Tuesday, March 12, 2013
အာဏာရှင်စံနစ်ကို အကြွင်းမဲ့ တိုက်ထုတ်ကြတဲ့အခါ ..........
by Pyay Chit Thu (Notes) on Tuesday, March 12, 2013 at 12:19pm
လက်ပန်းတောင်းတောင် အစီရင်ခံစာ ထွက်ရှိလာပါပြီ။  လိုချင်တာတွေ ၊ ဖြစ်ချင်တာတွေနဲ့ တော့ ကွက်တိဖြစ်ချင်မှ ဖြစ်ကြပါလိမ့်မယ်။  ဒါပေမယ့် ကျွန်တော်တို့  မမေ့ဖို့ က ကျွန်တော်တို့ လိုချင်တာဘာလဲ ဆိုတာနဲ့  သွားကြရဦးမယ့် ခရီးတာ အကွာအဝေးကို တွက်ဆကြည့်ကြဖို့ ပါ။
တိမ်တောင်သဖွယ် မင်းရေးကျယ်၏ လို့  အဆိုရှိပါတယ်။ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာကျွန်တော်တို့ သာမန်လူတွေ သိနိုင်တာထက် ပိုမိုနက်ရှိုင်းလိမ့်မယ် ၊ လှည့်ကွက် များကြလိမ့်မယ်ဆိုတာတော့ နားလည်ထားကြရမှာပါ။  စိတ်လိုက်မာန်ပါ ခံစားချက်တွေကို ကျွန်တော်တို့  လျှော့ချကြရပါလိမ့်မယ်။  ဖြစ်ချင်တဲ့ ရှုထောင့်တစ်ခုတည်းကို ကြည့်ပြီး ကျွန်တော်တို့  အမှားသံသရာထဲ ပြန်ဝင်လို့ မဖြစ်ပါဘူး။
ကျွန်တော်တို့ က လက်ပန်းတောင်းတောင်ကိုပဲ မြင်ပေမယ့် အပေါ်က စီးမိုးကြည့်တဲ့ မြင်ကွင်းမှာနိုင်ငံခေါင်းဆောင်က ဘာကို မြင်ထားပါသလဲဆိုတာနဲ့  နိုင်ငံရေး ကစားကွက်အရ အပေးအယူ အလျှော့အတင်း  ကစားကွက်က ဘာဖြစ်မလဲဆိုတာတွေမှာ ကျွန်တော်တို့  သိနိုင် မြင်နိုင် တွေးနိုင်တာထက်မက ရှိနေနိုင်တာမို့ ပါ။   အနည်းဆုံးတော့ ကျွန်တော်တို့  လူထုခေါင်းဆောင်ကို ယုံရပါလိမ့်မယ်။ မယုံရင်တောင်မှပဲ ကျွန်တော်တို့  မဖြစ်မနေ  ယုံကြည်ပေးကြရပါလိမ့်မယ်။
ဒေါ်စုက လူတစ်ယောက်ပါ။ သာမာန်လူသား တစ်ယောက်ဆိုတာကိုတော့ ကျွန်တော်တို့  မေ့သွားလို့  မဖြစ်ပါဘူး။  တစ်ခါတစ်လေ ကျွန်တော်တို့ က ကိုယ့်ခေါင်းဆောင်ကိုယ် ပုံပြင်ထဲက လူစွမ်းကောင်း တန်ခိုးရှင်လို့  ထင်ယောင်မှားသွားလို့  တတ်ကြပါတယ်။  ဒါပေမယ့်လည်း  သူဟာလည်း သာမန်လူသား တစ်ယောက်ပဲ ဖြစ်တဲ့အတွက် လုပ်ဆောင်နိုင်မှု အတိုင်းအတာ ကန့် သတ်ချက်တွေ ရှိနေနိုင်တယ် ၊ အမှားတွေလည်းပဲ ရှိနေနိုင်ပြီးစိတ်ခံစားမှုတွေလည်း ရှိနေနိုင်ပါလိမ့်မယ်။  လူသားပီပီ မှားကောင်းလည်း မှားနိုင်ပါလိမ့်မယ်။
ပြည်သူအများစုကို ကိုယ်စားပြုနေရတဲ့ အတိုက်အခံ ခေါင်းဆောင်တစ်ယောက်အနေနဲ့  အင်မတန်မှလည်း တာဝန်ကြီးသလို အလွန်မှလည်း ပင်ပန်းနေပါလိမ့်မယ်။  ဒါပေမယ့်လည်း သူဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ကျွန်တော်တို့  နိုင်ငံကို ဒီမိုကရေစီ ရရှိစေမယ့် အမှတ်သင်္ကေတ ပါ ။  သူက  သူ့ ပြည်သူတွေအတွက် လုပ်နေခဲ့သလို  သူ့ ရဲ့ ပြည်သူတွေကလည်း သူ့ ကို မားမားမတ်မတ် ၀န်းရံပေးဖို့ တော့ လိုမှာ ဖြစ်ပါတယ်။  သူ့ ကိုမှ ကျွန်တော်တို့  မယုံရင် ဘယ်သူ့ ကို ပြောင်းပြီး ယုံကြည်ကြမှာလဲ။  ဘယ်သူကရော ကျွန်တော်တို့  မျက်စိမှိတ်ပြီး ယုံကြည်နိုင်တဲ့သူ   ဖြစ်မှာပါလဲ။
လူသာမန်ဖြစ်နေလို့  မှားချင်တယ် ဆိုဦးတော့ ဒေါ်စုဟာ သူ့ ရဲ့ ကြီးမားကောင်းမွန်လှတဲ့ သမိုင်းကြောင်းကြီးကိုတော့ ပြောင်းပြန် ပြန်ပြောင်းရေးဆွဲမယ့်သူ မဟုတ်ပါဘူး။ အဲဒီလို မဖြစ်မနေ စောင့်သိရမယ့် သမိုင်းပေးတာဝန်ကို မဖြစ်မနေ ထမ်းရွက်နေရတဲ့သူပါ။  အဲဒီထက် ပိုပြီး အရေးကြီးတာက ကျွန်တော်တို့ မှာ အခုထိ အစားထိုးရွေးချယ်စရာနောက်ထပ် လူထုခေါင်းဆောင် ရှိမနေပါဘူး။
ကျွန်တော်က NLDပါတီဝင် မဟုတ်ပါဘူး။  ဒီစာကလည်း  ဒေါ်စုရဲ့ ဘုန်းတော်ဘွဲ့  မဟုတ်ပါဘူး။ ကျွန်တော်တို့ က  ဘေးကကြည့်နေကြရတဲ့ ပြည်သူတွေပါ။  အဲဒီအတွက် ဘေးမြင်ကွင်းအရ တစ်ချို့ ကို ပိုမြင်ပါလိမ့်မယ်။ အားနည်းချက်တွေ ၊ အပြစ်အနာအဆာတွေ၊  ချို့ ယွင်းချက်တွေကိုလည်း ကာယကံရှင်ထက် ပိုမြင်လွယ်ပါလိမ့်မယ်။ ထို့ နည်းတူပဲ  တစ်ကယ်လုပ်နေရတဲ့ သူတွေရဲ့ အကျပ်အတည်းတွေ၊ စည်းတွေ ဘောင်တွေ ၊ ကန့် သတ်ထားခံရတဲ့ ပေးထားချက်တွေ ၊ အများပြည်သူကို ချပြလိုက်လို့  မရနိုင်သေးတဲ့ အပေးအယူ အလျှော့အတင်းတွေကိုလည်း  အကုန်မသိနိုင်ပါဘူး။  ဘေးကကြည့်နေရတဲ့အတွက်  မမြင်သာတာ ၊ မသိနိုင်တာတွေလည်း ရှိနေမှာ အမှန်ပါ။
အဲဒါကြောင့် ကျွန်တော်တို့ က ပြည်သူတွေအနေနဲ့  ဝေဖန်စရာရှိရင် ဝေဖန်ကြရပါလိမ့်မယ်။ ထောက်ပြစရာရှိတဲ့အခါ  ထောက်ပြကြရပါလိမ့်မယ်။ သတိပေးစရာ ရှိတဲ့အခါ သတိပေးကြရပါလိမ့်မယ်။ ဒါပေမယ့်ကျွန်တော်တို့  ကိုယ့်ခေါင်းဆောင်ကိုယ် ယုံကြည်ကြရပါလိမ့်မယ်။  မဖြစ်မနေကိုယ် ယုံကြည်ပေးကြရပါလိမ့်မယ်။
ကျွန်တော်တို့ ဟာ သမိုင်းမှာ အင်မတန်မှ အရက်စက်ဆုံး ၊ အကောက်ကျစ်နိုင်ဆုံးလို့  ရာဇ၀င်မှာစာတင်လောက်တဲ့  အာဏာရှင် လက်ဟောင်းတွေ၊ အာဏာရှင် အသွင်ပြောင်းတွေ ၊ အာဏာရှင် တဖြစ်လဲ တွေကို ရင်ဆိုင်နေကြရတာပါ။  သူတို့ ရဲ့ အာဏာ တည်မြဲဖို့ အတွက် ၊ သူတို့ ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက်ဆို ဘာကိုမဆို  လုပ်ဝံ့ကြသူတွေနဲ့  ရင်ဆိုင်နေကြရတာပါ။
လှည့်ကွက်အမျိုးမျိုး ၊ ခွင်အမျိုးမျိုးဆင်ထားရင်း ၊ ဂတိဆိုတာမရှိ ၊ တာဝန်ယူမှုဆိုတာ နားမလည်ချင်ယောင်ဆောင်  ပြည်သူကို ထပ်ခါထပ်ခါ လိမ်ဖို့  နည်းနည်းမှ အရှက်သိက္ခာ မရှိသော ကမ္ဘာ့ အံ့ဖွယ် အစိုးရဆိုတဲ့ အာဏာရှင်လက်ဟောင်းကြီးများကို ရင်ဆိုင်နေကြရတာပါ။
ဒီအခြေအနေက ကျွန်တော်တို့ ပြည်သူတွေအတွက် စိတ်ချရပြီလို့  ပြောလို့  မရနိုင်သေးတဲ့ အခြေအနေပါ။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှု လွတ်လပ်မှု စား ၀တ် နေရေး ဘာတစ်ခုကမှ အာမခံချက်မရှိသေးတဲ့ အခြေအနေပါ။
၂၀၁၅ မှာ ထပ်ပြီးတော့ မဲမလိမ်ဖို့  ၊ အရပ်သားစစ်စစ် အစိုးရ တက်နိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ကို ပြည်သူတွေ ဆက်ပြီးတော့ လိုအပ်ပါတယ်။ ဒီမိုကရေစီကိုသာ အမှန်လိုချင်တယ်ဆို ၊ အာဏာရှင်လက်အောက်ကနေသာ အမှန်တစ်ကယ် လွတ်မြောက်ချင်တယ်ဆိုရင် လူထုခေါင်းဆောင်ကို အခုနေတော့မျက်စိမှတ်ပြီး ယုံကြည်ပေးကြရပါမယ်။  ဘာဖြစ်လို့ လည်း ဆိုတော့ ကျွန်တော်တို့ အခုနေမှာတော့ သူ့ ထက်ပိုယုံကြည်ပေးလို့  ရမယ့်သူ မရှိလို့ ပါ။
ကိုယ် နှုတ်အမူအရာ နူးညံ့ငြင်သာ လေရုံနဲ့  တော့ တာဝန်ယူမှု ဆိုတာတွေကို အကြီမ်ကြိမ် ရှောင်လွှဲလေ့ရှိတဲ့  ကျွန်တော်တို့ ရဲ့ လက်ရှိသမ္မတကြီးကို ကျွန်တော်တို့  ပြောင်းပြီး ယုံကြည်လိုက်လို့  မရပါဘူး။ တစ်ချိန်က  စစ်ခေါင်းဆောင်ဟောင်းကို ယုံတာထက် လူထုခေါင်းဆောင်ကို ယုံကြည်လိုက်တာက ပြည်သူတွေအတွက်ဘေးထွက်ဆိုးကျိုး နည်းစေမှာ ဖြစ်ပါတယ်။  ပြည်သူ့ အကျိုးစီးပွားထက် အာဏာရှင်ဟောင်းကြီးတွေရဲ့ အကျိုးစီးပွား ၊ အသက်အိုးအိမ် စည်းစိမ်များကိုသာ ဦးစားပေးပြီး ကာကွယ်ပေးသွားရမယ့် တာဝန်ရှိနေတဲ့  လက်ရှိ အာဏာရှိသူများ ရဲ့ ဖျက်ဆီးမယ့် လှည့်ကွက်တွေထဲကို  ပြည်သူတွေ လိုက်ပါစီးမျောလို့  မဖြစ်ပါဘူး။  ကျွန်တော်တို့  ပြည်သူတွေ အချင်းချင်းပဲ သတိပေး အသိပေးပြီး သွေးစည်းညီညွတ်ကြရမှာပါ။
နွားကွဲရင် ကျားဆွဲမယ့်မူကို အာဏာရှင်လက်ဟောင်းကြီးများ ပြင်ထားကြပါပြီ။ အဲဒါကို ရည်ရွယ်ပြီးလှည့်ကွက်တွေကို အမျိုးမျိုး ဆင်နေကြပါတယ်။  အရာရာတိုင်းအတွက် ဒေါ်စုကို ထိုးကျွေးဖို့  ပြင်နေကြပါတယ်။  လူထုက သူတို့ ရဲ့ လူထုခေါင်းဆောင်ကို မုန်းသွားဖို့  ၊ အကြည်အညိုပျက်စေဖို့  အမျိုးမျိုး ကြံစည် နေကြပါတယ်။  အဲဒီလှည့်ကွက်တွေထဲကို  ပြည်သူတွေ မ၀င်ကြဖို့  အရေးကြီးနေပါတယ်။ သတိရှိကြဖို့  ၊  အသိရှိကြဖို့  လိုအပ်နေပါတယ်။  ဒီမိုကရေစီ စံနစ်သာ ခိုင်မြဲသွားဖို့  ၊ အရပ်သားစင်စစ်သာ အမှန်တကယ် တိုင်းပြည်ကို ဦးဆောင်ခွင့်ရဖို့  အရေးကြီးပါတယ်။
ခေါင်းဆောင်က ပြည်သူကိုစွန့် ပစ်လို့  ဖောက်ပြန်ပါတယ်ဆိုရင်တော့လည်း   အဲဒီတော့မှ ပြည်သူကစွန့် ပစ်လိုက်ဖို့ ၊  အရေးယူလိုက်ဖို့   နောက်ကျမသွားဘူးလို့   ယူဆပါတယ်။  ပြည်သူအားနဲ့  ပြည်သူကြိုက်တဲ့ ခေါင်းဆောင်ကို အမှန်တစ်ကယ် ရွေးကောက်တင်မြှောက်ခွင့်  ရရှိတဲ့  အချိန်ထိ ပြည်သူတွေ စည်းလုံးဖို့ ၊ အာဏာရှင်လှည့်ကွက်ထဲ မ၀င်ကြဖို့  အရေးတစ်ကြီး လိုအပ်ပါတယ်။ပြည်သူ့ အား  ဆိုတာကို  လိုအပ်တဲ့ အချိန်မှာ အရေးပါတဲ့ အချိန်မှာ ကျွန်တော်တို့  ပြသတတ်ရပါလိမ့်မယ်။         ။
                                                                     ပြည်ချစ်သူ
No comments: