Thursday, March 14, 2013

ဓားစာခံနဲ့ တရားခံ

ဓားစာခံနဲ့ တရားခံ (ကဗျာ)

တောထဲမှာ
သူပစ်ကိုယ်ပစ်
မတိုက်ရဲလေတော့
ရွာထဲရောက်နေတဲ့
တော်လှန်ရေးသမားတွေကို
အလစ်ဝင်တိုက်တတ်တယ်၊
ရွာသားတွေကို
ဓားစာခံလုပ်ပြီးမှ
စစ်တိုက်တတ်တာ
အာဏာရှင်တွေရဲ့ အကျင့်။


မိုင်းကွင်းတွေကို
မဖြတ်ရဲလေတော့
အရပ်သားတွေကို
မတရားဖမ်းဆီးပြီး
ရှေ့ကတက်ခိုင်းတတ်တယ်။
ပြည်သူတွေကို
လူသားမိုင်းရှင်းကိရိယာသဖွယ်
အသုံးပြုတတ်တာ
အာဏာရှင်တွေရဲ့ အကျင့်။

ကိုယ်စထားတဲ့ပြဿနာတွေ
ကိုယ့်ဘာသာကိုယ်
မဖြေရှင်းတတ်လေတော့
လှောင်ချိုင့်ထဲက
အမေအိုကိုထုတ်ပြီး
ကြားဝင်ဖြေရှင်းခိုင်းပြန်တယ်၊
လူသားတွေကို
ဒိုင်းသဖွယ်အသုံးချဖို့
ဓားစာခံရှာတတ်တာ
အာဏာရှင်တွေရဲ့ အကျင့်။

မိတ်ဆွေတို့ရေ-
ဓားစာခံနောက်မှာ
တရားခံရှိတယ်၊
တရားခံကိုသာ
ဦးတည်တိုက်ကြ။

ခင်မမမျိုး (၁၄၊ ၃၊ ၂၀၁၃)

No comments: