသား လူမျိုး စုများအကြား ရင်ကြားစေ့ရေးကို များစွာ ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာလဲရှိသေးတယ်။
 

ငြိမ်းချမ်းရေး စကား အမြုပ်ထွက်အောင်ပြောနေကြတဲ့ သူတွေရင်ထဲမှာ အမှန်ပဲ နှုတ်ထွက်စကားနဲ့ ညီကြရဲ့လား။
ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး ဖော်ဆောင်မှု ထဲမှာ ပါစေချင်ကြတာ အမှန်ပဲ ငြိမ်းချမ်းစေချင် လို့ ဖိတ်တာလား။
ပင်လုံ စာချုပ်ပါ အခွင့်အရေးနဲ့ ဖက်ဒရယ်မူအခွင့်အရေးတွေ တိုင်းရင်းသားနယ်မြေမှာ ထွန်းကား စည်ပင်ခဲ့ရင် လာတွေ ဆက်ဖြစ်မလဲ စဉ်းစားတိုင်း တထောင့်တစ်ညလို မဆုံးနိုင်ဖြစ်ခဲ့တယ်။


လူကန့် လန့်လို့ သတ်မှတ်ခံရတဲ့ ကျွန်ုပ် မိတ်ဆွေ တစ်ဦးကတော့ -
ဒီနေ့  ငြိမ်းချမ်းရေးမှာ ပါဝင်ပြီး အပြုံးတုနဲ့ ပြောဆို လုပ်ဆောင်နေကြတာ ဖြစ်တယ်။ ဒီလူတွေသမိုင်းကို ပြန်ဆန်းစစ်ကြည့်ရင်။
၁--အစိုးရအမည်ခံ စစ်ပွဲပြ လုပ်စား ဗိုလ်ချုပ်ေတွက စားကွက်ရေရှည်ဆွဲနိုင်ဖို့

၂--အနားပြာကပ်စား နိုင်ငံရေးသမားတွေက လူတွင်ကျယ်ဖြစ်ဖို့ ၊

၃--ပုတ်စော်နံနေတဲ့ လမ်းဘေးရောက် (နိုင်ငံရေးသမား အမည်ခံ) လူလည်တွေ နိုင်ငံရေး စာမျက်နှာမှာ နေရာရာဖို့။

၎--စားကွက်ရ လက်နက်ကိုင်တွေက ဒီလိုမပြောရင် မြေအလှန်ခံရမှာစိုးလို့ ဖြစ်နေတယ်- လို့ ပြောဆိုတယ်။

သူ့ စကားမှန်ကြောင်း သူထောက်ပြတဲ့ အချက်က--
၁--စစ်ပွဲတွေ ဖြစ်နေတဲ့ နေရာကိုပြန်ကြည့်ရင် သယံဇာတတွေ ပေါတဲ့ ကချင်ပြည်နယ်မှာ အဓိက ဖြစ်နေတယ်။

၂--လက်ရှိ တိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာတောင် တရုတ်-ကချင်နယ်စပ်တကြော၊ ရှမ်းမြောက် တကြောမှာ သစ်တွေ နေ့ စဉ် ကားစီးရေ ရာချီပြီး စာရင်းပျောက် ရောင်းချနေကြတယ်။
သတင်းဌာနတွေက ထုတ်ဖော်ရေးသား၊ ထုတ်လွှင့်ကြပေမယ့် ဦးသိန်းစိန် အစိုးရက မကြားဟန် ပြုနေသလို၊ ပင်လုံစာချုပ် ကိုင်ပြီး အော်ဟစ်နေတဲ့ ကချင် လက်နက်ကိုင်တွေကလည်း နှာစေးချင်ဟန် ဆောင်နေကြတယ်။

၃--လွတ်လပ်စွာ ဘိန်းထုတ်ခွင့်ရပြီး အစိုးရဲ့ အုပ်ချုပ်ရေး ခက်တဲ့ ရှမ်းပြည်နယ် တရုတ်နယ်စပ်မှာ ဖြစ်နေတယ်။

၎--လူသူဝေးပြီး မှောင်ခို လုပ်ခွင့်ရတဲ့  အိန္ဒိယ နယ်စပ် နေရာ တချို့ မှာ ဖြစ်နေတယ်။

၅--ထိုင်းနယ်စပ်မှာ ရံရံဖန် ရံခါ စားခွက်လုတဲ့ တိုက်ပွဲ ငယ်လေးတွေ ရံဖန် ရံခါ ဖြစ်နေတယ်။


အားမနာတမ်း-တည့်တည့် တွေးကြည့်ရအောင် ။ ငြိမ်းချမ်းရေး တကယ်ရရင် ဘာဖြစ်မလဲ။ သေချာတာကတော့ ---
၁--ပြည်သူတွေ ဘ၀ တိုးတက်မှာမုချ ဧကန် ဖြစ်တယ်။

၂--ဒါပေမယ့် နယ်စပ်ဒေသမှာ မင်းမူပြီး လက်နက်ပြ ဗိုလ်ကျ စာေးသာက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေ သစ်-သယံဇာတတွေ ခိုးရောင်း မရတော့မှာ သေချာတယ်။

၃--တိုင်းမှူး-တပ်မမှူး ဆိုတဲ့ ဗိုလ်အုပ်ကြီးတွေ၊ ဗိုလ်ခုတ်ကြီးတွေ လည်း သယံဇာတ ခိုးရောင်းချ စားသောက်နေတဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေဆီက ဝေစားမျှစား မိုက်ကြေးခွဲ စားရတဲ့ ဘ၀က စားခွက်ပျောက်မှာ သေချာတယ်။

၎--ပြီးတော့ ဗိုလ်အုပ်ကြီးတွေ၊ ဗိုလ်ခုတ်ကြီးတွေနဲ့ လက်ဝါးရိုက် စားခွင့်ရနေတဲ့ ခရိုနီတွေ စားခွက်ပျောက်မှာလဲ သေချာတယ်။

၅--တိုင်းရင်းသား လက်နက်ကိုင်တွေ၊ တိုင်ျးမှုး တပ်မမှူး၊ ခရိုနီစီပွါးရေးသမားတွေဆီက ခေါင်းပုံဖြတ် လာဘ်ရနေတဲ့ နံပါတ်ဝမ်း၊ နံပါတ်-တူးတွေလည်း စားပေါက် ပိတ်ကုန်မှာ သေချာတယ်။

၆--ကြားထဲက ငြိမ်းချမ်းရေး ကိုယ်စားလှယ်ကြီး လုပ်နေတဲ့ တရုတ်ပေါက်ဖော် အစိုးရကြီးလဲ သစ်-သယံဇာတ တွေ သူခိုးဈေးနဲ့ အချို အချောင်ရမယ့်- ရပေါက်ရလမ်း နည်းသွားမှာ၊ ရပ်သွားမှာ သေချာတယ်။


ဒီတော့ - ကိုယ်စားပေါက်ပိတ်မယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို
ရွှေမန်းတို့၊ မင်းအောင်လှိုင်တို့၊ ဂွမ်မော်တို့၊ ၀န်ကြီးအောင်မင်းတို့က အမြန်ဆုံး- အဆုံးသတ်ချင်စိတ် ရှိပါ့မလား။
ရိုင်းရိုင်း ပြောရရင် ကိုယ့်စားခွက်ကိုယ် ရိုက်ခွဲမယ့် အလုပ် လုပ်ပါ့မလား။


လူအချင်းချင်း လှည့်ပတ်ခြင်း --ကင်းရှင်းကြပါစေ။

ငြိမ်းချမ်းရေးအဖွဲ့တို့ မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း --အေးချမ်းကြပါစေ။

လေးစားစွာဖြင့်

မာတလိ (မဲဆောက်)

ဟစ်တိုင်

No comments: