Saturday, March 16, 2013

- *ဘုရားလား တောင်ပို့လား*


- ဦးဖိုးသာအောင်- (နော်ဝေ) --၁၆-၃ -၂၀၁၃

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေးကို နှစ်ရှည်စီမံကိန်းကြီးရေးဆွဲပြီး အကောင်အထည်ဖေါ်ခဲ့သည်မှာ ယခင် စစ်အစိုးရအဆက်ဆက်မှ ယခုအရပ်သားအရေခြုံ စစ်အစိုးရလက်ထက်အထိပင်ဖြစ်သည်၊

သိတော်မူကြသည့်အတိုင်း စစ်အစိုးရဟေ့ဟုဆိုလျှင် အာဏာရှင်အစိုးရပင်ဖြစ်သည်၊ အာဏာရှင်အစိုးရဖြစ်နေသ၍ တရားဥပဒေဆိုတာမရှိပါ၊ စစ်အာဏာရှင်တို့စိတ်ကြိုက်ရေးဆွဲထား သည့် ဖွဲ့စည်းပုံတို့ ဥပဒေတို့နှင့်သာ စခန်းသွားနေခြင်းဖြစ်သည်၊ ယနေ့ ၂၀၀၈ဖွဲ့စည်းပုံနှင့် အရပ်သား အရေခြုံစစ်အစိုးရသည်လည်း မတရားဥပဒေနှင့်မတရားအစိုးရသာဖြစ်သည်၊ မည်သည့် နိုင်ငံများက မည်သို့ပင်ဆက်ဆံရေးတွေ ပြုလုပ်နေပါစေ ဒီမိုကရေစီနည်းကျ တရားသဖြင့် ဖြစ်ပေါ် လာသည့် လူထုအစိုးရဟူ၍တော့ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုကြပါ၊ နိုင်ငံတကာက ဆက်ဆံရေးဆိုသည်မှာလည်း အကျိုးလိုလို့ ညောင်ရေလောင်းနေကြခြင်းပင်ဖြစ်သည်၊



မတရားသောစစ်အစိုးရအဆက်ဆက်က မတရားပြုကျင့်ပြီး အတင်းအဓမ္မမြေယာ သိမ်းမှု့များ ပြုလုပ်ကာ ဒေသခံကျေးရွာများကို အတင်းရွှေ့ပြောင်းစေခြင်း၊ ဒေသခံတောင်သူများ၏ လယ်ယာ မြေများကို မတရားသောအမိန့်အာဏာ ဥပဒေများဖြင့် သိမ်းပိုက်လိုက်ခြင်းတို့အပြင် နိုင်ငံတခုနှင့် နိုင်ငံသားအားလုံးအတွက် အရေးကြီးဆုံးဖြစ်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက် နစ်နာဆုံးရှုံးမှု့ကြီးများ၊ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှု့အမွေအနှစ်များ ပျောက်ကွယ်အောင်ပြု လုပ်နေသည့် အစိုးရဆိုးကို ဒေသခံပြည်သူများနှင့်တကွ နိုင်ငံကိုချစ်သော ပုဂ္ဂိုလ်များကပါ ၀ိုင်းဝန်းဆန့်ကျင် ဆန္ဒပြမှု့များ ပေါ်ပေါက်ခဲ့ရပါသည်၊


စစ်အာဏာရှင်ကြီးဗိုလ်နေ၀င်းလက်ထက်ကတည်းက စခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီးပါ၊ ဟိုတုံးက မ.ဆ.လ၊ န.၀.တ၊ န.အ.ဖ အစိုးရများလက်ထက်မှာ ဒေသခံလူထုက ဆန္ဒမပြ၀ံ့ကြပါ၊ အဲဒီတုံးက အစိုးရကိုဆန့်ကျင်ပြီး ဆန္ဒပြလျှင်လည်း စစ်တပ်က ပစ်ခတ်သတ်ဖြတ်ပြီး နှိမ်နှင်းမှာပါ၊ လူမသိ သူမသိဘဲ ခွေးသေ ၀က်သေ သေကြရုံမှတပါး အခြားမရှိပါ၊ ဘယ်မီဒီယာ ဘယ်နိုင်ငံကမှလည်း အရေးတယူရှိမည်မဟုတ်ပါ၊ ဒါကြောင့် ဟိုတုံးက ဆန္ဒမပြခဲ့ကြတာပါ၊ ကြောက်လို့မဟုတ်ပါ၊ လူထုဆိုတာ နိုင်ငံရေးကို နားလည်သူတွေ သာဖြစ်ပါတယ်၊

ဟော အခုဆန္ဒပြကြပြီ၊ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံရေး ရေစီးကြောင်းလည်း မြန်မာပြည်ဘက်ကို စီးဆင်းလာချိန်ဖြစ်ပြီ၊ အခြေအနေနဲ့အချိန်အခါလည်း ကိုက်ညီနေပြီ၊ သို့သော် မြန်မာ့ဒီမိုကရေစီ အရွေ့သည် အလိုလိုဖြစ်လာသည်တော့ မဟုတ်ပါ၊ လူထု၏ အသက်သွေးချွေးနှင့်ဘ၀တို့ကို ပေးဆပ်ရင်းနှီးမှု့နှင့်အတူ ရွေ့လျှားနေသည်သာ ဖြစ်ပါသည်၊



စစ်အာဏာရှင်တို့၏ နိုင်ငံတော်အပေါ်စိတ်စေတနာကောင်းမွန်မှန်ကန်လာပြီး အလျှော့ပေး လိုက်လျှောမှု့ကြောင့် ဒီမိုကရေစီအရွေ့ ဖြစ်ပေါ်လာခြင်းမဟုတ်ပါ၊ လုံးဝမဟုတ်ပါ၊ နိုင်ငံတကာနိုင်ငံရေး ရေစီးကြောင်းပြောင်းလဲမှု့နှင့်အတူ လူထု၏နိုးကြွားတတ်ကြွ စွန့်လွှတ်စွန့်စားမှု့ အားများကြောင့်သာ ယနေ့တွေ့ကြုံခံစားကြရသည့် မီဒီယာပွင့်လင်းလာမှု့၊ နိုင်ငံတကာသို့ ပေါက်ရောက်စေမှု့များ ဖြစ်ပေါ်လာခြင်းဖြစ်သည်၊

ဤကဲ့သို့ အထိုက်အလျှောက် ဒီမိုကရေစီရွေ့လျှားလာခြင်းအတွက် လူထု၏အခန်းကဏ္ဍက ကြီးမားသကဲ့သို့ ခေါင်းဆောင်များ အဖွဲ့အစည်းများ၏ ကဏ္ဍသည်လည်း ကြီးမားလှပါသည်၊ ဤအထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကဏ္ဍနှင့်ကြိုးပမ်းဆောင်ရွက်ချက်များသည် ထိပ်ဆုံး ကပင် ပါဝင်ခဲ့ပါသည်၊
ဒါကြောင့်လည်း လူထုခေါင်းဆောင်၊ ဒီမိုကရေစီမိခင် *အမေစု*ဟု သမိုင်းပေး အမည်ဖြင့် မော်ကွန်းစိုက်ထူနိုင်ခဲ့ပါသည်၊ မြန်မာရော ကမ္ဘာမှာပါ အထက်တန်းကျပြီး မျက်နှာပန်းလှနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဦးသိန်းစိန်အစိုးရက လွှတ်တော်အမတ်အဖြစ် ၀င်ရောက်အရွေးခံရေး လမ်းကြောင်းကို မည်သည့်ဥပဒေနှင့် မည်သို့ဖွင့်ပေးလိုက်သည် မသိပါ၊
ကြားဖြတ်ရွေးကောက်ပွဲနှင့်အတူ ဒေါ်စုတယောက်အမတ်ဖြစ်လာပါသည်၊ ထို့အတူ မည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရည်ညွှန်းပြောဆိုနေသည် မသိပါ၊ သမတတောင် ဖြစ်နိုင်သည်ဟူသော ရှေ့ပြေးနိမိတ်စကားများ ထွက်ပေါ်နေပြန်ပါသည်၊

ယခုလောလောဆယ်မှာတော့ အမတ်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်း တောင်ကြေနီးစီမံကိန်း ဆန္ဒပြလူထုကို အကြမ်းဖက်နှိမ်နင်းခဲ့သည့်ကိစ္စ စုံစမ်းရေးကော်မရှင်၏ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရပြန်ပါသည်၊



ဘာကြောင့် စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး ဘာကြောင့် ဒေါ်စုကို ဥက္ကဌအဖြစ် တာဝန်ပေး ခဲ့တာလဲ၊

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် တိုင်းပြည်နှင့်လူထု၏ အကျိုးကိုမည်မျှပင် ထိခိုက်နစ်နာသည်ဖြစ်စေတော့ စစ်အာဏာရှင် အဟောင်းနှင့်အသစ်တို့အတွက် ရပ်လို့မရတော့ပါ၊ လက်ရှိဦးသိန်းစိန်အစိုးရအနေဖြင့်လည်း စီမံကိန်းကို မရပ်ရဲကြပါ၊ ရထားအောင်မင်းပြောသလို သူတို့အားလုံး တရုပ်ကို ကြောက်နေကြရပါပြီ၊ ဘယ်လောက်ကြောက်နေကြရပြီလဲဆိုတာကိုတော့ တရုပ်နှင့်ရှုတ်ထွေးစွာ ပတ်သက်ထားကြသည့် စစ်အာဏာရှင်ကြီးအုပ်စုက အသိဆုံးဖြစ်ပါလိမ့် မည်၊

အင်တာနက် ဖေ့စ်ဘွတ်တွေ ၀ပ်ဆိုဒ်နဲ့ဘလော့တွေမှာ ပလူပျံအောင် တက်နေကြသည့် သန်းရွှေကြီးက ကြေးနီးတန်သုံးရာခိုးထားသည့်ကိစ္စ၊ သတ္ထုတွင်းဝန်ကြီးဌာနအပေါ် ဦးပိုင် ကုမ္မဏီက ဗိုလ်ကျလွှမ်းမိုးမှု့အပြင် စစ်အစိုးရသက်ဆိုးရှည်ရေးအတွက် တရုပ်အစိုးရနှင့်အပေး အယူလုပ်ထားရခြင်း စတဲ့အချက်တွေကလည်း မပြေးသော်လည်းကန်ရာရှိနေသည်မှို့ ဦးသိန်းစိန် အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှု့ရှိအောင် မည်သို့မျှ မဖြေရှင်းနိုင်တော့ပါ၊ ထို့ကြောင့် ဦးသိန်းစိန် အစိုးရသည် စီမံကိန်းရပ်စဲရေး ဆန္ဒပြပြည်သူလူထုကို အကြမ်းဖက်ဖြိုခွင်းဖျက်ဆီးပြီး အနိုင်ယူရန်မှ တပါး အခြားလမ်းမရှိတော့ပါ၊


ဒါကြောင့် ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့ညမှာ စစ်ပုလိပ်များက အထက်ပိုင်းစစ် အာဏာရှင်တို့၏ အမိန့်အတိုင်း လက်ပံတောင်းတောင်သပိတ်စခန်းကို ငရဲဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်း လိုက်ကြပါသည်၊ ရဟန်းသံဃာတော်များ မီးလောင်ခံကြရကာ ဒဏ်ရာပြင်းထန်သည့် သံဃာတော် အချို့မှာ အလွန်စိုးရိမ်ရသဖြင့် နိုင်ငံခြားသို့ပင် သွားရောက်ပြီး ဆေးကုသခံကြရပါသည်၊ မီးလောင်ဒဏ်ရာရ သံဃာတော်များ၏ ဓါတ်ပုံမှာလည်း ကမ္ဘာတွင် ပြန့်နှံ့သွားပါသည်၊ မည်သို့သော လက်နတ်ဖြင့်ဖြစ်စေ၊ ဗုံးဖြင့်ဖြစ်စေ ပစ်ခတ်ရာတွင် လက်နတ်၏အမည်နာမကို ဘက်လိုက်ပြီး ပြောဆို ကင်ပွန်းတပ်နေကြပြန်ပါသည်၊

ကော့မှူးအမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြစ်မှု့ကျူးလွန်သည့် အစိုးရဘက်မှ မီးခိုးဗုံးဟု သုံးစွဲခေါ်ဆိုပြီး လူထုနှင့်ခံရသည့်ဘက်ကတော့ မီးလောင်ဗုံးဟုခေါ်ဆိုသုံးစွဲနေကြပါသည်၊ မည်သို့ပင်ခေါ်ဝေါ်သုံးစွဲကြပါစေ မီးလောင်ဘုန်းကြီးကိုကြည့်ပြီး ကမ္ဘာကဆုံးဖြတ်ပါလိမ့်မည်၊ ပညတ်သည် အဓိကမဟုတ်ပါ၊ မီးလောင်တိုက်သွင်းသည့် ဗုံးမျိုးဖြစ်နေသဖြင့် *ငရဲဗုံး* ဟု ခေါ်ကြပါစို့၊

ဒေါ်အောင်ဆန်းစုကြည်က တခြားသူတွေ အကျိုးယုတ်အောင်လို့ မမှန်ကန်တဲ့စကားတွေ မသုံးမိအောင် သတိထားရတယ်၊ မီးလောင်ဗုံးဆိုတော့ တမင်မီးလောင်စေချင်လို့ ပစ်တယ်လို့ သဘောတရားဖြစ်တယ်၊ မီးလောင်ဗုံးမဟုတ်ဘူး၊ မီးခိုးဗုံးတွေပါဆိုပြီး မီးခိုးဗုံးအကြောင်းကို ရှင်းပြပြောဆိုသွားတယ်၊



မုံရွာခရိုင် ဒုန်းတောကျေးရွာ မူလတန်းကျောင်းမှာ ၁၃.၀၃.၂၀၁၃က ဒေသခံတွေကို ပြောခဲ့တာဖြစ်တယ်၊ ဘုန်းကြီးတွေ မီးလောင်ခံခဲ့ကြရတာ အထင်အရှားဖြစ်နေလို့ မီးလောင်ဗုံးနဲ့ပစ်ပါတယ်လို့ ပြောတာဟာ ပြောတဲ့သူတွေဘက်က ဘာများ မှားနေလို့ပါလဲ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား၊ တခြားသူတွေ အကျိုးယုတ်အောင် မမှန်မကန်တဲ့စကားတွေသုံး နေတယ်လို့် စွတ်စွဲနေတာလား ဒေါ်အောင်ဆန်းစုကြည်၊
လက်ပံတောင်းကြေးနီစီမံကိန်းမှာ ဘယ်သူတွေဘယ်လို အကျိုးရှိနေပြီး ဘယ်သူတွေဘယ်လို အကျိုးယုတ်နေကြရပြီဆိုတာ ဒေါ်စု နည်းနည်းလေးမှမတွက်ဆမိဘူးလား၊ ခုတော့ ပြောရက်တယ်ဗျာ *တခြားသူတွေအကျိုးယုတ် အောင် မမှန်ကန်တဲ့စကားတွေမသုံးမိအောင် သတိထားရတယ်*တဲ့

ထားလိုက်ပါတော့ဗျာ ဒေါ်စုပြောတဲ့ မီးခိုးဗုံးနဲ့ပစ်လို့ ဘုန်းကြီးတွေ မီးလောင်ခံခဲ့ရတယ်ပေါ့၊ သမိုင်းတွင်ပြီလေ၊ ဒီထက်ပိုပြီးအရေးကြီးတာက မြန်မာပြည်မှာ လူထုဆန္ဒပြပွဲတွေလုပ်ရင် ဒေါ်စု ပြောတဲ့ မီးခိုးဗုံးတွေနဲ့ နှိမ်နင်းခံရတော့မှာ သေခြာသွားပါပြီ၊

မှတ်မိနေပါသေးသည်၊ သွားလေသူ စစ်အာဏာရှင်ထိပ်သီး ဗိုလ်နေ၀င်းရဲ့ သမိုင်းဝင် မိန့်ခွန်းမှာ*စစ်တပ်ဆိုတာ မိုးပေါ်ထောင်ဖေါက်တာမပါဘူး၊ ပစ်ရင်တည့်တည့်ပစ်တယ်၊ ဒီတစ်ခါ ရုတ်ရုတ် ရုတ်ရုတ်လုပ်ရင် မသက်သာဘူးသာမှတ်*တဲ့

အခုလည်း ဒေါ်စုက ပြောပြီ မီးလောင်ဗုံးမဟုတ်ဘူး မီးခိုးဗုံးတွေပါတဲ့၊ ဆန္ဒပြတဲ့သူတွေ လမ်းတွေ ပေါ်မှာလုပ်တယ်ဆိုရင် မီးခိုးဗုံးသုံးတဲ့အခါကျတော့ ဆက်ပြီးတော့ ချီတက်ဖို့ခက်အောင်လို့တဲ့၊

ဒါဆိုရင် အခု လက်ပံတောင်းအရေးအခင်းမှာ သုံးသွားတဲ့ မီးခိုးဗုံး(ဒေါ်စုပြောတဲ့)မျိုးကို လူထုဆန္ဒပြပွဲတွေမှာ အသုံးပြုနိုင်တယ်လို့ မီးစိမ်းပြလိုက်တယ်လို့ပြောလိုက်တာပါပဲ၊ ဒေါ်စု၏ သမိုင်းဝင် မိန့်ခွန်းပါလား၊

ပြီးတော့ ဘုန်းကြီးတွေ မီးလောင်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရအောင် ပစ်ခတ်နှိမ်နှင်းတဲ့ လက်နက်တွေကို သုံးခဲ့ကြတာသည် ကျွမ်းကျင်တဲ့သူ မရှိလို့ ဖြစ်ရတာပါတဲ့၊

ကဲ ကောင်းကြသေးရဲ့လားဗျာတို့၊ ဒေါ်စုရဲ့ ဆင်သေကို ကြွက်သားရေနဲ့ဖုံးပြီး ဗြောင်ကြီးလိမ် ၀ံ့တဲ့ သတ္တိကိုတော့ ချီးကျူးစရာပါပဲ၊ စုံစမ်းရေးကော်မရှင် ဥက္ကဌကြီးက သူ့အစီရင်ခံစာကို သေသေခြာခြာဖတ်ကြည့်ပါတဲ့၊ စိတ်ဝင်စားလွန်းလို့ သေသေခြာခြာနှံ့နှံ့စပ်စပ်အောက်လိုင်းတားပြီး ဖတ်ဖြစ်ပါတယ်၊ သို့ပေမယ့် အစီရင်ခံစာ ရေးသားတင်သွင်းသည့် တာဝန်ခံ ဥက္ကဌကြီးကတော့ သေသေခြာခြာဖတ်ရဲ့လားလို့ သံသယ၀င်မိပါတယ်၊ အစီရင်ခံစာ တင်သွင်းခြင်းခံရတဲ့ သမတ ကတော့ အစအဆုံးဖတ်မှာ မဟုတ်ပါ၊ ၂၀၀၈ အခြေခံဥပဒေလို ရှုတ်ထွေးပြီး ရှည်တော်မူလွန်း နေပါတယ်၊




အစီရင်ခံစာရဲ့ အနှစ်ချုပ်ကတော့ ကြေးနီစီမံကိန်းမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ အမှု့ထမ်းအရာထမ်းစတဲ့ ၀န်ထမ်းတွေကိုပဲ အပြစ်ပုံချထားပါတယ်၊ စစ်အစိုးရ အဆက်ဆက်က အာဏာပိုင်ကြီးများ၊ မြန်မာ့စစ်တပ်ကြီး တစ်ခုလုံးကို ခုတုံးလုပ် စီးပွားရှာနေတဲ့ ဦးပိုင် ကုမ္မဏီမှ ဗိုလ်ချုပ် ဗိုလ်မှူးများနှင့်ပွဲလန့်ဖျာခင်း အချောင်နှိုက်နေတဲ့ ၀မ်ပေါင်ကုမ္မဏီနှင့်သက်ဆိုင်သူ အာဏာပိုင်များကိုတော့ အပြစ်ကင်းသူကျေးဇူးရှင်ကြီးများပမာ လုံးဝမတို့မထိဘဲ ချန်လှပ်ထားတာ တွေ့ရပါတယ်၊

ဝန်ထမ်းတွေက ပွင့်လင်းမြင်သာမှု့ရှိအောင် အလုပ်မလုပ်ခဲ့ကြလို့ ပြဿနာစခဲ့ရတယ်၊ ပြဿနာတွေ ကြီးထွားလာရတာလည်း ၀န်ထမ်းတွေကြောင့် ဖြစ်ရသလို ဥပဒေကိုမလိုက်နာကြတဲ့ ဒေသခံလူထုတွေကြောင့် ဖြစ်ရတယ်၊ ပြီးတော့ ဘေးကနေ မြှောက်ထိုးပင့်ကော်လုပ်ကြသူများ ကြောင့်လို့ ဆိုချင်ပုံရပါတယ်၊ ဒေါ်စုရဲ့ အစီရင်ခံစာကြီး မထွက်ခင်မှာ စုံစမ်းရေးကော်မရှင်မှာပါတဲ့ ဒေါ်ခင်စန်းလှိုင် ဆိုသူကို ရေဒီယိုသတင်းထောက်တွေက သုံးလေးကြိမ်လောက် မေးမြန်းခဲ့ကြပါ တယ်၊
ဒေါ်ခင်စန်းလှိုင်က အစီရင်ခံစာသည် လက်ပံတောင်းတောင်စီမံကိန်းကို ရပ်ပစ်ဖို့ (သို့)ဆက်လုပ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ပေးမှာမဟုတ်ဘူး၊ စုံစမ်းလေ့လာတွေ့ရှိချက်များကိုသာ အစီရင်ခံတင်ပြပေးမှာ ဖြစ်ပါတယ်တဲ့၊
အခု အစီရင်ခံစာလည်းထွက်လာရော စီမံကိန်းကို ဆက်လုပ် သင့်ကြောင်းဆိုတဲ့ အကြံပြုချက်ပါလာတယ်၊ နောက်ပြီး ဒေါ်စု ပါးစပ်ကလည်း ပြောလိုက်ပါပြီ၊ နိုင်ငံတော် အကျိုးစီးပွားအတွက် ဆက်လုပ်ရမယ်တဲ့၊ လက်ပံတောင်းတောင်ကြီး ပျေက်ချင်လဲ ပျောက်မှာပါတဲ့၊ ရှေ့စကားနဲ့နောက်စကားတွေ မညီတဲ့အပြင် *ဆက်လုပ်*ဆိုတဲ့ မောင်သန်းရွှေ ပြောရမဲ့ အမိန့်ကို မစု က တဆင့်ပြောနေပါပြီကော၊


ကမ္ဘာ့အကြီးဆုံး ကြေးနီထုတ်လုပ်ရေး စီမံကိန်းကြီးကို အိုင်ဗင်ဟို ကုမ္မဏီလက်ထဲကနေပြီး တရုပ်ဝမ်ပေါင်ကုမ္မဏီကို လွှဲပြောင်းပေးလိုက်ရပြီး တရုပ်ကြီးကို လာဘ်ထိုးခဲ့ရတယ်ဆိုတာ သက်သေမပြရဘဲ အဖြေထွက်နေတဲ့ ကိစ္စပါ၊ စစ်အာဏာရှင်စနစ်ကြီး သက်ဆိုးရှည်ရေးနဲ့ စစ်အာဏာရှင်များ ကောင်းစားရေးအတွက် သက်သက်ပဲဆိုတာလည်း လူတိုင်းသိနိုင်တဲ့ ကိစ္စပါ၊ ဒါကြောင့် မြစ်ဆုံကိစ္စလို ရပ်ဆိုင်းရဖို့လောက်တောင် လုံးဝမဖြစ်နိုင်တဲ့ ကိစ္စဖြစ်နေပါတယ်၊

ရထားအောင်မင်းရဲ့ တရုပ်ကို ကြောက်နေရပါတယ်ဆိုတဲ့ စကားဟာလည်း သူတို့အတွက် အမှန်ပြောခဲ့တာပဲ ဖြစ်ပါတယ်၊ ဒါကြောင့် လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းကို ထိမယ်ဆိုရင် ဒူးအော်ဒိုင်း လုပ်ဖို့ စစ်အာဏာရှင်အစိုးရက ဆုံးဖြတ်ပြီးသားပါ၊ ဒီလို ဆုံးဖြတ်ထားကြလို့လည်း ဘုန်းကြီး ရဟန်းသံဃာတော်တွေကို ငရဲမီးဗုံးနဲ့ပစ်ခွင်းနှိမ်နှင်းလိုက်ကြတာပေါ့၊ အဲဒီလိုလုပ်တာက စစ်အစိုးရဆိုသူများအတွက် အဆန်းတရားမဟုတ်ပေမယ့် ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတာကတော့ ဆန်းနေပါတယ်၊

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သံဃာတော်တွေကို မီးလောင်တိုက်သွင်းပြီး နှိမ်နင်းပြီးကာမှ လူထုရဲ့ ဒေါသအိုးပေါက်ကွဲပြီး ပိုးဆိုးလာမှာစိုးတဲ့အတွက် စုံစမ်းရေးကော်မရှင်ဆိုတာကို မဆီမဆိုင် ဖွဲ့ပြီး လူထုရဲ့ ယုံကြည်အားထားမှု့အရှိဆုံးခေါင်းဆောင် ဒေါ်စုကို စုံစမ်းရေးကော်မရှင် ဥက္ကဌရာထူး ကို ပေးလိုက်ပါသတဲ့၊ လောလောဆယ်ငြိမ်ကျသွားအောင် သုံးလိုက်တဲ့နည်းဗျူဟာ ကတော့ အောင်မြင်သွားပါတယ်၊ အမေစုက အမှန်အကန်လုပ်ပေးမယ်အထင်နဲ့ မအေးနက်တို့ သွဲ့သွဲ့ဝင်းတို့ လည်း နားသွားကြတာပေါ့၊


အမှန်ကတော့ တရားဥပဒေအရ အပြစ်ရှိသူကို ဖေါ်ထုတ်အရေးယူရမှာပါ၊ ဘာစုံစမ်းရေး ကော်မရှင်မှဖွဲ့စရာမလိုပါဘူး၊ ဒါတွေကို ဒေါ်စုနှင့်အင်အယ်ဒီလူကြီးတွေလည်း နောကျေအောင်သိ ကြမှာပါ၊ သို့သော်ဘာကြောင့် စုံစမ်းရေးကော်မရှင် ဥက္ကဌကြီးလုပ်ပြီး ဘာကြောင့် မီးခိုးဗုံး ပစ်တာပါတို့ နိုင်ငံတော် အကျိုးစီးပွားအတွက် စီမံကိန်းကို ဆက်လုပ်သင့်တယ်တို့ ဆိုတာတွေကို ပြောနေပါလိမ့်ဆိုတာ နားမလည်နိုင်လောက်စရာပါပဲ၊

အစီရင်ခံစာထွက်ပြီး ချက်ချင်းပဲ လက်ပံတောင်းတောင် ဒေသခံတွေဆီကို ဒေါ်စုသွား ရောက်ပြီး ရှင်းလင်းပွဲတွေဆက်လုပ်နေပါတယ်၊ ဒေါ်စုရဲ့ရှင်းလင်းပြောပြချက်တွေကို ကြားရတဲ့ အခါမှာတော့ ဒေါ်စုအပေါ်မှာ နားလည်သဘောပေါက် သွားပါတော့တယ်၊ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်တယောက် သတ္တိရှိရှိနဲ့ လူထုကို ဗြောင်လိမ်ဗြောင်စားလုပ်နေပြီဆိုတာပါပဲ၊ ဖေဖေထောင်ခဲ့တဲ့စစ်တပ်နဲ့အတူ စစ်အာဏာရှင်တွေအပေါ်မှာ သံယောဇဉ်ကြီးမားသူတစ်ယောက် ဆိုတာ ထင်ရှားသွားပါပြီ၊

စုံစမ်းရေးကော်မရှင် ဥက္ကဌရာထူးမှတဆင့်တက်ပြီး လက်ပံတောင်းကြေးနီစီမံကိန်း ဆက်လုပ်ရေးတာဝန်ခံဆိုတဲ့ရာထူးကြီးကိုလည်း ဒေါ်စုတစ်ယောက်ရရှိသွားပြန်ပါသည်၊ တာဝန်ခံ ကြီးဆိုတော့ မကျေနပ်တဲ့လူထုကိုစိန်ခေါ်ပြီး ဆန္ဒပြချင်ရင် သူ့ကိုလာပြီး စစ်တစ်ပိုင်းအစိုးရရဲ့ ဥပဒေနဲ့အညီ ဆန္ဒပြနိုင်ပါတယ်တဲ့၊ စဉ်းစဉ်းစားစားပြောဖို့ကောင်းပါတယ်၊ *ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ*လို့ အော်ဟစ်ဆန္ဒပြတော့ကော လူထုဘက်က ဘာများ အကျိုးရှိမှာတဲ့လဲ၊ စစ်အာဏာရှင်တွေအတွက် ပီတိတွေလွှမ်းပြီး အပြုံးပန်းတွေဝေယုံမှတပါး ဘာများ ဖြစ်လာမှာပါလဲ၊ စီမံကိန်းကြီးရပ်သွားမှာလား၊

ကြေးနီစီမံကိန်းကြီး ရပ်စဲတော့ လယ်တွေ ယာတွေကို ပြန်ပြီးလုပ်နိုင်မယ်တဲ့ လားလို့လဲ ဒေါ်စုက ပြောပြန်တယ်၊ ဒေါ်စုရေ လုပ်နိုင်သလောက်လုပ်မယ် နောက်ထပ် တောပျောက် တောင်ပျောက် ရွာပျောက် မဖြစ်ဖို့ဘဲလိုတယ်၊


နိုင်ငံတော်ရဲ့အကျိုးစီးပွားကို ကြည့်ရမယ်တဲ့၊ မ.ဆ.လ ခေတ်ကတည်းက ယနေ့အထိ ကြေးနီစီမံကိန်းကရရှိခဲ့တဲ့ အကျိုးအမြတ်တွေကို နိုင်ငံတော်အတွက် ဘယ်၍ဘယ်မျှ အကျိုးရှိစွာ သုံးနိုင်ခဲ့သလဲဆိုတဲ့ တိကျတဲ့ စာရင်းဇယားတွေကို ဒေါ်စုသိခွင့်ရှိတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြည်သူကို ချပြလိုက်စမ်းပါ၊ စစ်အာဏာရှင်တွေရဲ့ကိုယ်စား လူထုကို လှည့်ဖြားတဲ့စကားတွေကို ပြောဖို့မကောင်းပါဘူး၊

အိမ်နီးချင်းနိုင်ငံကြီးနဲ့ ဆက်ဆံရေးမပျက်စေချင်ဘူးဆိုပြီးတော့ လူကြားကောင်း တရားနာ လျှောက်မပြောပါနဲ့တော့၊ မြန်မာပြည်သူတွေဟာ ဘယ်အိမ်နီးချင်းနိုင်ငံကိုမှ မစော်ကားဘူး၊ မတရားမလုပ်ခဲ့ဘူး၊ အမြတ်မထုတ်ခဲ့ဘူး၊ ကိုယ့်အပေါ်မတရားလုပ်တယ်ဆိုရင်တော့ အမှန်အတိုင်း ပြောရမှာဘဲ၊ ဒီလိုပြောလို့ဘယ်နိုင်ငံကမှ မဆက်ဆံချင်လည်း မတတ်နိုင်ဘူး၊ ကိုယ့်နိုင်ငံကို ကိုယ်ကာကွယ်ထိမ်းသိမ်းစောင့်ရှောက်ရမှာပါ၊ ဒီတာဝန်သည် စစ်တပ်ရဲ့ တာဝန်သက်သက် မဟုတ်ပါဘူး၊ ပြည်သူပြည်သားအားလုံးရဲ့ တာဝန်ပါ၊

ဒီမိုကရေစီခေါင်းဆောင်ဆိုတာ လူထုဆန္ဒ၊ အများဆန္ဒကိုသာ လေးစားလိုက်နာရမယ်ဆိုတဲ့ အချက်ကို ဒေါ်စုမေ့သွားပြီ၊ စစ်အာဏာရှင်တစ်စုရဲ့ အကျိုးစီးပွားကို နိုင်ငံတော်အကျိုးစီးပွားလို့ ပြောင်းလဲယုံကြည်မှု့နဲ့အတူ လူထုဆန္ဒကို ဆန့်ကျင်လိုက်ခြင်းပင်ဖြစ်တယ်၊


နိုင်ငံတစ်နိုင်ငံရဲ့ ခေတ်မီတိုးတက်ဖွံ့ဖြိုးခြင်းဆိုတာ ရုပ်ပိုင်းလောက်ကိုသာကြည့်ရင် သိပ်ပြီး အမြင်ကျဉ်းရာကြတယ်၊ ယနေ့အင်တာနက်ခေတ်မှာ မိမိတို့ရေမြေတောတောင်သဘာဝအတိုင်း ခေတ်မီတိုးတက်တာကိုပဲ လူသားတွေ လိုလားကြတယ်ဆိုတာ ဒေါ်စု စဉ်းစားပါ၊

လက်ရှိအနေအထားမှာ မြန်မာပြည်သူတွေသည် စစ်အာဏာရှင်တစ်စုကိုလည်း မဖယ်ရှား နိုင်သေးပါဘူး၊ သူတို့လက်အောက်က လွတ်မြောက်ရေးအတွက် လှုပ်ရှားလွန့်လူးတိုက်ပွဲဝင်နေရဆဲ ကာလဆိုတာ လူတိုင်းသိပါတယ်၊ လက်ပံတောင်းတောင် အရေးတော်ပုံဟာလည်း ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်သလို ကြောင်းကျိုးခိုင်လုံမှု့လည်းရှိတယ်၊


တရုပ်ကွန်မြူနစ်အစိုးရနဲ့ မြန်မာစစ်အာဏာရှင်အစိုးရတို့ရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု့ ဆိုတာ ဘယ်သောအခါမှ ပွင့်လင်းမြင်သာမှု့မရှိသလို တာဝန်ခံမှု့ တာဝန်ယူမှု့ဆိုတာတွေလည်း မရှိဘူး၊ ဒါဟာ သူတို့ကိုင်စွဲနေတဲ့ စနစ်ဆိုးရဲ့သဘာဝပဲဖြစ်တယ်၊ တရုပ်က မြန်မာ့ကြေးနီတွေကို အလွန်အမင်းမက်မောနေလို့ မဟုတ်ပေမယ့် ပွင့်လင်းမှု့မရှိတဲ့ စီးပွားရေးဖက်စပ်လုပ်ငန်းကြီးတွေကို ထိခိုက်လာမှာစိုးပြီး လက်ပံတောင်းကိစ္စမှာ နောက်ဆုတ်မပေးတာဖြစ်တယ်၊ ဒီအခြေအနေမျိုးမှာ လက်ပံတောင်းကိစ္စအတွက် ပွင့်လင်းမြင်သာမှု့ ရှိပါစေမယ်လို့ ဒေါ်စုက၀င်ပြီး အာမခံပေးတာက သိပ်ပြီး အံသြစရာကောင်းနေတယ်၊ ၀မ်ပေါင်နဲ့ဦးပိုင်ကလည်း ငွေထုပ်ကြီးတွေပိုက်ပြီး မြေယာဆုံးရှုံးသူတွေကို ချက်ချင်းလျှော်ကြေးငွေပေးမယ်တကဲကဲ လုပ်နေကြတယ်၊ ဒေသခံလူထု ကို ငွေနဲ့ဖိလိုက်ရင် ငြိမ်ကျသွားကြမှာပါပဲလို့လည်း ထင်မှတ်မှားနေကြတယ်၊


လက်ပံတောင်းတောင်အရေးတော်ပုံက စားဝတ်နေရေးအကျပ်အတည်းကြီးနဲ့ ရင်ဆိုင်လာ ရလို့ဆိုတဲ့ အချက်တစ်ခုတည်းမဟုတ်ဘဲ ရွာခြေနဲ့ ရေမြေတောတောင်သဘာဝသာမက ယုံကြည်ကိုးကွယ်တန်ဖိုးထားတဲ့နေရာဒေသတွေကို မကွယ်ပျောက် မဆုံးရှုံးစေချင်တဲ့ လူထုရဲ့ ဆန္ဒဟာ အဓိကအချက်ဖြစ်နေတယ်၊ ဒါသည် လူသားတွေအတွက် သဘာဝကျတဲ့ဆန္ဒမျိုးလည်း ဖြစ်တယ်၊ ဧရာဝတီနဲ့ပဲခူးရိုးမကြီး အပျောက်ခံမယ်ဆိုရင် မြန်မာပြည်သားအားလုံး ချက်ချင်း ချမ်း သာစေရမယ်ဆိုတာမျိုးကို ပြည်သူတွေ လက်ခံကြပါ့မလား၊ ဒေါ်စု စဉ်းစားသင့်တယ်၊

ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးနှင့် ထူးထူးခြားခြားပတ်သက်တဲ့ နေရာတွေနှင့် တရားအားထုတ်သွားတဲ့ နေရာမျိုးတွေကို နေရာအတိအကျ မှတ်သားတိုင်းထွာပြီး သက်မှတ်ချက် မပေးနိုင်ပေမယ့် အဲဒီနေရာ အဲဒီဒေသမှာဆိုကတော့ သေခြာတယ်၊ ဒါကြောင့်လည်း ဒေသခံတွေက အထိမ်းအမှတ်ပြုတည်ဆောက်ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်များရဲ့ ဓလေ့ထုံးစံ သည်လည်း နက်ရှိုင်းမှုရှိတာကြောင့် ပြုလွယ်ပြင်လွယ် ဖျက်လွယ် လုပ်လို့မရဘူး၊ ဒါ ယုံကြည်ကိုး ကွယ်မှု့နဲ့ဆိုင်တယ်၊ ဗုဒ္ဓဘာသာဝင်တွေ လက်ခံကျင့်သုံးနေတဲ့ ယဉ်ကျေးမှုလည်း ဖြစ်တယ်၊


လယ်တီဆရာတော်ဘုရားကြီး တရားအားထုတ်သွားတဲ့နေရာသည် ဟိုတုံးက သစ်ရိပ် ၀ါးရိပ်နေရာလောက်သာရှိတယ်လို့ပြောလို့မရဘူး ဗုဒ္ဓဘာသာမှာ မြတ်ဗုဒ္ဓက ခြေတော်ရာချသွား တဲ့နေရာကိုတောင်မှ အထွဋ်အမြတ်ထားပြီး ပြုစုမွန်းမံကြတယ်၊ မပျောက်မပျက်အောင် ထိမ်းသိမ်း စောင့်ရှောက်ကြတယ်ဆိုတာ ဒေါ်စုတစ်ယောက်နားလည်သင့်တယ်၊ ဒီလောက်မှ နားမလည်ဘူးဆို ရင် ဗုဒ္ဓဘာသာအများစုရှိတဲ့နိုင်ငံမှာ ဘယ်လိုခေါင်းဆောင်မှာလဲလို့ မေးခွန်းထုတ်ရမယ်၊သာသနာ ကို ထိမ်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ ရင်တွင်းက လက်ဆင့်ကမ်းသာသနာအပြင် မြင်ကွင်း သာသနာလည်း လိုအပ်မှု့ရှိတယ်ဆိုတာကို သိရမယ်၊ တရားလက်လွတ်မပြောသင့်ဘူး၊


လူသားတွေက တန်ဖိုးထားတဲ့အရာတွေမှသာ တန်ဖိုးရှိတာဖြစ်တယ်၊ လူသားတွေ တန်ဖိုးမဖြတ်ဘဲ အမြတ်တနိုးထားတဲ့အရာတိုင်းသည် တန်ဖိုးကို ဖြတ်လို့မရတော့ဘူး၊ ဒီသဘောတရားကိုလည်း ဒေါ်စုနားလည်ဖို့ လိုတယ်၊


လက်ပံတောင်းတောင်ကြီးအား ဦးပိုင်နဲ့ဝမ်ပေါင်ကိုချကျွေးပြီး မြန်မာ့ဒီမိုကရေစီရေး အောင်မြင်အောင်လုပ်ပါမယ်ဆိုတဲ့ စိတ်ကူးယဉ်ချက်မျိုးကတော့ မှားပါလိမ့်မယ်၊ *အမေစု*ဆိုတဲ့ တန်းဖိုးမဖြတ်နိုင်တဲ့ ဘွဲ့အမည်ကို လူထုက ပေးခဲ့ကြတာပါ၊ စစ်တပ်က ပေးတာမဟုတ်ပါဘူး၊ စုံစမ်းရေးကော်မရှင် ဥက္ကဌမှ ကြေးနီစီမံကိန်းဆက်လုပ်နိုင်ရေး တာဝန်ခံကြီးဖြစ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား အစီအစဉ်ရှိရှိ ကော်မရှင်ဥက္ကဌကြီးဝင်လုပ်ပြီး အစီအစဉ်ရှိရှိ စီမံကိန်းဆက်လုပ်ရေး တာဝန်ခံကြီး ချက်ချင်းဖြစ်သွားတာသည် ဒေသခံဆန္ဒပြပြည်သူတွေကို အစီအစဉ်ရှိရှိ နှိပ်ကွတ်မှု့မှာ ဦးဆောင်မှု့ပေးအုံးမှာလား၊

ဒေါ်စုရဲ့အိမ်ရှေ့ကိုလည်း လာပြီးဆန္ဒမပြပါဘူး၊ ကိုယ့်ဒေသမှာပဲကိုယ် ငြိမ်းချမ်းစွာ ဆန္ဒပြကြမှာပါ၊ ဦးသိန်းစိန်အစိုးရနဲ့အတူ ပူးပေါင်းပြီး ဒေါ်စုက ဆန္ဒပြသူတွေကို နှိမ်နင်းမယ်ဆိုရင် လည်း ဒေသခံပြည်သူတွေက လည်စင်းပေးကြမှာပါ၊ ဒေါ်စုကသာ နင်းချေမယ်ဆိုရင် ဒေသခံတွေရဲ့ အသဲနှလုံးတွေကို လမ်းခင်းပေးလိုက်တော့မယ် *အမေစု*ရေ။

ဦးဖိုးသာအောင်။-(နော်ဝေ) -
-------------------------------------------------------------------------------

http://hittai.org/?show=rm&fileid=212&t=home3&id=3

No comments: