Friday, March 8, 2013

သည်းဖိုထိတ်လန့် ဦးသန့်ဈာပနကြုံခဲ့ရသည်မှာ ၃၉နှစ်ကြာခဲ့ပြီ


 
၁၉၇၄ ခုနှစ်တွင်ဖြစ်ပွားခဲ့သောကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဈာပန အရေးအခင်းပင်တည်း ။ပြောရဦးမည်။ ဦးသန့်သည်အမေရိကန်ပြည်ထောင်စုတွင် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့က ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ သည်။ ကွယ်လွန်သူ၏ ဆန္ဒအရ ဦးသန့်၏ရုပ်ကလာပ်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့သို့သယ်ဆောင်၍ ရန်ကုန်မြို့ကျိုက္ကဆံကွင်းတွင် အများပြည်သူတို့ ဂါရ၀ပြုအလေးပြုရန် စီစဉ်ထားရှိခဲ့သည်။ဦးသန့်၏ ရုပ်ကလာပ်ကို ကြံတောသုသာန်တွင် သင်္ဂြိုဟ်ရန်နိုင်ငံတော် အစိုးရကစီစဉ်ခဲ့ပြီး ဦးသန့်ရုပ်ကလာပ်ကို မြှုပ်နှံရန်အလူမီနီယံသတ္တုဖြင့် ပြုလုပ်ထားသော သေတ္တာကြီးတစ်လုံးကို ကြံတောသုသာန်သို့ ကြိုတင်ပို့ထားသည်။တက္ကသိုလ်စိန်တင် ရေးသားပြုစုသော ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်အတ္ထုပ္ပတ္တိုကို တကောင်းစာအုပ်တိုက်မှ စတုတ္ထအကြိမ် ပုံနှိပ်ထုတ်ဝေရန် စီစဉ်ထားသည်။
ဦးသန့်၏ရုပ်ကလာပ်ကို ကျိုက္ကဆံကွင်းတွင်ထားရှိစဉ် တက္ကသိုလ်စိန်တင်နှင့် ညီကိုဝမ်းမြင့်၊ စာရေးဆရာ သုတေသီမြင့်ထွန်း ၊ရွှေတည်ရန်နောင်၊ တင်မောင်ဆွေ၊ မိုးဦးတို့သည် ပန်းခွေတစ်ခု ၀ယ်ယူပြီးအငှားကားတစ်စီးဖြင့်ကျိုက္ကဆံကွင်းသို့သွားခဲ့ကြသည်။ ထိုအချိန်က ဦးသန့်ကို အလေးပြုကန်တော့ကြသော ပရိသတ်ထုထည်ကြီးမှာ တိုး၍ပင်မပေါက်ခဲ့ပေ။ ဤအခြေအနေတွင်တက္ကသိုလ် စိန်တင် ညံ့ဖျင်းပုံပြောပြပါမည်။ ဦးသန့်၏ ရုပ်ကလာပ်ရှေ့တွင် စာရေးဆရာတစ်စု ဂါရ၀ပြုကန်တော့နေပုံကို ကြက်ခြေနီလူငယ် တစ်ဦး၏ ဓာတ်ပုံရိုက်ကင်မရာဖြင့် မှတ်တမ်းတင်ခဲ့၏။ ထိုကြက်ခြေနီလူငယ်က ရေးပေးသော လိပ်စာအတိုင်း ဓာတ်ပုံသွားရွေးသော အခါ တောင်ဥက္ကလာပရဲသတင်းတပ်ဖွဲ့အိမ်ထောင်သည်ရိပ်သာ ဖြစ်နေသည်။
သြော်-ဖမ်းဆီးချင်လျှင် ဓာတ်ပုံနှင့်တကွအတိအကျမိနိုင်စေရန် ရဲသတင်းတပ်ဖွဲ့က ကြက်ခြေနီရဲဘော် ဟန်ဆောင်သူထံ ဓာတ်ပုံအရိုက် ခံခဲ့သတဲ့ဗျ။ ညံ့လိုက်တဲ့ တက္ကသိုလ်စိန်တင်။ ကိုစိန်တင်တို့ဒုတိယညံ့ဖျင်းချက်ကိုပြောပါဦးမည်။ ဦးသန့်နှင့် ဗိုလ်ချုပ်ကြီးနေ၀င်းတို့ အကြားဘာများနာကြည်း အမုန်းပွားစရာ ရှိသည်လည်းမသိ။ နိုင်ငံတော်သမ္မတ ဦးနေ၀င်းက ကမ္ဘာ့ဂုဏ်ဆောင် မြန်မာ့ဂုဏ်ဆောင် ဦးသန့်ကို လူသာမန်တို့ကို သဂြိုဟ်မြုပ်နှံမည့် ကြံတောသုသာန်၌သာသဂြိုဟ်ရန် ခွင့်ပြုသည်တဲ့။ ဤတွင်လူညံ့စိန်တင်နှင့် စာရေးဆရာ အဖွဲ့သည် ကြံတောသုသာန်သို့နေရာရရန်စောစောသွားပြီး ဦးသန့်ကိုထည့်သွင်းမည်ဖြစ်သော အလူမီနီယံသတ္တုခေါင်းကြီးအနီး သစ်ပင် ရိပ်၌ စုဝေးနေကြသည်။ညံ့သကိုး။ညနေ ၅ နာရီခန့်တွင် ကျောင်းသားများ ဦးဆောင်သော ကားတစ်စီးသည် အသံချဲ့စက်တပ် ဆင်လျက် ကြံတောသုသာန်ဝင်းအတွင်းသို့ဝင်လာပြီး ဤသို့ကြေညာခဲ့သည်။
မိဘပြည်သူအပေါင်းတို့ခင်ဗျား၊ ကမ္ဘာကလေးစားကြည်ညိုလျက်ရှိသော ဦးသန့်၏ရုပ်ကလာပ်ကို ထိုက်ထိုက်တန်တန်ဖြစ်သော ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသခင်ခန်းမဆောင်သို့ရဟန်း ရှင်လူကျောင်းသားထု၏ဦးဆောင်မှုဖြင့် သယ်ဆောင်သွားပြီဖြစ်ကြောင်း သတင်းကောင်းကြေညာလိုက်ပါပြီ။ နောက်တော့မှ သိရသည်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၏ ဦးဆောင်မှုဖြင့်ဦးသန့် ၏ ရုပ်အလောင်းကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသခင်ခန်းမသို့ယူဆောင်သွားကြလေပြီ။သည်တော့မှပင် ကိုစိန်တင်နှင့် တကောင်းစာအုပ် တိုက် အဖွဲ့သားစာရေးဆရာများ အပါအ၀င် အသုဘပို့လူအုပ်ကြီးသည် ၀မ်းသာအားရဖြစ်သွားပြီး ''ဟေး'' ဟု အော်ဟစ်ကြကာ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆီသို့ပျော်ရွှင်စွာ ချီတက်ကြလေတော့သည်။ ကြံတောသုသာန်မှ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သခင်ခန်းမဆီသို့ပျော်ရွှင်ကြည်နူးစွာ ချီတက်လာကြသော လူအုပ်ကြီးမှာ ထောင်သောင်း သိန်းသန်းမက ရှိနေကြရကားပြည်လမ်းမ ကြီးတစ်လမ်းလုံးလူအုပ်ကြီးဖြင့် ပြည့်သွားလေတော့သည်။
တက္ကသိုလ်စိန်တင်လည်းလူအုပ်ကြီးနှင့်အတူ အပြေးအလွှားချီတက်သွားရာ မကြာမီပင် ရန်ကုန်တက္ကသိုလ်ဝင်း အဓိပတိလမ်းမရှေ့ ထိပ်မှ ဘွဲ့နှင်းသဘင်ခန်းမသို့ရောက်ရှိခဲ့လေပြီ။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း၌လူအုပ်ကြီးမှာ တိုး၍မပေါက်အောင်ပြည့် ညပ်နေလေတော့သည်။ ကိုစိန်တင်တို့အဖွဲ့ ဘွဲ့နှင်းသဘင်ခန်းမအပေါ်သို့ တိုးတိုးဝှေ့ဝှေ့တက်ရောက်ခဲ့စဉ် ခန်းမအလယ်ခေါင်၌ ဦးသန့် ၏ ရုပ်ကလာပ်ကို ခံ့ညားထည်ဝါစွာပြင်ဆင်ထားပြီးလေပြီ။လေးဘက်လေးတန်၌ ပန်းခွေကြီးများ၊ ပန်းခြင်းများလည်း ရာထောင်မ ကအောင်ဝန်းရံထားလေသည်။ထိုစဉ်ခဏတွင် ''ဘေးကိုဘေးကို''ဟု ဘွဲ့နှင်းသဘင်ခန်းမအပေါ်ထပ်ကကျောင်းသား တို့အော်သံကို ကြား၍မော့ကြည့်လိုက်ရာ ဘွဲ့နှင်းသဘင်ခန်းမထိပ်၌ချိတ်ထားသော စစ်ဝတ်စုံနှင့် ဗိုလ်ချုပ်ကြီးနေ၀င်းပုံကိုဖြုတ်၍ အပေါ်ထပ် ကအောက်ထပ်သို့မှောက်၍ ပစ်ချလိုက်ရာဓာတ်ပုံကြီးမှာ သမံတလင်းနှင့် အရှိန်ပြင်းစွာ ထိရိုက်ပြီးတခွမ်းခွမ်းမြည်၍ မှန်များ ကွဲကျ သွားကုန်လေတော့သည်။ ကိုစိန်တင်မှာ ထိတ်လန့်ကာမှန်ဘောင်ကြီး မထိမှန်အောင် ခပ်ဝေးဝေးပြေးထွက်ခဲ့ရသည်။ ဟူး-တော် ပါသေးရဲ့။ ခေါင်းပေါ်တည့်တည့်သာ သည်မှန်ဘောင်ကြီးထိမှန်ခဲ့လျှင်ဖြင့် အနိစ္စသဘော ကိစ္စချောပေတော့အံ့။ ထိုစဉ်ခဏ တွင်''လူထု ပရိသတ်ကြီးအားလုံးထိုင်ကြပါ။
မထိုင်တဲ့သူထောက်လှမ်းရေးပဲ''ကျောင်းသားကြီးတစ်ဦးကအော်ဟစ်အမိန့်ပေးလိုက်လေရာ လူထုကြီးမှာ မီးကို ရေဖြင့် ငြိမ်းသတ် သ လို ငြိမ်ပြီး ထိုင်ချလိုက်ကြသည်။ပြောရဦးမည်။ ဦးသန့်ရုပ်ကလာပ်ကို ပြည်သူလူထုကြီး အလေးပြုခံနေစဉ်ကာလ၌ ရက်အတန်ကြာပင် ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် တရားဟောစင်မြင့်မှ ဘုန်းကြီးတစ်ပါးနှင့် လူပုဂ္ဂိုလ်များကအစိုးရအကြောင်း အပြစ်တင်ဟောကြားကြရာ တက္ကသိုလ်စိန်တင်နှင့် စိမ့် (ပညာရေး) တို့လည်းတစ်ညနှစ်ည သွားနာကြသည်။နောက်မှ သိရသည်မှာ ထိုသို့တရားဟောသော ဘုန်းကြီးမှာ ထောက်လှမ်းရေးကလွှတ်လိုက်သော ပုဂ္ဂိုလ်ပါတဲ့။ ဟုတ်၊ မဟုတ် အသေအချာမသိ။နောက်ပိုင်းတွင် ကျောင်းသားထုက ဦးသန့် ရုပ်ကလာပ်ကိုဗိုလ်အောင်ကျော်ရင်ပြင်၌ အုတ်ဂူလှလှခံ့ခံ့ညားညားသွင်းပြီးမှ ယခု ရွှေတိဂုံစေတီ အနီးသို့ပြောင်းရွှေ့ဂူသွင်း သဂြိုဟ်ခဲ့သည်။ဦးသန့်ရုပ်ကလာပ်ကိုရွှေတိဂုံစေတီအနီးသို့ပြောင်းရွှေ့သောညဥ့်က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း နိုင်ငံရေးတရားပွဲ များသို့သွားရောက်တရားနာမိသူတွေရာထောင်သောင်း ကောင်းကောင်းကြီး ထောင်သွင်းအကျဉ်းခံကြရသည်။
ထိုနေ့ညက အခြေအနေမလှကြောင်း သတင်းသောင်းပြောင်းကြားသိရစဉ် ကိုစိန်တင်အိမ်မှာပဲ လိမ်လိမ်မာမာ နေခဲ့၍ဘေးမတွေ့ ရန်မသီ ခလုတ်မထိဆူးမငြိခဲ့။ တစ်ခုတော့ ကြားရသည်။ထိုညတွင် ဦးသန့်အုတ်ဂူတည်ရှိရာ ဗိုလ်အောင်ကျော်လွင်ပြင်ကိုစစ်ဗိုလ်၊ စစ်သားတွေဝင်ကြစဉ်သွေးထွက်သံယိုဖြစ်ကြသည်ဟု တစ်ဆင့်စကားကြားရသဖြင့် စိတ်မကောင်း။ သြော်-ကမ္ဘာတစ်ခွင်ကိုငြိမ်း ချမ်းရေးရေစင် သွန်းဖျန်းခဲ့သူမြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်ကိုသဂြိုဟ်ရေးကိစ္စ ပုဂ္ဂိုလ်ကြီးတစ်ဦး၏ ရင်ထဲကလောဘ၊ဒေါသ၊မောဟမီးလောင်မြိုက်ခြင်းကြောင့် သွေးထွက်သံယို ဖြစ်ခဲ့ရသည်မှာမြန်မာ့သမိုင်းတွင် အရုပ်ဆိုးသောမော် ကွန်းပင်တကား။ သြော်- သည်းဖိုထိတ်လန့် ဦးသန့်ဈာပနကြုံရသည်မှာ ၃၉ နှစ် ကြာခဲ့ပါပြီ။
တက္ကသိန်စိန်တင်
 

No comments: