Friday, March 1, 2013

“အာဏာရှင်ဆင်ရိုင်းကို ဒီမိုကရေစီ ကျုံးထဲသွင်းကြပါ”

 (ကိုညို-အော်စလို)

by Ko Nyo on Friday, March 1, 2013 at 12:05am ·
“အာဏာရှင်ဆင်ရိုင်းကို ဒီမိုကရေစီ ကျုံးထဲသွင်းကြပါ”

သမတဦးသိန်းစိန် နော်ဝေးနိုင်ငံ အော်စလိုကို ရောက်တဲ့ရက် ညနေခင်းမှာ ကျနော်အပါအ၀င် ဒီမိုကရေစီအရေး တက်ကြွသူ လူ(၅၀) ဆန္ဒပြတာနဲ့ ပတ်သက်ပြီး အားပေးထောက်ခံတဲ့ သူတွေရှိသလို ရှုံ့ချအပြစ်တင်မှုတွေကိုလည်း ဖေ့စ်ဘွတ်စာမျက်နှာတွေမှာတွေ့ရတယ်။ ဒါမဆန်းဖူး၊ ဒီမိုကရေစီ ၀ါဒအရ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အရှိတရား ကိုတော့ လက်ခံရမှာပဲ။ နော်ဝေးရောက်မြန်မာတွေအများစုက ဆန္ဒပြမဲ့နေ့(တနင်္လာ) က အလုပ်ကိုယ်စီ လုပ်နေရတော့ မအားကြဖူး။ အဲဒီနေ့ ဆန္ဒပြသူတွေဟာ တချို့ကလစာမဲ့ခွင့်ယူ၊ တချို့က အလုပ်ဖျက်ပြီး လာကြတာ။ အော်စလိုအနီးအနား နဲ့ တခြားမြို့က တိုင်းရင်းသားတွေတောင်ပါသေးတယ်။ ဘယ်သူကမှ တိုက်တွန်းနှိုးဆော် တွန်းအားပေးလို့ လာကြတာမှုတ်ဖူး။ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ့်နိုင်ငံရေးရပ်တည်ချက်အတိုင်း ဒို့ အလုပ် ဒို့လုပ်မယ်ဆိုပြီး လာကြတာဖြစ်တယ်။ တချို့ မလာနိုင်ပေမဲ့ ဖုံးတွေဆက်၊ မက်ဆေ့စ်တွေပို့ ပြီးအားပေးတာ၊ ထောက်ခံတာတွေလုပ်တာ အများကြီး။ အခုဆန္ဒပြပွဲမှာ မကြိုက်ကြသူတွေ ဝေဖန်တာက “သမတကြီး သိန်းစိန်အား ရွှေပန်းဖြင့် ကြိုဆိုပါသည်” ဆိုတဲ့ စာသားပိုစတာတခုပါ။ နော်ဝေးပါလီမာန်ရှေ့ ဆန္ဒပြမဲ့သူတွေလူစုတုံးဘက်ထ္ထရီတပ် ၀ှီးချဲ (လက်တွန်းလှည်း) ပေါ်က ကရင်လူမျိုး မသန်စွမ်းတိုင်းရင်းသားမိတ်ဆွေတယောက်က “ကိုညို ကျနော်တော့ ဒီပိုစတာရေးလာတယ်လို့ ပြောပြီး အဲဒီပိုစတာကို ပြတယ်။ ကျနော်က “ဒါကြီးတော့ မီဒီယာတွေမှာ မပေါ်အောင် နောက်မှာပဲထားရင်ကောင်းမယ်”လို့ အကြံပေးလိုက်ပါသေးတယ်။ တကယ်ဆန္ဒပြတော့ အဲဒါကြီးကို သဘောကျသူ တချို့က ကိုင်ပြီးရှေ့တက်လာတယ်။ အဲ..ဦးသိန်းစိန်ဟော်တယ်ကိုရောက်လာတုံး သူနဲ့လိုက်ပါလာတဲ့ မီဒီယာသမားတချို့ ဓာတ်ပုံ ဗွီဒီယိုရိုက်တယ်။ (အစောပိုင်းကလည်း ဟော်တယ်အထပ် ပြူတင်းတခါးနောက် ကနေ ကင်မရာနဲ့ လူတယောက် မှတ်တမ်းတင်နေတယ်) သမတနဲ့ပါတဲ့ သတင်းသမားတွေကို ကျနော်က “အစိုးရ သတင်းတပ်ဖွဲ့ကလား” လို့ မေးကြည့်တော့ “မဟုတ်ပါဖူး VJ အဖွဲ့ပါလို့ အတည်လိုလို နောက်သလိုလို ဖြေတယ်။ နောက်မှသိရတာက စကိုင်းနက် အဖွဲ့ရယ်၊ MRTVရယ်၊ ပြန်ကြားရေးသတင်းအဖွဲ့ရယ်ပါလာတာပါ။ ကျနော့်ကိုအင်တာဗျူးချင်လို့ပါဆိုပြီးမေတ္တာရပ်ခံတယ်။ ကျနော်လည်းသတင်းထောက်၊မီဒီယာသမားတယောက်ဖြစ်တယ်ဆိုတာ သေချာမိတ်ဆက်ပြီးတော့ပြောပြတယ်။ မီဒီယာ ကျင့်ဝတ်အရ သတင်းထောက်ကို အင်တာဗျူး လုပ်လေ့မရှိဖူးလေ၊ ဒါကို သိအောင် ကြိုပြောတာ။ ဒါပေမဲ့  သူတို့က အတင်းဗျူးတယ်။အမှန်တော့ ကျနော့်ကိုသတင်းဖော်ပြချင်လို့ ဗျူးတာမဟုတ်ဖူး၊ သူတို့သိချင်တာ မေးဖို့ မှတ်တမ်းယူဖို့ မေးတာ၊ သူတို့ အဲဒီဆန္ဒပြပွဲနဲ့ အင်တာဗျူးတွေ မလွှင့်ဖူးလို့ နောက်တနေ့ကျမှ သေချာသိရတယ်။ ဖေဖ၀ါရီ၂၇ရက် သမတက မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲမှာ အဲဒီမီဒီယာအဖွဲ့ထဲက လူနှစ်ယောက် ကို ကျနော် ချည်းကပ်ပြီးသေချာမေးကြည့်တော့ “တကယ်ဆို သမ္မတကိုဆန္ဒပြတဲ့ သတင်း ရိုက်ဆိုတော့လည်း ကျနော်တို့ကတော့ ရိုက်တာပေါ့အကိုရာ ဒါပေမဲ့ ဒီသတင်းတွေလွှင့်မလွှင့်ဆိုတာ အယ်ဒီတာနဲ့လည်းမဆိုင်ဖူး” လို့ပြန်ပြောပြတယ်။ နောက်တယောက်ကလည်း““ကျနော်တို့ လူကြီးတွေ သဘောအတိုင်းပဲလုပ်ရတာပါ၊ အကိုတို့သတင်းတွေမလွှင့်ဖြစ်ပါဖူး၊ မှတ်တမ်းအနေနဲ့ ယူထားတာပါ” လို့ရှင်းပြတယ်။ နောက်တခါ သမတရုံးဝန်ကြီး ဦးစိုးသိန်းကလည်း သူ့ရဲ့ အမေးအဖြေ အစီအစဉ်တွေပြီးသွားတော့ ပါလာတဲ့ သတင်းမီဒီယာတွေကို “မင်းတို့ အရမ်းမလုပ်ကြနဲ့နော် သေချာတည်းဖြတ်ပြီး မှလွှင့်၊ ပြောတာတွေအကုန်မထည့်နဲ့၊ အကုန်ဒုက္ခရောက်ကုန်မယ်” လို့ ပြောတာ ကျနော့ နားနဲ့ဆတ်ဆတ်ကိုကြားခဲ့ ရတယ်။ ဒါဆို သမတ ခရီးစဉ်မှာပါလာတဲ့ သတင်းဌာနတွေ ပြည်သူကို ဘယ်လိုသတင်း အမျိုးအစားတွေပဲ ပေးသိစေမယ်ဆိုတာ ရှင်းပါပြီ။ ကဲ ဆန္ဒပြပွဲ သတင်းယူပုံလည်း ပြောအုံးမယ်။ ကျနော့်ကို တလေးတစားခေါ်ပြီး အင်တာဗျူးဖို့ပြင်တာက စကိုင်းနက် က လူငယ်လေးတွေပါ။ သူတို့ မမေးခင် အသားညိုညို၊ အရပ်ပြတ်ပြတ်၊ ကတုံးဆံတောက် ကေနဲ့ စစ်သားပုံပေါက်သူတယောက် ကျနော့်ကို ထောက်လှမ်းရေးလေသံနဲ့ မေးခွန်းတခုမေး ဖြေလို့မဆုံးခင် နောက်တခုမေးနဲ့ ပုလိပ်စစ်သလို လုပ်နေတယ်။သတင်းသမားက မေးခွန်းကို ကြားဖြတ်မေးလို့ရပေမဲ့၊ သူ့ပုံစံက သတင်းအင်တာဗျူးမေးနေတာနဲ့မတူဖူး၊ ဆန္ဒပြတာ မကြေနပ်တဲ့ မေးခွန်းမျိုးတွေမေးနေတာ။ သူ့ကိုသူလည်းမမိတ်ဆက်ဖူး။ အတော်ရိုင်းတယ်။ ဒါနဲ့ ကျနော်ပြောနေတုံးနောက်တခါ ဖြတ်မေးတော့ “ဟေ့လူ ကျုပ်လည်း ဂျာနယ်လစ်စ်တယောက်ဖြစ်တယ် ကျနော်ဖြေနေတာဆုံးအောင်နားထောင်စမ်း လို့ပြန်ငေါက်လိုက်မှငြိမ်သွားတယ်။ ဒီတော့မှ ကျနော်သဘောပေါက်သွားတယ်။ ဒီလူ အမိန့်ပေးမှအပိုးကျိုးတာပါလားဆိုတာ။ အစောပိုင်းသူမေးတဲ့မေးခွန်းက “ နော်ဝေးနိုင်ငံက ယဉ်ကျေးပြီး ဒီမိုကရေစီနိုင်ငံပေါ့လေ၊ ဒါပေမဲ့ ခင်ဗျား တို့ ပိုစတာတချို့က မရိုင်းဖူးလား” လို့မေးတယ်။ ကျနော်ကခတ်ရှင်းရှင်းပဲဖြေတယ်။“ မရိုင်းဖူး၊ ဒီပိုစတာ ရေးခဲ့သူဟာ ကရင်ပြည်နယ်က ဗုံးထိထားတဲ့ မသန်မစွမ်း  သူ့မိသားစုတွေ နယ်စပ်မှာ စစ်တပ်ကရွာဖျက်လုပ်ကြံလို့သေကုန်ပြီ၊ သူ့မှာခံစားချက်တွေရှိတယ်၊သူတို့ ပုဂ္ဂိုလ်ရေးခံစားချက်ကို ကျနော်တို့ တားပိုင်ခွင့်မရှိဖူး။ ဒါ ဆန္ဒထုတ်ဖော်ပွဲဖြစ်တယ်။ လွန်ခဲ့တဲ့ ကာလတွေက အာဏာရှင်တွေလုပ်ရပ်ထက် အခုတုန့်ပြန်မှုက အများကြီးယဉ်ကျေးသေးတယ်၊ လဒတွေထက်စာရင် ငှက်တိုင်းကလှတယ်” လို့ပြောလိုက်တယ်။ အဲဒီလူ သိတ်ကြေနပ်ဟန်မတူဖူး။  ဒီလူတွေအမြင်က  အစိုးရဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်နေပြီ၊ အားလုံးပူးပေါင်းပါဝင်ရမယ်။ သူတို့လည်းဒီမိုကရေစီ၊ ကျနော်တို့လည်းဒီမိုကရေစီ အတူပေါင်းကြမယ်ပေါ့။ ဘာဆန္ဒပြစရာမှမလိုဖူး၊ ဆန္ဒပြတာ အပိုအလုပ်တွေ၊ အနှောက်အယှက်တွေလို့မြင်နေတယ်။ တသက်လုံး သေနတ်နဲ့ လွယ်လွယ်လေးအာဏာယူလာသူတွေ၊ အစွမ်းအစမရှိလည်း အရှင်မွေးလို့နေခြင်းကြီး တန်ခိုးထွားသူတွေ၊ ပြည်သူ့သယံဇာတတွေ ပေါချောင်ကောင်းနဲ့ရောင်း အချောင် ကြောင်တောင်နှိုက် စီးပွားချောင်နေသူတွေဆိုတော့ ဘာမဆို လွယ်လွယ်ပဲ ရမယ်ထင်နေတယ်။ ဒီမိုကရေစီနာမည်ခံရုံနဲ့ ကိုယ့်မူလဇာတိက ၀ုန်းကနဲပျောက်သွားမယ်ထင်နေတယ်။ ဒီမိုကရေစီအစိုးရပါလို့ ကမ္ဘာကိုမျက်လှည့်ပြလိုက်ရုံနဲ့ ဇော်ဂျီ ဖိုလ်ဝင်သားစားလိုက်သလို အင်အားတွေ သိတ်ပြည့်သွားမယ်ထင်နေတာ။ ဒီအစိုးရရဲ့ မျက်နှာဖုံးတွေတလွှာစီခွါပြီးပြတော့ မကြားဖူးတာတွေကို ကြားပြီးခံနိုင်ရည်ရှိဟန်မတူဖူး။ နာဂစ်အလောင်းတွေပေါ်မှာအတည်ပြုလိုက်တဲ့ ၂၀၀၈ဖွဲ့စည်းပုံ၊ ၂၀၁၀ကြိုတင်မဲတွေနဲ့လိမ်ပြီးအစိုးရဖြစ်နေတာ၊ အစိုးရကတမျိုး၊လွှတ်တော်ကတခြား၊စစ်တပ်ကတဖုံ၊ စည်းဝါးလည်းမကိုက်၊ ဒီမိုကရေစီလည်းမကျ၊ လူထုဆန္ဒလည်းအလေးမထား သူတွေကို ကျနော်တို့ ဘယ်လိုသွားယုံရမလဲ။ ဒီတော့ ကျနော်တို့ယုံကြည်တာကို ကျနော်တို့ပြောတယ်။ဆန္ဒဖော်ထုတ်တယ်။ ဒါ ဒီမိုကရေစီပဲ။

ကျနော်တို့လူသတ်နေတာမှုတ်ဖူး။ အမှန်တရားတွေဟစ်အော်နေတာ။ ယူနီဖောင်းဝတ် အစိုးရက ဒီအသံတွေမကြားဖူးဘူး။ ဆန္ဒပြတာကို လက်ခံသယောင် ၊ယဉ်ကျေးသယောင် ဟန်လုပ်လိုက်ရပေမဲ့ စိတ်ထဲတော့ မလိုလားဖူး။ သူတို့ကောင်းတာလုပ်နေတာ၊ဘာမှကန့်ကွက်စရာမလိုဖူးလို့ မြင်နေသလားမသိ။ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ ကြံ့ဖွတ်အစိုးရကို ကျနော်တို့က သတိထား ဆက်ဆံနေတာ။ ကျနော်တို့ပြည်သူတွေက ရှင်ကြီးဝမ်းရော၊ရှင်ငယ်ဝမ်းရော ၀င်ခဲ့ပြီးပြီ။ ကျနော်တို့မျိုးဆက်ဟာ တသက်လုံး အလိမ်ခံခဲ့ရတော့သံသယအကျိုးတော့ ခံစားလိုက်ပါ။ သံသယနဲ့စောင့်ကြည့်တုံးပဲ ပြည်တွင်းဆန္ဒပြမှု အကြမ်းဖက်မှုတွေတွေ့မြင်နေရတယ်။ အစိုးရလုပ်မယ်ဆို ဆန္ဒပြတာကို မကြောက်ပါနဲ့ ။ ဆန္ဒပြယဉ်ကျေးမှုဟာ နိုင်ငံတကာ လူ့အဖွဲ့အစည်းမှာမဆန်းပါဖူး။ စိတ်ဒါဏ်ရာ၊ရုပ်ဒါဏ်ရာတွေရခဲ့သူက သူ့ဘ၀ဖျက်ဆီးခဲ့တဲ့ လူတန်းစားတွေကို “ရွှေပန်းနဲ့ ကြိုဆိုပါတယ်” လို့ စာရေးဆန္ဒပြတာ ယဉ်ယဉ်လေးပါ။နိုင်ငံတကာမှာ သူတို့ မကြိုက်တဲ့ တိုင်းပြည်ခေါင်းဆောင်၊ကမ္ဘာ့ခေါင်းဆောင်တွေမျက်နှာနဲ့  တိရိစ္ဆာန်ကိုယ်တွေ၊တိရိစ္ဆာန်ခေါင်းတွေတပ် ဆန္ဒပြတတ်တယ်။ သမ္မတဓာတ်ပုံက ဘိနပ်ချွတ်ရိုက်ဆန္ဒပြတယ်၊ ဆဲဆိုဆန္ဒပြတယ်။ ကိုယ်တုံးလုံးချွတ်ဆန္ဒပြတယ်။ဟန်အမူအရာတွေနဲ့ဆန္ဒပြတယ်။ မိမိစိတ်ခံစားမှု အပေါ်ပုံဖော်ပြတတ်ကြတယ်။
ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူ ဂုဏ်သိက္ခာ ကာကွယ်ဖို့ဆို ကျနော်တို့  မြန်မာစစ်ဗိုလ်ချုပ်တွေ မပြောနဲ့ စကာင်္ပူ ဥသျှောင် လီကွမ်ယု ကိုတောင် ဆန္ဒပြဆုံးမခဲ့ဖူးတယ်။ ၁၉၉၆ခုနှစ်ဇွန်လ နယူးဒေလီမှာပါ။ လီကွမ်ယုက ပြင်သစ်နိုင်ငံရောက်နေတယ်။ သူက အာရှရဲ့ သုခမိန်ဟန်နဲ့ AFP သတင်းဌာနကို မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စော်စော်ကားကားပြောသွားလို့ပါ။ “ဗမာပြည်မှာ အဓိက အင်အားစု ၂စုပဲရှိတဲ့ထဲမှာ စစ်တပ်ကပဲ မြန်မာ့နိုင်ငံရေးကို တည်ငြိမ်အောင်ထိမ်းနိုင်တယ်” လို့ ပြောသွားတာပါ။ ကျနော်တို့ပြည်သူတွေဟာ စစ်တပ် နဲ့ပဲတန်တယ်လို့ ချိုးချိုးဖဲ့ဖဲ့ပြောလိုက်တာ၊ ဒီမိုကရေစီ ကို အဆိုးမြင်နဲ့ သုံးသပ်တာဖြစ်တယ်။ စင်္ကာပူလို ကျွန်းနိုင်ငံသားတွေကသူ့ထက်နှစ်ပေါင်းမြားစွာစောပြီးမြို့ပြယဉ်ကျေးမှု ဖွံဖြိုးခဲ့တဲ့ မြန်မာကိုစော်ကားလို့ ကျနော်တို့ သိတ်ခံပြင်းခဲ့တယ်။ လီကွမ်ယုက အဲဒီအချိန် အာရှ မှာဘုန်းမီးနေလ တောက်နေသူဆိုတော့  အိန္ဒိယ ဒီမိုကရေစီကိုတောင် ဘုမသိဘမသိ ဝေဖန်လိုက်တာမှတ်မိသေးတယ်။ အဲဒီအချိန် အိန္ဒိယ မှာ ၀န်ကြီးချုပ် နာရာဆင်မ်ဟာရောင်းဝ် ကို လဂ်စားမှုနဲ့တရားစွဲဖို့ သတင်းစာတွေကလည်းရေး၊ လူထုကလည်းဆန္ဒပြနေတော့ “ အိန္ဒိယမှာဒီမိုကရေစီကို အလွန်အကျွံဖွင့်ပေးလို့ ၀န်ကြီးချုပ်ကိုတောင်ထောင်ထဲထည့်ဖို့လုပ်နေပြီ” လို့ ဝေဖန်တာပါ။ တိုင်းပြည်ခေါင်းဆောင်တွေ တရားဝင်လဂ်စားခွင့်ရှိရမလို လိုပဲ။ ဒါနဲ့ ကျနော်တို့ မြန်မာကျောင်းသားတွေ နယူးဒေလီ က နေရူးအမှတ်တရပြတိုက် အနီးမှာ လီကွမ်ယု ပုံတူဆွဲထားတဲ့ ရုပ်ပြောင်ကြီးကို စင်္ကာပူတရားရေးကျင့်ထုံးနဲ့အညီပြစ်ဒါဏ်စီရင်ပြီး ကြိမ်ဒါဏ်အချက်(၁၀၀)ပေးစေလို့အမိန်ချတဲ့ဟန်သရုပ်ဖော်တယ်။ပြီးတော့ ကြိမ်ဒါဏ်(၁၀၀)ပြည့်အောင် လီကွမ်ယု ရုပ်ပြောင်ကို ရိုက်ပြီး နောက်ဆုံးမီးရှို့ဖျက်ဆီးလိုက်တယ်။ အဲဒီတုံးက ဆန္ဒပြပွဲကို အိန္ဒိယ ထုတ်သတင်းစာ ၁၃စောင်က ဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာဖော်ပြခဲ့တယ်။ ပြင်သစ်ရောက် လီကွမ်ယုကသတင်းစာရှင်းပွဲတခုမှာ နယူးဒေလီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး AFP သတင်းထောက်ရဲ့ မေးခွန်းကို“ တနေ့ကျရင် ကျနော်ဘာဆိုလိုတယ်ဆိုတာ မြန်မာကျောင်းသားတွေ သိလာမှာပါ” လို့ ပြန်ပြောတာကို အဲဒီတုံးက The Hindu သတင်းတိုလေးတခုမှာဖတ်ခဲ့ရတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံအမျိုးသားရေးအတွက် ကမ္ဘာ့ထိတ်တန်းခေါင်းဆောင်တယောက်ကို ကျနော်တို့ရဲ့ ဆန္ဒထုတ်ဖော်ပြတာပါ။ သူများနိုင်ငခေါင်းဆောင်ကို ကြိမ်ဒါဏ်ပေး၊မီးရှို့လို့ဆိုပြီး ရိုင်းတယ်လို့ ဘယ်သူမှ မမြင်ပါဖူး။
နောက်ထပ် ကျနော်တို့အိမ်နီးချင်း အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ ဆန္ဒပြပုံလေးတခုကြုံတုံးပြောပြမယ်။ မဏိပူရမှာ ခွဲထွက်ရေးတောင်းဆိုတဲ့သူပုန်အဖွဲ့တွေရှိတယ်။ အိန္ဒိယ စစ်တပ်က လုံခြုံရေးကိုထိမ်းထားတယ်။ တခါကျတော့ သူပုန်လို့ မသင်္ကာတဲ့ အမျိုးသမီး တယောက်ကို အိန္ဒိယ စစ်တပ်က ဖမ်းဆီးစစ်ဆေးပြီး အဓမ္မပါကျင့်တယ်။ ပြည်နယ်တွင်း လူထုလူတန်းစားအဖွဲ့တွေအားလုံး အုံးအုံးကြွက်ကြွက်ဆန္ဒပြတယ်။ မြို့တော် အင်ဖားမှာ မန္တလေးလိုပဲ  ကျုံးပတ်လည် ၀ိုင်းနေတဲ့ နန်းတွင်းရှိတယ်။ သူလည်းဗမာပြည်လိုပဲ နန်းတွင်းထဲမှာ အိန္ဒိယစစ်တပ် က တပ်စွဲအပိုင်ယူထားတယ်။ တခါတော့ မဏိပူရမှာ အရှိန်အ၀ှာကြီးတဲ့ အဖွားအိုများအဖွဲ့ က အသက်ကြီးကြီးအမျိုးသမီး ၁၀ယောက် လောက်ဟာ မဏိပူရ နန်းရှေ့ တခါး စစ်တပ်လုံခြုံရေးဂိတ် ရှေ့ကိုအရောက်သွားပြီး ရုတ်တရက် “အိန္ဒိယစစ်သားတွေ မုဒိမ်းကျင့်ချင်ရင် ငါတို့ကိုလာကျင့်လို့ အင်္ဂလိပ်လို ရေးထားတဲ့ နဖူးစီးပိတ်စ စာတမ်းကြီးကို ဖြန့်ကိုင်လိုက်တယ်။ တချိန်ထဲမှာ သူတို့ အ၀တ်အစားတွေပါ ချွတ်ချလိုက်တယ်။ ကိုယ်လုံးတီးကြီးတွေနဲ့ အော်ဟစ်ဆန္ဒပြတာ မိနစ်၂၀လောက်ကို ကြာမယ်ထင်တယ်။ ကင်းအစောင့်စစ်သားတွေ ရှက်ပြီးအထဲဝင်ပြေးကုန်တယ်။ အသင့်ခေါ်ထားတဲ့ သတင်းသမားတွေကလည်း ဓာတ်ပုံ၊ဗွီဒီယိုတွေရိုက်ပြီး သတင်းမီဒီယာတွေမှာ(နည်းနည်းပါးပါးတည်းဖြတ်ပြီး) တင်ကြတယ်။နောက်ပိုင်း နန်းတွင်းထဲက စစ်တပ်ကြီးရုတ်သိမ်းရေးအထိ မဏိပူရ အမျိုးသားလှုပ်ရှားမှုကြီးပေါ်လာတယ်။ နန်းတွင်းအခြေစိုက်စစ်တပ်ကြီးလည်း နောက်ဆုံးတော့ ထွက်ခွါသွားရတယ်။ အဲဒီအဖွားကြီးတွေကို မိမိတို့အရှက်နဲ့ သိက္ခာတွေကို အမျိုးသားလှုပ်ရှားမှုနဲ့လဲလှယ်ခဲ့လို့မဏိပူရ မြို့လည်းနန်းတွင်းအခြေစိုက် စစ်တပ် ရုတ်သိမ်းလိုက်ရတာဖြစ်တယ်။
ကျနော်တို့ဟာ သမတကို မုန်းလို့ဆန္ဒပြနေတာမဟုတ်ဖူး။ ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူကိုချစ်လွန်းလို့ဆန္ဒပြနေတာဖြစ်တယ်။ သမ္မတ ကိုသိက္ခာချချင်တဲ့ စိတ်မရှိသလို သူ့ရဲ့ မပြတ်မသား၊ ဟိုမရောက်ဒီမရောက် ပျော့စိစိ ရပ်တည်ချက်ကိုလည်း ယုံကြည်စိတ်မရှိပါဖူး။ ကျနော်တို့လည်း ကိုယ့်မှာရှိတဲ့ ဒါဏ်ရာတွေ အနာတွေကို တိုင်းပြည်အတွက် အများအတွက် ဆိုတဲ့ စိတ်ခံစားမှုနဲ့ မေ့လျှော့ထားတယ်။ ကျနော်တို့ဟာ နှစ်ပေါင်းအစိတ်လောက် ပြည်ပ နိုင်ငံတွေမှာ တိုင်းတပါးပြည်သူတွေ၊အစိုးရတွေ ဘယ်လို စိတ်ဓာတ်တွေနဲ့ ဘယ်လိုကျင့်ဝတ်တွေနဲ့ ဘယ်လိုတိုးတက်အောင်လုပ်ခဲ့ကြတယ်ဆိုတာ မျက်ဝါးထင်ထင်တွေ့ခဲ့ကြသူတွေဖြစ်တယ်။ အာဏာရှင်လောင်းရိပ်ကနေ နှစ်အစိတ်လောက် လွတ်လပ်ခဲ့သူတွေဖြစ်သလို အကြောက်တရားကလွတ်မြောက်နေသူတွေဖြစ်တယ်။ ကျနော်တို့ဟာ အနှစ်၂၀ကျော် ကိုယ့်ခြေတောက်ပေါ် ကိုယ်ရပ်ပြီး အမှီအခိုကင်းကင်း၊ အနှောင်အဖွဲ့ကင်းကင်း နဲ့ ကိုယ့်ဘ၀ကို တရားမျှတစွာ၊ လွတ်လပ်စွာနဲ့ ဟန်ချက်ညီညီလျှောက်နေကြသူတွေဖြစ်တယ်။ ကျနော်တို့ ပြည်ပရောက်တက်ကြွလှုပ်ရှားသူတွေဟာ အမုန်းစိတ်တွေနဲ့ ရပ်တည်နေတာမဟုတ်ဖူး။ ပြုပြင်လိုတဲ့စိတ်၊တည်ဆောက်လိုတဲ့ စိတ်တွေနဲ့ ရပ်တည်နေတာဖြစ်တယ်။ ကိုယ့်မျက်စိရှေ့မှာ မဟုတ်မမှန်တာ၊ မတရားတာမြင်လို့ ပြစ်ပြစ်နှစ်နှစ် ဝေဖန် ဆန္ဒပြတာ ရိုင်းတယ်လို့မမြင်ပါနဲ့။ ကျနော်တို့ရိုးသားစွာ ဆန္ဒကိုထုတ်ဖော်တာဖြစ်တယ်။ လူယဉ်ကျေးလို ဟန်ဆောင်ပြီး ကြောင်တောင်နှိုက်မဲ့လူတွေမဟုတ်ဖူး။ အမှန်တရားနဲ့ တရားမျှတမှု လွတ်လပ်မှုအတွက် ကျနော်တို့တိုက်နေတာဖြစ်တယ်။ ဒါကို “သမတကြီး ဦးသိန်းစိန် ဒီမိုကရေစီလုပ်နေတယ်၊ သူ့ကိုသိက္ခာမချနဲ့ ”တို့ ဘာတို့ လာမလုပ်ပါနဲ့။ ကျနော်တို့လည်း မြန်မာလူ့အဖွဲ့အစည်းကို နိုင်ငံတကာနဲ့တန်းတူ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းထဲ အရောက်တွန်းပို့နေသူတွေဖြစ်တယ်။
ဒီတော့ ပြောချင်တာက ပြည်သူ့ အခွင့်အရေးတောင်းဆိုမှုတွေဟာ စစ်သားစိတ်မပျောက်နိုင်သေးသူတွေရဲ့ ဒီမိုကရေစီ လေ့ကျင့်ကွင်းမဟုတ်ဖူး။ ဒီမိုကရေစီစိတ်ဓာတ်မရှိပဲ၊ ဒီမိုကရေစီအတွေးအခေါ်ကိုမကျင့်ပဲ  ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်လို့မရဖူး။ ဒါကိုမသိပဲ ဇွတ်အုပ်ချုပ် ကိုင်တွယ်ရင် ပြည်သူတွေပဲ အထိနာမယ်။ ဒီတော့ ဒီမိုကရေစီစိတ်ဓာတ်မရရအောင် ကျင့်ရမှာပဲ။ ဒီမိုကရေစီဆိုတာ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ဖာထေး၊ကိုက်ညှပ် ထုတ်လုပ်တဲ့ အထည်ချုပ်စက်ရုံလည်းမဟုတ်ဖူး။ ဒါပဲလုပ်ပါ ဒါမလုပ်နဲ့ လူတကာအခွင့်အရေးကို အာဏာရှင်စရိုက်နဲ့ မပိတ်ပင်ကြပါနဲ့။ လမ်းလျှောက်တတ်ခါစခလေး ကိုယ့်ဖာသာလမ်းလျှောက်နေတာ အသာလွှတ်ပေးပါ။ စိုးရိမ်တကြီးဟန့်တာရင် ခလေးက ကြောက်စိတ်ဝင်သွားမယ်၊ အတတ်လည်းနှေးသွားမယ်။  ကျနော်တို့နိုင်ငံ သူများထက် အများကြီးနောက်ကျနေတာ အပြင်မှာရှိတဲ့ ကျနော်တို့က ပိုသိပါတယ်။ ကျနော်တို့ စိတ်ဓာတ်တွေ ရဲရဲတင်းတင်း ပြောင်းလဲရမှာဖြစ်တယ်။ သတ္တိရှိရှိ ပြင်ရမှာဖြစ်တယ်။ ဒီမိုကရေစီကို ယုံရင် ဒီမိုကရေစီကျကျလျှောက်ပါ။ အာဏာရှင် ဘိနပ်စီးပြီး မလျှောက်ပါနဲ့။ ဖိနပ်ပေါက်ပြီးခြေနာရင် ခရီးနောက်ကျမယ်။ ကျနော်တို့ ဆန္ဒပြတယ်၊ အတိုက်အခံလုပ်တယ်ဆိုတာ ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေ ဖြစ်လာစေပါတယ်။ မတူညီတာတွေ၊ကွဲပြားမှုတွေကို အတင်းစုစည်းလို့မရပါဖူး။သူ့သဘာဝ အတိုင်းရှိပါစေ။ တောထဲမှာကြီးပြင်းလာတဲ့ စွယ်စုံဆင်ရိုင်းတောင် ကျုံးသွင်းပြီးသင်ကြားပေးရင် ယဉ်ပါးသေးတာပဲ။ စစ်ဗိုလ်ချုပ်တွေက ဘာမို့လို့လဲ?။ ကျနော်တို့ မကြောက်ဖူး။ ကျနော်တို့ကျုံးသွင်းမယ်။ အရိုင်းတွေကိုအယဉ်ဖြစ်အောင် လုပ်ပေးမယ်။ တသက်လုံး အာဏာမရှိတဲ့ အတိုက်အခံပဲလုပ်ရလုပ်ရ ကျနော်တို့ သတ္တိရှိရှိလုပ်ရဲတယ်။ အဲဒါ ဒီမိုကရေစီယဉ်ကျေးမှုဖြစ်တယ်။ အတိုက်အခံမရှိတဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီကို ကျောခိုင်းနေတာဖြစ်တယ်။ ဗမာပြည်က ကျနော်တို့မျိုးဆက်တွေကမ္ဘာကြီးမှာအဆင့်အတန်းရှိရှိနေနိုင်ဖို့ ဗမာပြည်က အာဏာရှင် ဆင်ရိုင်းတွေကို ဒီမိုကရေစီ ကျုံးထဲ သွင်းလိုက်ရအောင်...။
ကိုညို(အော်စလို)

No comments: