Wednesday, March 13, 2013

တောင်သူဒေါ်လှကျင်လယ်ယာမြေသိမ်းဆည်းခံရမှုများ

‎2013.3.8 ရက်နေ့
ကြာသပတေးနှင့် သောကြာနေ့များတွင် ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်၊ ကော့မှူးမြို့နယ်၊ တောင်သူလယ်သမားသမဂ္ဂရုံးခန်းတွင် ရုံးထိုင်ပါသည်။ တောင်သူဒေါ်လှကျင်က သူကြုံတွေ့ ရင်ဆိုင်ခံစားနေရသော လယ်ယာမြေသိမ်းဆည်းခံရမှုများအား သမဂ္ဂရုံးခန်းတွင် လာရောက် ဆွေးနွေးခဲ့ပါသည်။
ဖြစ်စဉ်အကျဉ်းချုပ်
ကော့မှူးမြို့နယ်၊ မြို့မရပ်ကွက်၊ ကန်လမ်းနေ ဒေါ်လှကျင်က သူ၏ ဖြစ်စဉ်အား ပြောပြရာတွင်- လွန်ခဲ့သောနှစ်ပေါင်း 30 ခန့်က ကော့မှူးမြို့နယ်၊ အထက ကျောင်းအတွက် ပထမအကြိမ်အဖြစ် ၈ ဧကကို 1983 ခုနှစ်တွင် လှူဒါန်းခဲ့ပြီး၊ 1987 ခုနှစ်တွင်လည်း သောက်ရေ သုံးရေကန်အဖြစ် အသုံးပြုရန် ၂ ဧက လှူဒါန်းခဲ့ပါသည်။ ကော့မှူး၊ မြို့သစ်ပိုင်း အတွက် ကော့မှူးကားလမ်းမှ သစ်တောဦးစီးဌာနသို့သွားရာလမ်း ဖောက်လုပ်ရာတွင်လည်း လယ်ယာမြေပေ ၂၀ ကို လှူဒါန်းခဲ့ပြန်ပါသည်။ လမ်းဖောက်လုပ်သောကြောင့် မိမိပိုင် လယ်မြေများ နှစ်ခြမ်းကွဲသွားခဲ့ပြီး၊ တောင်ဘက်ခြမ်းကို ရပ်ကွက်နေ လက်လုပ်လက်စား များမှ မြေနေရာများ အခြေချဝင်ရောက်ထိုင်လာခဲ့သောကြောင့် ယင်းနေရာများအား လက်လုပ်လက်စားများကို ငွေကြေးအနည်းငယ်ဖြင့် ရောင်းချပေးခဲ့ပါသည်။ မြောက်ဘက်ခြမ်း လယ်ယာမြေများအား 2004 ခုနှစ်တွင် စစစမှ ဗိုလ်ကြီးဝင်းနိုင်ဦး ရောက်လာပြီး ပေ 106x40 ကို သိမ်းယူခဲ့ပါသည်။ ထို့ပြင် မ၀တ စာရေးမ ဒေါ်အေးမြင့်မှလည်း ၈၂ပေx၄၂ သိမ်းယူကာ၊ နေအိမ်ဆောက်လုပ်ထားပါသည်။ စစ်ပြန်စစ်မှုထမ်းဟောင်းမှ ပေ၈၀x၄၀ သိမ်းယူခဲ့ပြီး၊ ပေ ၄၀ကွက်ကိုရောင်းစားခဲ့ပါသည်။ အလွတ်ကျန်ပေ ၄၀ ကွက်ကို ခြံစည်းရိုးများခတ်ထားပါသည်။ ၅၊၆၊၂၀၁၂နေ့တွင် (စစစ)လှုပ်ရှားရုံးအဖြစ် ဆိုင်းဘုတ်တင်ကာ မြေကွက်တစ်ကွက် ထပ်မံ ဖော်ထုတ်ထားကြောင်း၊ ထိုသို့မိမိပိုင်လယ်ယာမြေများ အပိုင်းပိုင်းဖြစ်ခဲ့ကာ စိုက်ပျိုးမြေ လက်မဲ့ဖြင့် ဘ၀ရပ်တည်မှု အခက်အခဲများ ရှိနေသောကြောင့် တောင်သူ လယ်သမားသမဂ္ဂထံ ရောက်ရှိလာကာ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကူညီဖြေရှင်းပေးပါရန် လာရောက် ဆွေးနွေးခဲ့ ပါသည်။

No comments: