by James Mint on Tuesday, March 12, 2013 at 8:27am ·
ကြေးနီ စီမံကိန်းဟာ ယခုမှ ပေါ်လာသလား……
သတ္တုတွင်း ၀န်ကြီးဌာနက ဆိုရှယ်လစ် အစိုးရလက်ထက်မှာ ယူဂိုနည်းပညာနှင့် စက်ပစ္စည်းများ ၀ယ်ယူပြီး စံပယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်းကို တစ်နေ့ တန် ၈၀၀၀ ကျ စက်ရုံတည်ဆောက်ပီး ၁၉၈၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့၊ နည်းပညာမှားယွင်းခြင်း၊ ခေတ်မှီမှု မရှိခြင်းကြောင့် သတ္ထုရိုင်းအတွင်းရှိ ကြေးနီများ ကုန်စင်အောင် ထုတ်ယူနိုင်မှု မရှိခြင်း၊ ရင်းနှီးမှု စားရိတ်ကြီးမြင့်ခြင်း၊ ငွေကုန် အကျိုးအမြတ်မရသဖြင့် ၁၉၈၈ ခုနှစ်တွင် ရပ်ဆိုင်းခဲ့..... ၁၉၉၈ နိုဝင်ဘာတွင် အမှတ်(၁) သတ္ထုတွင်းလုပ်ငန်း၊ သတ္ထုတွင်းဝန်ကြီးဌာနနှင့် ကနေဒါနိုင်ငံ အိုင်ဗင်းဟိုး ကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာအိုင်ဗင်ဟိုးနာမည်ဖြင့် ၅၀း ၅၀ အကျိုးတူ လုပ်ဆောင်ခဲ့၊ ၂၀၁၀ ခုနှစ် ဒီဇင်ဘာအထိ ဆောင်ရွက်ခဲ့တယ်လို့ ဆိုထားပါတယ်…......
အကျိုးအမြတ်နဲ့ ပွင့်လင်းမြင်သာမှု……
ဝမ်ပေါင်နဲ့ စာချုပ်ကိစ္စ ပါတ်သက်လို့တော့ ကုန်ကျစားရိတ် ဖယ်အပြီး ဦးပိုင်မှ ၅၁ ရာနှုန်းနဲ့ ၀မ်ပေါင်မှ ၄၉ ရာနှုန်းဖြင့် ခွဲယူမယ်လို့ ဖော်ပြပါရှိကြောင်း သို့သော် အခြားသော ၀င်ငွေခွန်များနဲ့ ပါတ်သက်ပြီး မရှင်းလင်းတာတွေလည်း တွေ့ရပါတယ်….. တနည်းအားဖြင့် နိုင်ငံတော်မှ ရသင့်ရထိုက်တဲ့ ၀င်ငွေ အပြည့်မရတဲ့ သဘောကို သက်ရောက်နေပါတယ်…. သို့ရာတွင် ၀မ်ပေါင်နှင့် ဦးပိုင်တို့ ချုပ်ဆိုထားသော စာချုပ်များမှာ အိုင်ဗင်ဟိုး ကုမ္ပဏီမှ ပြုစုထားသော စာရွက်စာတန်းများကဲ့သို့ အသေးစိတ် အချက်အလက်များ ဖော်ပြပါရှိသည်ကို မတွေ့ရလို့ ဆိုထားပါတယ်..... စာချုပ်စာတန်းများမှာလည်း လက်ရှိ ကြေးနီပေါက်ဈေးနဲ့ ထည့်သွင်းတွက်ချက်ထားခြင်း မရှိတာလည်း တွေ့ရပါတယ်…. ကြေးနီ တစ်တန်လျင် ဒေါ်လာ ၄၇၅၀ နှင့် တစ်နှစ်လျင် တန်ချိန် တစ်သိန်းအတွက် တွက်ချက်ထားတယ်လို့ ဆိုပါတယ်….. လက်ရှိအရတော့ ၀မ်ပေါင်ထက် ဦးပိုင်က အကျိုးအမြတ် ပိုမို ရရှိမယ်လို့ ဆိုထားပါတယ်.....
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ မိုးကြိုး ဆာလ်ဖျူရစ်အက်စစ် စက်ရုံသည် စီးပွားရေး ဦးပိုင်လီမိတက်၏ စက်ရုံဖြစ်၊ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထားခြင်းမရှိကြောင်း၊ ဦးပိုင်၏စီးပွားရေး လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေခြင်းဖြစ်၊ ISO လည်းရယူထားခြင်းမရှိ.... သို့သော် ခေါင်တိုင်သည် ၁၃၁ မေမြင့်ပြီး စွန့်ထုတ်အငွေ့တွင် ဆာလ်ဖာဒိုင်အောက်ဆိုဒ် ပါဝင်မှု ၁၅၅၀ PPM (Parts Per Million) ထက် မများစေရန် သက်မှတ်ထိမ်းချုပ် စွန့်ထုတ်၊ ၂၄ နာရီ မပြတ်လည်ပါတ်ရသည့်အတွက် အန္တရာယ်ရှိသော ဓါတုဗေဒပစ္စည်းစက်ရုံအဖြစ် နိုင်ငံတကာက သတ်မှတ်ထားတယ်လို့ ဆိုထားပါတယ်….. သို့သော် ပြည်သူများ အဆိုပါကိစ္စကို သိရှိခြင်း မရှိတာကြောင့် ကော်မရှင် အစီရင်ခံစာမှာ ပွင့်လင်းမြင်သာမှုကို တောင်းဆိုထားတယ်လို့ မှတ်ယူရပါတယ်…....
ဝန်ထမ်းခန့်အပ်ထားမှုနှင့် ၀မ်ပေါင်မှ ဒေသခံများအတွက် ဆောင်ရွက်ထားရှိမှု…..
အစီရင်ခံစာ အပိုဒ် (၅၆) မှာ စံပယ်တောင်နှင့် ကြေးစင်တောင် သတ္ထုတွင်း လုပ်သားအင်အားမှာ နိုင်ငံခြားသား ၆ ဦး၊ မြန်မာဝန်ထမ်း၊ ၁၄၃၉ ဦး၊ လက်ပန်းတောင်းတောင်တွင် နိုင်ငံခြားသား ပညာရှင် ၁၆၉ ဦး၊ မြန်မာဝန်ထမ်း ၆၆၀ ဦး၊ အသစ်ခန့်ထားမည့် အင်ဂျင်နီယာဘွဲ့ရများနှင့် အခြားဘွဲရ မြန်မာဝန်ထမ်း ၁၂၈ ဦးအား ၂၄-၀၉-၂၀၁၂ မှ စတင်၊ လုပ်ငန်းခွင် အခြေခံ ၉ လ၊ သင်တန်းကာလ နေစရာပေးပြီး စားစရိတ်၊ အထွေထွေစားရိတ် တစ်ယောက်လျင် ၁ သိန်းထောက်ပံ့တယ်လို့ ဆိုထားပါတယ်…. အပိုဒ် (၅၇) မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့က အသံမစဲ မဟာပဌာန်းပွဲ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခြင်း၊ တောင်ကြားကျောင်းတိုက် ပဌာန်းသိမ်း အောင်ပွဲ အခမ်းအနား ကျင်းပခြင်း၊ ရေဘေးသင့်ဒေသခံများအတွက် အလှူငွေ ပေးအပ်ခြင်း၊ ၀က်မှေး - ကံတော ကျေးရွာသစ်တွင် ကျောင်းသုံးစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံး ဗီရိုများ လှူဒါန်းခြင်းတို့ ပါဝင်ပါတယ်….
ထို့အတူ ရွာသာရွာ၊ ယမားချောင်း တာပေါင် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ရွာသာ-ရွှေပန်းခိုင်လမ်း ဆောက်လုပ်ပေးခြင်း၊ သာယာကုန်းရွာတံတား၊ မိုးကြိုးပြင်ရွာဆည် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ဖောင်းကားရွာဆည် ပြုပြင်ပေးခြင်း၊ လက်ပံတောင်းကျေးရွာ ဆေးပေးခန်း၊ စာကြည့်တိုက်ရှေ့ မြေနေရာအား စက်ယန္တရားများဖြင့် ပြုပြင်ကူညီပေးခြင်း၊ ၂၀၁၁ ခုနှစ်အတါင်း မိုးရွာသွန်းမှုကြောင့် ကျိုးပေါက်သွားသော ဆားလင်းကြီးမြို့လယ်ရှိ အများသုံး ရေကန်ကြီး ပြန်လည်ပြုပြင်မှုအား စက်ယန္တရားများဖြင့် ကူညီဆောင်ရွက်ပေးခြင်း၊ ကံကုန်းကျေးရွာတွင် သောက်သုံးရေအတွက် အ၀ီစိတွင်းနှင့် အုတ်ရေကန် တူးဖော်လှူဒါန်းခြင်း၊ သောက်ရေအတွက် ရေသန့်စက် လှူဒါန်းခြင်း စသည်တို့ ဆောင်ရွက်ပေးခဲ့
အပိုဒ် (၆၁) မိုင်းမြို့ (Mine Town (၀ါ) လုပ်သားမြို့) ရှိ ပြည်သူ့ဆေးရုံသည် ခုတင် ၂၅ လုံးဆံ့ဆေးရုံဖြစ်ပြီး အထွေထွေရောဂါကု ဆရာဝန် ၄ ဦး၊ သွား ဆရာဝန် ၁ ဦး၊ သူနာပြု ဆရာမ ၆ ဦး၊ သူနာပြုအကူ ၅ ဦး၊ အထွေထွေအကူ ၃ ဦးဖြင့် စီမံကိန်း ၀န်ထမ်းနှင့် ၀န်ထမ်းမိသားစုများအား ၂၄ နာရီ ကျန်းမာရေး စောင့်လျှောက်မှု ပေးလျက်ရှိသည့်အပြင် ယခုအခါ ၂၁-၀၅-၂၀၁၂ ရက်နေ့မှစ၍ နေ့စဉ် (Mobile Medical Team) တစ်ခုဖြင့် လှည့်လည်၍ အနီးပါတ်ဝန်းကျင် ကျေးရွာ ၂၈ ရွာမှ လူနာများကိုပါ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်၊ ဒေသခံများက ထို့ထက်ပိုမို၍ ထိရောက်သော အကူအညီများ ပေးစေလိုသည်......
ဒေသခံများကော ကြေးနီချက်သလား…….
အပိုဒ် (၆၂) မှာ ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ ဒုန်းတောရွာနှင့် လေးညှင်းတောင် ဘုန်းတော်ကြီးကျောင်းအကြား၊ မိုင်တိုင်အမှတ် (၄၄၆ / ၂) မှ (၄၄၆ / ၇) အထိတွင်ရှိသော ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်ခန့်အတွင်း စွန့်ပစ်ခဲ့သည် စွန့်ပစ်မြေများကို ဒေသခံများက ဒေသန္တရနည်းဖြင့် ဒုတ္ထာ / ကြေးနီ ချက်လုပ်ပြီး ကျန်ရှိနေသည့် ညစ်နွမ်းမြေသားများကို အရုပ်ဆိုး အကျည်းတန်စွာ တွေ့ရ၊ ထို့ပြင် ပုသိမ်-မုံရွာ ကားလမ်းလေးရှိ ကံကုန်းကျေးရွာ အတွင်းနှင့် အနီးပါတ်ဝန်းကျင်တွင်လည်း ယခင်က စွန့်ပစ်မြေများကို ဒေသန္တရနည်းများဖြင့် ဒုတ္ထာ / ကြေးနီ ချက်လုပ်မှုကြောင့် မြေသားများ ညစ်နွမ်းပြီး မြေအောက်သို့ စိမ့်ဝင်မှုကြောင့် သောက်သုံးရေ မသန့်ရှင်းမှုများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့ရသည်လို့ ဆိုထားပါတယ်….......
စီမံကိန်းကြောင်း ဖြစ်လေသလော…..
၀၂-၀၂-၂၀၁၃ မှာ ကျောက်မိုင်းခွဲလို့ ယင်းမာပင်မြို့နယ်၊ ရေကြည်ပြင်ရွာမှ အုတ်ကန်ပြို၍ အမျိုးသမီး တစ်ယောက် ထိခိုက်တာနဲ့ ပါတ်သက်ပီး ကော်မရှင် အဖွဲ့နှစ်ယောက် သွားစစ်ဆေးတာနဲ့ ပါတ်သက်လို့ အပိုဒ် (၆၈)၊ အပိုဒ်ခွဲ (ခ) ပြိုကျတဲ့ အုတ်ရေကန်ကို စစ်ဆေးကြည့်ရာ အုတ်ရေကန်မှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ဆောက်လုပ်ခဲ့ပြီး လက်ရာမှာ သတ်မှတ် အရည်အသွေး မမီကြောင်း၊ အုတ်ရေကန်မှာ မြေတုန်ခါမှု (Vibration) လားရာဘက်သို့ ဆန့်ကျင်၍ ပြိုကျခဲ့သည်ကို တွေ့ရပြီး ရွာတွင်းရှိ အခြားရေကန်များ ထိခိုက်ပျက်စီးမှု မရှိ၊ ကော်မရှင်အနေဖြင့် ကြေးစင်တောင်နှင့် စံပါတ်တောင်တို့တွင် စမ်းသပ်ကျောက်မိုင်းခွဲမှုများကို မျက်မြင် ကြည့်ရှုခဲ့ရာ များစွာ ကျယ်လောင်သော အသံများ မကြားရပဲ တုန်ခါမှု မရှိခဲ့ကြောင်း.....
ပါတ်ဝန်းကျင်သို့ ဆက်လက်လေ့လာခဲ့ရာ ရေပုပ်ကျေးရွာရှိ ဘုရားများအား ပျက်စီးမှု ရှိ / မရှိ လှည့်လည် ကြည့်ရှုဖူးမြော်ပြီး ဆရာတော် ဦးသီလနန္ဒ၏ မိန့်ကြားချက်အရ ယခင်နှစ်က ငလျင်ဒဏ်ကြောင့် ဘုရားစေတီအချို့ ကွဲအက်ခဲ့ကြောင်း၊ ကျောက်မိုင်းခွဲမှုကြောင့် အသံကျယ်ပြီး မြေတုန်ခါမှု အနည်းငယ်သာရှိတယ်လို့ ဆိုပါတယ်…...... ထို့အတူ အက်စစ်ထိ၍ ကျန်းမားရေးထိခိုက်သည်ဟုသော ကလေးလေးယောက်ကို စစ်ဆေးရာ အက်စစ်ကြောင့် ဖြစ်သော ရောဂါလက္ခဏာများမဟုတ်ဟု ကော်မရှင်က ဆိုထားပါတယ်…..... အပိုဒ်ခွဲ (ဂ) မှာတော့ အမျိုးသမီး၏ ထိခိုက်ဒဏ်ရာရရှိမှုသည် ကျောက်မိုင်းခွဲမှုနှင့် ဆက်စပ်မှု မရှိသော်လည်း မြန်မာ-ယန်စီ ကော့ပါးကုမ္ပဏီမှ စေတနာအလျောက် ဆေးကုသပေးခဲ့.....
ကျေးရွာများပြောင်းရွှေ့မှုနှင့် လျော်ကြေးကိစ္စ ….
ဝက်မှေးကျေးရွာမှ ရွာသစ်ကျေးရွာကို ပြောင်းရွှေ့နေရတဲ့သူတွေအတွက် အိမ်အစားထိုး ပေးထားတာမှာ Type A, Type B, Type C & Type D ဆိုပီး ၄ မျိုးရှိ။ ယခင်က အဆောင်အအုံနှင့် နေထိုင်ခဲ့သူများ (ငွေကြေးချောင်လည်သူများ) က ကျေနပ်မှုမရှိပဲ၊ တဲအိမ်ငယ်နှင့် နေထိုင်ခဲ့ရသူများ (စီးပွားရေး ပြေလည်သူများ) ကမူ ရွာသစ်တွင် သစ်သားအိမ်နှင့် နေထိုင်ရသည်ကို နှစ်ခြိုက်သဘောကျတယ်လို့ သိရပါတယ်…...
အပိုဒ် (၅၅) ကျေးရွာသစ်သို့ ပြောင်းရွှေ့သူများအား ကျေးရွာဟောင်းတွင် နေထိုင်ခဲ့သော နေအိမ်အမျိုးအစားအလိုက် အဆောက်အအုံ၏ တစ်စုတရန်းပေနှုန်းထားဖြင့် တွက်ချက်ထားသော အဆောက်အအုံ ပျက်စီးမှု နစ်နာကြေးများကို (အနည်းဆုံး ၃၅၀၀၀ ကျပ်မှ အများဆုံး ၁၀ သိန်းအထိ) ထောက်ပံ့ခြင်း၊ ကျေးရွာသစ် နေအိမ်များတွင် လိုအပ်ချက်များ ရှိပါက စိတ်တိုင်းကျ ပြင်ဆင်ထိန်းသိမ်းနိုင်ရန် အိမ်အမျိုးအစားအလိုက် A-Type ၁၀ သိန်း၊ B-Type ၈ သိန်း၊ C-Type ၆ သိန်းနှင့် D-Type ၄ သိန်းနှုန်းများဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ အခြား လိုအပ်ချက်များ ပံ့ပိုးခြင်းများ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်.....
တူညီသောအချက်မှာ မြို့သစ်တည်ဆောက်ခွင့်ရသည့် ကန်ထရိုက်တာများ၊ ဆပ်ကန်ထရိုက်တာများသည် နေအိမ်၊ အဆောက်အုံကို ဆောက်လုပ်စဉ်က အရည်အသွေး ညံ့ဖျင်းသော (သို့မဟုတ်) စံချိန်မမှီသော သစ်နှင့် အခြားအိမ်ဆောက်ပစ္စည်းများကို သုံးစွဲခဲ့သည် ဟု မျက်မြင်သက်သေ အထောက်အထားများဖြင့် တင်ပြသည်ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်…......
SIA နဲ့ပါတ်သက်လို့တော့ အပိုဒ်ခွဲ (ဂ) မှတော့ စံပယ်တောင်၊ ကြေးစင်တောင်နှင့် လက်ပန်းတောင်းတောင်တို့ သဘာဝပါတ်ဝန်းကျင်နှင့် လူမှုရေး၊ ကျန်းမာရေး ဆောင်ရွက်မှု အခြေအနေများကို လေ့လာခြင်း၊ ရွာသားများအား စီမံကိန်းနှင့် ပါတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့..... လေ့လာရာတွင် ပြောင်းရွှေ့ရမည့် ကျေးရွာသစ်ကို တည်ဆောက်ခြင်း၊ မူလတန်းကျောင်း၊ စာကြည့်တိုက်၊ ဆက်သွယ်ရေးစခန်းနှင့် မီးသတ်စခန်းများ ထားရှိခြင်း၊ ရေ၊ မီး ရရှိရန် ဆောင်ရွက်ပေးခြင်၊ ဘုန်းတော်ကြီးကျောင်းများ တည်ဆောက်ပေးခြင်းတို့ကို တွေ့ရှိရလို့ ဆိုပါတယ်.....
သို့သော် အိမ်များကို တည်ဆောက်ပေးရာမှာ အရည်အသွေးညံ့သဖြင့် အိမ်အမျိုးအစားအလိုက်လျော်ကြေး ၄ သိန်းမှ ၁၀ သိန်းအထိ ထပ်မံပေးအပ်၊ မြေယာ / သီးနှံ လျော်ကြေးအဖြစ် တစ်ဧကလျင် ၅၂၀,၀၀၀ မှ ၅၅၀,၀၀၀ အထိလည်းကောင်း၊ ထန်းတစ်ပင်နှင့် သနပ်ခါး တစ်ပင်လျင် ၁၀,၀၀၀ ကျပ်၊ သရက်ပင် တစ်ပင်လျင် ၁၆,၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း လျော်ကြေးပေးခဲ့တယ်လို့ ဆိုထားပါတယ်.....
အပိုဒ် (၇၀) အပိုဒ်ခွဲ (ဃ) မှာတော့ ရွာတွေဟာ စံပြကျေးရွာ အဆင့်တည်ဆောက်ထားမှု မရှိခြင်း၊ လျော်ကြေးကိစ္စတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ရွာသူရွာသားများအား စီမံကိန်းနှင့် ပါတ်သက်သည့် သိကောင်းစရာများကို ခေါ်ယူဆွေးနွေးခြင်း မရှိခြင်း၊ လျော်ကြေးပေးမည့် ဆင့်ခေါ်စာမှာ မြေယာ / သီးနှံ လျော်ကြေးဟု ရေးထားပြီး လျော်ကြေး လက်ခံရရှိကြောင်း ၀န်ခံစာရွက်မှာတော့ လျော်ကြေးငွေရရှိကြောင်းနှင့် မြေယာစွန့်လွှတ်ကြောင်း ၀န်ခံချက်ဟု တွေ့ရခြင်း၊ ကာလတန်ဖိုးဖြင့် လျော်ကြေးပေးမှု မရှိခြင်း၊ SIA စနစ်တကျ ဆောင်ရွက်ထားမှု မရှိခြင်းတို့ ပါဝင်ပါတယ်......
EIA နှင့် လေထုညစ်ညမ်းမှု....
EIA နဲ့ ပါတ်သက်ပြီး အပိုဒ် (၇၀) အပိုဒ်ခွဲ (က) မှာ ဂေဟ စနစ်နဲ့ ပါတ်သက်လို့ လက်ပံတောင်းတောင် တ၀ိုက်မှာ မျိုးတုံးမည့် သစ်ပင် အမျိုးအစား မတွေ့လို့ ဆိုပါတယ်..... စီမံကိန်းဟာ ချင်းတွင်းမြစ်နားမှာ ရှိတဲ့အတွက် မြစ်ရေလျှံသည့်အခါ မိုင်းနားအထိ ရောက်ကြောင်း၊ အဲဒိအတွက် ချင်းတွင်းမြစ်ရေကို စစ်ဆေးကြည့်တဲ့အခါ နိုင်ငံတကာ စံနှုန်းအတွင်း ရှိကြောင်း၊ မြေအောက်ရေကို စစ်ဆေးကြည့်ရာတွင်မူ သောက်သုံး၇န် မသင့်လျော်ကြောင်း၊ အထူးသဖြင့် ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာက သတ်မှတ်ထားသော သောက်သုံးရေ စံနှုန်းထက် များစွာ နိမ့်ကျ..... အပိုဒ်ခွဲ (ခ) စီမကိန်းတ၀ိုက် ဖုန်မှုန်းပါဝင်မှုဟာ WHO စံချိန်စံညွှန်းထက် များနေ၊ အခြားသော ညစ်ညန်းမှုများဖြစ်သည့် CO2, VOC, NO2 and SO2 တို့ ပါဝင်မှုမှာ စံချိန်စံညွှန်းများအရ ကောင်းမွန်သည့် အခြေအနေတွင်ရှိတယ်လို့ ဆိုပါတယ်......
လယ်တီဆရာတော်ဘုရားကြီး စံကျောင်း……
လယ်တီဆရာတော်ကြီး စံကျောင်းဆိုတာနဲ့ ပါတ်သက်ပြီး အပိုဒ် ၇၀၊ အပိုဒ်ခွဲ (င) မှာ လယ်တီဆရာတော်ကြီးဟာ လက်ပံတောင်းမှာ တောရ စင်္ကြန်ဆောက်လုပ်၍ ၁ ၀ါဆိုခဲ့တယ်လို့ သိရပြီး တည်နေရာ အတိအကျ ဖော်ပြထားခြင်းမရှိ၊ ဆရာတော် သီတင်းသုံးစဉ် တောင်၏ အနောက်မြောက်ရှိ ကျော်ရွာ၊ တောင်ပလူရွာ စသည်တို့ကို ဆွမ်းခံရွာအဖြစ် သတ်မှတ်ခဲ့..... လက်ပန်းတောင်းတောရစေတီမှာ မြန်မာမင်းများလက်ထက်က တည်ခဲ့ခြင်းဖြစ်၍ နှစ်ကြာသဖြင့် ပျက်စီးခဲ့ပြိး အောက်ခြေနှင့် ခြင်္သေ့လေးကောင်သာ ကျန်ခဲ့၍ မြန်မာသက္ကရာဇ် ၁၃၂၆ ခုနှစ် (ခရစ် သက္ကရာဇ် ၁၉၆၄ ခုနှစ်) တွင် ပြန်လည်တည်ဆောက်ခဲ့၊ သိမ်နေရာတွင် သိမ်တိုင် နှစ်မျိုးတွေ့၊ တစ်ခုမှာ ယနေ့ခေတ် လက်ရာဖြစ်၍ တစ်မျိုးမှာ ရှေးကျသည့် သဲကျောက်တိုက်ဖြစ်၊ လယ်တီဆရာတော်ကြီး သီတင်းသုံးခဲ့သည့် နေရာနှင့် စပ်လျဉ်း၍ ကွဲပြားချက်များ ရှိနေ၊ ရွှေမြင်တင်နှင့် ရွှေဇာလီစေတီတို့နှင့် ပါတ်သက်သည့် သမိုင်းအထောက်အထား နည်းပါး၍ ရှေးဟောင်းစေတီဟု ဆိုနိုင်ရန် ခက်ခဲကြောင်း တင်ပြထားသည်.......
ကော်မရှင် အကြံပြုချက်…..
အပိုဒ် (၈၃) အပိုဒ်ခွဲ (ဂ) မှာတော့ လယ်တီဆရာတော်ဘုရားကြီးရဲ့ တောရစင်္ကြန်ကျောင်းလို့ ခေါ်တဲ့ မြေနေရာနဲ့ အဲ့ဒိအပေါ်မှာရှိတဲ့ စေတီ၊ သိမ်ကျောင်းစတဲ့ ဗုဒ္ဓသာသနိက အဆောက်အဦးများဟာ လက်ပံတောင်း ကြေးနီစီမံကိန်းရဲ့ အလယ်ဗဟိုမှာ ရှိနေပြီး သတ္တုသိုက်ရဲ့ အဓိကနေရာဖြစ်နေတယ်လို့ ဆိုပါတယ်.... ဒါကြောင့် ရှောင်ကွင်းပြီး သတ္ထုတူးဖော်လို့ မဖြစ်နိုင်တဲ့အတွက် အဆိုပါ ဗုဒ္ဓသာသနိက အဆောက်အဦးများကို လက်ရှိအနေအထား မပျက်စေပဲ အခြားသင့်လျော်မယ့် နေရာတစ်ခုကို ပြောင်းရွှေ့ပေးဖို့ တိုက်တွန်းထားပြီး ဒေသခံ ပြည်သူလူထု၊ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ရန် အကြံပြုထားပါတယ်.....
စီမံကိန်းဟာ စနစ်တကျ အကဲဖြတ်ခဲ့သလား….
အပိုဒ် (၈၁) မှာတော့ လက်ပံတောင်းတောင် စီမံကိန်းမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေဖြစ်တဲ့ ပါတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု စနစ် (Environmental Management Plan - EMP)၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ် (Occupational Health and Safety Assessment System - OHSAS) မရှိသေးဘူးလို့ ဆိုထားပါတယ်..... ထို့အတူ အိုင်ဗင်ဟိုးရဲ့ ပါတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ချက် အစီရင်ခံစာတွေမှာလည်း ပါတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုကို ယေဘုယျအားဖြင့် ခန့်မှန်းထားပြီး ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်.....
စီမံကိန်း ဒေသဟာ ယခင်ကပင် လူအများသွားလာခွင့် ပြုထားခဲ့လေသလား….
ပုဒ်မ (၁၄၄) ထုတ်ပြန်ရခြင်းအပေါ် အပိုဒ် (၈၈) အပိုဒ်ခွဲ (ဂ) မှာ ၂ လ တစ်ကြိမ် ထုတ်ပြန်ခဲ့တာ ယခုအချိန်ထိ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ခဲ့တာ ဖေဖော်ဝါရလ ၂၈ ရက်နေ့အထိ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်..... ယခင်က သတ္ထုမိုင်း ဧရိယာအတွင်း သတ္ထုများ ခိုးယူတူးဖော်မှုများကြောင့် မြေပိသေဆုံးခြင်း၊ ခိုက်ရန်ဖြစ်ပွား၍ ဒဏ်ရာရရှိခြင်း စသည်များကြောင့်လို သိရပါတယ်...... (စကားချပ်.... မင်းဘူး ရေနံမြေမှာလည်း ပုဒ်မ ၁၄၄ သက်ဝင်လျက် ရှိပါတယ်..... ညအချိန်တွေမှာ ရေနံပန့်များမှ ထွက်သော ရေနံများကို သိုလှောင်ရာ ကန်မရောက်ခင်ကြားမှာ ပိုက်ကိုဖောက်ခိုးခြင်းများ ရှိတဲ့အတွက် MOGE ရဲများ စောင့်ကြပ်ပြီး ပစ်မိန့်ပါ တစ်ပါတည်း ရရှိထားတယ်လို့ သိရပါတယ်....)
ဆန္ဒပြမှု ဖြစ်လာခြင်းနဲ့ပါတ်သက်လို့တော့ အပိုဒ် (၉၀) မှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ကျေးရွာအချို့မှာ ရွာသူ၊ ရွာသားများက စီမံကိန်းများ ဆက်လက်မပြုလုပ်ရန် ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်.... အစပိုင်းမှာ ဘ၀လုံခြုံရေးအတွက် မြေယာလျော်ကြေး ရရှိရေး၊ ကျေးရွာများ မပြောင်းရွှေ့ရေးကိုသာ တောင်းဆိုခဲ့ကြပါတယ်..... နောက်ပိုင်းမှာ အခြားအဖွဲ့အစည်းများ ရောက်လာပြီး EIA, SIA နဲ့ Transparency ပိုင်းဆိုင်ရာတွေ ပါဝင်လာကာ စီမံကိန်းကို လုံးဝရပ်ဆိုင်းရန် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်..... (စကားချပ်..... သေရွာမှ ပြန်ထလာတဲ့ ပါဖောင်းမန့်တွေလည်း ပါဝင်ခဲ့ပါတယ်....) တာဝန်ရှိသူတွေ ကိုင်တွယ်မှု မှားယွင်းခြင်း၊ ချဉ်းကပ်ပုံ မှားယွင်းခြင်းကြောင့် ပြဿနာ မလိုလားအပ်ပဲ ကြီးမားလာတယ်လို့ သိရပါတယ်......
ဆန္ဒပြသူများဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသလား…..
လူစုလူဝေးကြီးဟာ သတ္ထုတွင်း ဧရိယာအတွင်း ကျူးကျော်ဝင်ရောက်ခြင်း၊ စီမံကိန်း တာဝန်ထမ်းဆောင်နေသည့် တရုတ်ပညာရှင် ၂ ဦးနှင် စကားပြန် ၁ ဦးတို့အား အဓမ္မခြိမ်းခြောက်၍ ဆည်တည်းရွာ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်ခဲ့ကာ မနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ထိမ်းသိမ်းထားတယ်လို့ သိရပါတယ်.... ထို့အတူ ၀က်မှေးကျေးရွာနေ လူစုမှ ခြံဝင်းတံခါးအား နှစ်ကြိမ်တိုင် ချိုးဖျက်ကာ စီမံကိန်းနယ်မြေအတွင်း ၀င်ရောက်ခဲ့တယ်လို့ သိရပါတယ်..... အခြားသော ပြင်ပအဖွဲ့အစည်းများ ပါဝင်ခဲ့ခြင်းကြောင့် နဂိုကပင် ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နယ်မြေအတွင်းမှာ သပိတ်စခန်း ၆ ခု ဖွင့်ခဲ့သည်အထိ ဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ်.....
၀၃-၀၃-၂၀၁၂ မှ စတင်၍ ဟန့်တားနှောင့်ယှက်မှု၊ ဆဲဆိုခြိမ်းခြောက်မှု၊ ဖျက်ဆီးမှုများနှင့် ဆူပူဆန္ဒပြမှုများ ၂၅-၁၁-၂၀၁၂ ရက်နေ့အထိ ၁ နှစ်တာ ကာလအတွင်း ၁၂၄ ကြိမ် ဖြစ်ပေါ်ခဲ့သဖြင့် ဦးပိုင်မှ တရားလိုပြုလုပ် တိုင်ကြားမှု ၂၂ မှု၊ ရဲမှ အမှုဖွင့်မှု ၅ မှု၊ ရွာသူ / ရွာသားများမှ ပြန်လည် အမှုဖွင့်မှု ၄ မှု အသီးသီး အပြန်အလှန် အရေးယူခဲ့ကြောင်း သိရတယ်လို့ ဆိုပါတယ်.... သို့ဖြစ်သည့်အတွက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေဟာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ခွင့်ပြုမိန့်လျှောက်ထားခြင်းမပြုခဲ့ပဲ ၃-၃-၂၀၁၂ မှ ၂၅-၁၁-၂၀၁၂ အထိ ကာလအတွင်း ၁၂၄ ကြိမ်ခန့် ဆူပူဆန္ဒပြခဲ့ကြောင်း၊ ၀မ်ပေါင် ကုမ္ပဏီဝန်းကျင်တွင် ဥပဒေနှင့် ဆန့်ကျင်သော သပိတ်စခန်း ၆ နေရာ ဖွင့်လှစ်ဆန္ဒပြခဲ့မှုဟာ ၁၇-၁၁-၂၀၁၂ မှ ၂၉-၁၁-၂၀၁၂ ရက်နေ့အထိ ၁၃ ကြိမ် ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်.....
ရဲတပ်ဖွဲ့မှ အရေးယူမှု…..
ရဲတပ်ဖွဲ့မှ အရေးယူမှုနဲ့ ပါတ်သက်လို့ ၂၇-၁၁-၂၀၁၂ နေ့ ည ၁၂ နာရီ နောက်ဆုံးထား ဖျက်သိမ်းဖို့ မြန်မာ့ရုပ်မြင်သံကြားမှ ကြေငြာခဲ့ပြီး ၂၉-၁၁-၂၀၁၂ ရက်နေ့ နံနက် ၀၃း၀၀ နာရီအချိန်မှာ လူစုခွဲခဲ့တယ်လို့ ဆိုပါတယ်..... မူလက မျက်ရည်ယိုဗုံးများ ပစ်၍ ရှင်းလင်းဖယ်ရှားသော်လည်း လူစုခွဲထွက်ခွာမှုမရှိပဲ အင်အားစုစည်းနေသဖြင့် အမှတ် ၁၆ ရဲတပ်ရင်းမှူးမှ မိးခိုးဗုံးများသုံးစွဲ၍ အနီးကပ် ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရှိရတယ်လို့ ဆိုပါတယ်.... မီးခိုးဗုံး အလုံး ၁၀၀ အနက် ၅၅ လုံးသာ သုံးခဲ့တယ်လို့ ဆိုပါတယ်..... မြန်မာနိုင်ငံရဲချုပ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးတို့ တင်ပြချက်အရ နံနက် ၃ နာရီအချိန်မှာ ဆန္ဒပြမှုများကို ဖယ်ရှားရန် ဆောင်ရွက်ခဲ့တာဟာ သပိတ်စခန်းအတွင်း လူစုလူဝေး အနည်းဆုံးအချိန် ဖြစ်တဲ့အတွက် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း ဆိုပါတယ်.....
လူ၊ ရဟန်း သံဃာများ မီးလောင်ဒဏ်ရာ ရရှိမှု…..
ကော်မရှင်မှ စမ်းသပ်ချက်အရ အဆိုပါ မီးခိုးဗုံးများဟာ ပိုလီယက်စတာ မိုးကာစများနှင့် တွေ့ထိပါက မီးလောင်နိုင်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်.... ထို့အတူ ရဲတပ်ဖွဲ့ဝင်များဟာလည်း မီးခိုးဗုံးနှင့် ပါတ်သက်၍ အတွေ့အကြုံ အားနည်းခြင်း၊ ထိတွေ့အသုံးပြုခဲ့မှု မရှိခြင်းတို့ကြောင်း ပစ်ခတ် အသုံးပြုရာတွင် သဘောသဘာဝ၊ အကျိုးသက်ရောက်မှုနှင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုး အန္တရာယ်များကို မသုံးသပ်နိုင်ခြင်း၊ ဖြစ်စဉ်တွင် ဆူပူဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့မှာ နီးကပ်ပြီး လူအုပ်စုနှင့် သံဃာထုမှာ တာပေါ်လင်မိုးကာ အမိုးအောက်မှ ရှောင်ထွက်ခြင်းမပြုပဲ ထိုင်မြဲထိုင်နေခြင်း၊ အိပ်နေခြင်းတို့ကြောင့် လျင်မြန်စွာ ထွက်ခွာနိုင်မှု မရှိ၍လည်းကောင်း၊ မဏ္ဍပ်မှာ တာပေါ်လင် မိုးကာစများ မိုးထားသဖြင့် မီးခိုးဗုံးမှ ထွက်ရှိသော မီးစများကြောင့် မိုးကာစများ အကွင်းလိုက် မီးလောင်ပြီး ပလတ်စတစ်အပူရည်များ ပျော်ကျကာ မဏ္ဍပ်အောက်ရှိ သံဃာတော်များ၏ သင်္ကန်းများ၊ ဂွမ်းစောင်များ၊ မြေယာခင်းများအပေါ်သို့ ကျရောက်မီးလောင်ခြင်းတို့ ဖြစ်စေခဲ့ကြောင်းလို့ ဆိုထားပါတယ်....
ကော်မရှင်၏ အကြံပြုချက်…..
သို့ဖြစ်သည့်အတွက် ကော်မတီကတော့ အပိုဒ် (၉၂) မှာ လူစုလူဝေးခွဲရာတွင် သုံးစွဲရန် ရည်ရွယ်သည့် မည်သည့်ပစ္စည်းကိုမဆို ကြိုတင်စမ်းသပ်သင့်ကြောင့်၊ ဘေးထွက်ဆိုးကျိုးကို လေ့လာသင့်ကြောင်း လိုအပ်လျင် လိုအပ်သလို ပြည်တွင်းတွင်လည်းကောင်း၊ ပြည်ပထွက်၍ လည်းကောင်း လေ့ကျင့်သင်ကြားစေသင့်ကြောင်း အကြံပြု တင်ပြခဲ့သည်.... ထို့အတူ အဓိကရုဏ်းနှိမ်နှင်းမှု လေ့ကျင့်ခြင်းကို မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံတကာအကူအညီ ရယူ၍လည်းကောင်း အမြန်စတင် လေ့ကျင့်သင့်ကြောင်း၊ အဆင့်မြင့် နိုင်ငံခြား သင်တန်းများလည်း စေလွှတ်သင့်ကြောင်း အကြံပြုထားပါတယ်.....
အပိုဒ် (၉၃) အပိုဒ်ခွဲ (ခ) မှာတော့ ကော်မရှင်ဟာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ပါတ်သက်ပြီး အဆိုပါ ဥပဒေကို အများပြည်သူ သိရှိနိုင်ရေး၊ လိုက်နာနိုင်ရေး ဆောင်ရွက်မှုအားနည်းကြောင်း၊ သို့ဖြစ်သည့်အတွက် လူထုအား ပညာပေးခြင်း၊ ပို့ချခြင်းများ ဆောင်ရွက်သင့်ကြောင်း..... ငြိမ်းချမ်းစွာ စုဝေးခွင့်အား လျှောက်ထားလာပါက နည်းဥပဒေပုဒ်မ ၁၆ နှင့်အညီ ဥပဒေများအား မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်း မပြုသင့်ကြောင်း၊ ငြိမ်းချမ်းစွာ စုဝေးခွင့်အား ခွင့်ပြုသည်မှာ ရဲတပ်ဖွဲ့ ဖြစ်နေပြီး အဓိကရုဏ်းဖြစ်လာပါက ဖြေရှင်းမရမှာလည်း ရဲတပ်ဖွဲ့ပင် ဖြစ်နေသည်မှာ မသင့်သဖြင့်လည်း ဥပဒေကို လိုအပ်သလို ပြင်ဆင်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်.....
နိဂုံးချုပ်……
ကော်မရှင်ရဲ့ အစီရင်ခံစာကို အကြမ်းမျဥ်း ပြန်လည် အကျဉ်းချုပ်ထားတာပဲ ဖြစ်ပါတယ်…. အသေးစိတ်ကို ဖတ်ရှုရမှာ ပျင်းသူများ၊ လိုချင်သည့် အချက်အလက်သာ သိလိုသူများအတွက် ရည်ရွယ်ပါတယ်…… စိတ်ဝင်စားမိတာကတော့ မူလ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နယ်မြေမှာ ဆန္ဒပြဖြစ်လာအောင် လှုံ့ဆော်ခဲ့သူများကို မည်သို့မည်ပုံ အရေးယူမလဲ ဆိုတာပါပဲ…… လူသေမှ ဖုတ်ဝင်လာသည် ဆိုသည့် ပါဖောင့်မန့်မျိုး ပြလာကတည်းက ထိုကိစ္စ မရိုးတော့မှန်းလည်း သဘောပေါက်ခဲ့ပါတယ်….. ထို့အတူ အစားထိုး နေအိမ်များ ဆောက်လုပ်ပေးရာမှာ စံချိန်စံညွှန်းမကိုက်ညီခြင်းနဲ့ ပါတ်သက်ပြီး မည်သို့မည်ပုံ ပြန်လည် ဆောင်ရွက်ကြမလဲ၊ ခွက်စောင်းခုတ်ကြမလဲ စိတ်ဝင်စားမိပါတယ်….. လယ်တီဆရာတော် စံတော်မူခဲ့တဲ့ ကျောင်းကိုလည်း မူလပုံမပျက် ပြောင်းရွှေ့မှာကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေမိပါတယ်……
အားလုံးထက် ပိုမိုစိတ်ဝင်စားတာကတော့ လယ်တီစံကျောင်းနဲ့ စေတီ ပြိုပါပီဆိုပီး သတင်းထုတ်ခဲ့တဲ့ ဒီဗီဘီ၊ သံဃာတော်တွေ မီးလောင်တိုက် အသွင်းခံရလို့ သေကုန်တာ ဘယ်နှစ်ပါးဆိုပီး ပြောခဲ့တဲ့ အွန်လိုင်းမီဒီယာက မမ တစ်ယောက်အပြင်၊ အခြား အခြားသော တာဝန်ယူမှုမရှိ၊ သတင်းမှန်ကို မတင်ပြခဲ့တဲ့ မီဒီယာတွေ အဆိုပါ အစီရင်ခံစာနဲ့ ပါတ်သက်ပီး ဘာများ ဝေဖန်လာမလဲ အထူးပဲ စိတ်ဝင်စားမိပါတယ်…..
ယခင် ရေးခဲ့သော စီမံကိန်းကြီးများနဲ့ မစည်ပင်နိုင်တဲ့ ကျွန်တော်တို့နိုင်ငံ

No comments:
Post a Comment